စကာၤပူနိုင္ငံမွာ
တစ်ပတ်တာလုံး မီးခိုးငွေ့တွေ ဖုံးလွှမ်းပြီးမဲမှောင်နေတော့ အပြင်မထွက်ပဲ
အိမ်တံခါးအလုံပိတ်၊ အဲကွန်းတွေ အကုန်ဖွင့်ပြီး အိမ်ထဲမှာ ခြေငြိမ်နေခဲ့တယ်။
လူဆိုတာက ခက်သား...။
စားသောက်ခြင်း
၊ အိပ်စက်ခြင်း အမှုကို မပြုမဖြစ်၊ ပြုရသည်ချည်း။ အိမ်ထဲအောင်းပြီး
ငြိမ်နေတယ် ဆိုတာတောင် စားသောက်စရာ ပြည့်စုံမှ ငြိမ်နေနိုင်မှာလေ။
စားသောက်စရာ မရှိရင် ဘယ်လိုလုပ် အိမ်တွင်းပုန်းပြီး ငြိမ်နေနိုင်မှာလဲ။
မီးခိုးငွေ့တွေကလဲ
တစ်ပတ်တာ အချိန်မျှ ကြာခဲ့ပြီဆိုတော့ တစ်ပတ်လုံးလုံး အပြင်မထွက်ပဲ
ချက်စား၊ပြုတ်စားခဲ့လေတော့ အိမ်ထဲက ရေခဲသေတ္တာထဲမှာ ရှိတာလေးလဲ
ပြောင်ကုန်ပြီ...။ စနေနေ့လည်း ရောက်ပြီဆိုတော့ အပြင်ကို မထွက်မဖြစ် ထွက်ကာ
တစ်ပတ်စာဈေးဝယ်ထွက်ရပေအုံးမည်။
ဘတ်စ်ကာ (၄) မှတ်တိုင်စာ ဝေးသည့်
ဈေးသို့ ဈေးဝယ်တွန်းလှည်းလေး ဆွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါသည်။
ပုံမှန်အားဖြစ် မနက်ပိုင်း လေ့ကျင့်ခန်းလေးအဖြစ်နှင့်သာ ဈေးဆီသို့
ကားမစီးဘဲ လမ်းလျှောက်သွားလေ့ရှိသည်။
ဒီမနက်တော့ မီးခိုးငွေ့တွေက
ဖုံးလွှမ်း၊ ပူကလဲပူ ၊ ကားမှတ်တိုင်ရောက်တဲ့ အချိန် ကားကလဲ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ ကားပေါ်တက်ထိုင်ရင်း ဈေးထဲသို့
လိုက်သွားခဲ့မိသည်။
ပြွတ်သိပ် မွန်းကြပ်နေပြီး ၊တိုးကာဝေ့ကာ
ကွေ့ဝှိုက်ရှောင်နေရသည့် စနေနေ့ရက်များ၏ ဈေးမြင်ကွင်းမှာ ယနေ့တော့
တစ်သီးတစ်ခြား ကွဲပြားကာ ခြောက်သွေ့လွန်းလှသည်။ လူတိုင်းကိုယ်စီ၏
မျက်နှာများမှာလဲ N 95 Mask များနှင့် မည်သူ ၊မည်ဝါဆိုတာတောင် သဲကွဲစွာ
မှတ်မိခြင်းမရှိ။
ဒီနေ့တော့ အရင်ကလို ဈေးထဲမှာ စိမ်ပြေနပြေ
လှည့်နေ၍ မဖြစ်။ ဝယ်စရာရှိသည်များကို သုတ်သုတ်ဝယ်ကာ အိမ်ကို ပြန်ရန်
ခြေသုတ်နှင်ခဲ့ရသည်။ ကံလေးက အနည်းငယ် ဆိုးနေပြန်သေးတော့ ကားမှတ်တိုင်ရှေ့
ရောက်ခါနီးလေးမှာမှ မေစီးရမည့် ကားလေး ထွက်သွားသည်ကို
ကားနောက်မြီးလေးကြည့်ရင်း မြင်တွေ့ခွင့်ရလိုက်သည်။
(၁၅) မိနစ်တာ
ထပ်စောင့်ရမည့် နောက်ထပ်ကားတစ်စီးကို မီးခိုးငွေ့တွေကြားမှာ
ထပ်ပြီးစောင့်နေရမည့်အတူတူ ထိုအချိန်ကာလက အိမ်ကို လမ်းလျှောက်ပြန်လျှင်လဲ
အိမ်ပြန်ရောက်နိုင်သည့် လုံလောက်သည့် အချိန်ကာလမို့ အိမ်ကို
လမ်းလျှောက်ပြန်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။
ခြေလှမ်းအစနှင့်
အိမ်ပြန်ခရီးမှာတော့ သိပ်ပြီးထူးခြားမှုမရှိ။ ခြေလှမ်းကို မြင့်တင်ပြီး
ကားတစ်မှတ်တိုင်စာ ကျော်ကျော်လေးကို ရောက်ရှိချိန်မှာတော့
ပူလောင်ခြင်းအရသာကို စတင်ခံစားမိလေပြီ။
ထိုပူလောင် အိုက်စပ်ခြင်းမှာ
