This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Showing posts with label ဝတ္တုတို. Show all posts
Showing posts with label ဝတ္တုတို. Show all posts

Saturday, 6 October 2012

နောက်ဆုံး အခွင့်အရေးလေးပေးပါ.

“ဒိန်း”
တခြားအသံတော့ မဟုတ်ရပါ..။ လေယာဉ်ဘီးနှင့်မြေပြင်ကြီး ထိတွေ့ သံပါ...။ထိုအသံကြောင့် လှုပ်ရှားနေသော သံစဥ့် ရင်တွေ ပို၍ မြန်ဆန်