ရာသီဥတု ပူလောင်အိုက်စပ်ခြင်းမျိုးမဟုတ်ပဲ ၊ မီးပုံနဘေး မီးလှုံနေရသကဲ့သို့
ပူစပ်ပူလောင်။ အင်ဒိုနီးရှားမှာ လောင်တဲ့မီး ၊ စကာင်္ပူစီ မီးခိုးငွေ့
ချီယုံလေးမျှဖြစ် မီးအပူရှိန်က လေထုထဲမှာ ရောယှက်နေခဲ့သည်။
ပထမဦးစွာ
ရှေ့ရင် PSL တွေ မြင့်တက်နေပါလျှက် အပြင်ထွက်ပြီး အလုပ်လုပ်နေရသည့်
အလုပ်လုပ်သူတွေကို အတိုင်းအဆမရှိ သနားမိခဲ့သည်။ မေကမှ တစ်နာရီကြာမျှ
ဈေးဝယ်ချိန် (၁၅) မိနစ်တာမျှ လမ်းလျှောက်ချိန်လေးမှာ ဤရွေ့၊ဤမျှ
ပူလောင်နေလျှင် ၊တစ်နေကုန်နီးပါး အပြင်ထွက်ပြီး အလုပ်လုပ်နေသည့်
လုပ်သားများ မည်မျှ ပူလောင်နေမည်လဲ။
ရှေ့ရက်တွေတုန်းက
သူငယ်ချင်းတစ်ယောက်ကတော့ ညီးညူတာ ကြားခဲ့ဖူးသည်..။ ပုဝါကို
ရေစွတ်ပြီးအုပ်တာ ခဏလေးနဲ့ ခြောက်လို့ အလျှင်မှီအောင် ပုဝါ နှစ်ထည် သုံးထည်
ရေစွတ်စွတ်ပြီး အလုပ်လုပ်နေရတာလို့။ ခုလို အပြင်ထွက်ချိန်မှပဲ သူတို့
ခံစားရသည့် အပူမီးကို သေချာခံစားတွေးကြည့်နိုင်တော့သည်..။။
ထိုခဏတာမှာပဲ
စိတ်က အာရုံတစ်ခုစီ ရောက်သွားခဲ့မိသည်။ အင်ဒိုနီးရှားနှင့် စကာင်္ပူသည်
နီးသည် ဆိုပေမဲ့ ဝေးနေသေးသည်။ ဆူမာထြာ မှာ လောင်သည့် တောမီးသည် စကာင်္ပူထိ
မကူးစက်နိုင်ချေ။ ပင်လယ်ရေပြင်ကြီး ခြားနေသေးသည်။ လေနှင်ရာ ရွှေ့လျားနေသည့်
မီးခိုးငွေ့တွေကသာ ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ သူနှင့်အိမ်နီးချင်း
စကာင်္ပူသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မီးခိုးငွေ့တွေနှင့်အတူ ပြာမှုန့်များက
ကပ်ပါလာသည်...။ ပင်လယ်ပြင်ကို ဖြတ်ကျော်လာခဲ့သည့် အပူရှိန်သည်
မဆိုစလောက်လေးမျှသာ ကျန်နေခဲ့တော့မည်။
ယခုကဲ့သို့ မဆိုစလောက်လေး
ကျန်နေသေးသည့် အပူရှိန်ပင်လျှင် ဤမျှလောက် ပူစပ်ပူလောင်ဖြစ်နေလျှင်
တငြီးငြီးနှင့် တောက်လောင်နေသည့် မီးသည် မည်မျှ ပူလောင်လိုက်မည်နည်း။
ငရဲပြည်မှ ငရဲသားများ မည်မျှ ပူလောင်ကြမည်နည်း။ ထိုအပူမီးကို တွေးဆကာ
ကြောက်ရွံ့လာခဲ့မိသည်။ ငရဲသားများ၏ ဘဝကို စာနာသနားခဲ့မိသည်။
မီးခိုးငွေ့များနှင့်
စကာင်္ပူနိုင်ငံ၏ ခဏတာ အချိန်ခါသည် မေ့အဖို့ သဘာဝဘေးဟု မတွေးဖြစ်ခဲ့ပဲ
ငရဲပြည် အတိတ်နမိတ်ပုံလေလားလို့ တွေးကြည့်ခဲ့ရင်း ကြောက်ရွံ့
ထိတ်လန့်စိတ်များနှင့်အတူ မေ့ရဲက နက်ဖြန်များကို ဆထက်တန်ပိုး ၊
ပိုလို့တိုးအောင် ကောင်းမှုများဖြစ်သာ ဖြတ်သန်းနေတော့မည်ဟု
ယတိပြတ်ဆုံးဖြတ်ခဲ့မိလေသည်။
... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ငရဲကိုကြောက် ဒုက္ခပျောက်ဖို့ မျက်မှောက်ကာလ တစ်ခနမှာ မေတ္တာစိတ်ထား ပွားများနိုင်ရေး အသိပေးတဲ့ စာ ...
ReplyDelete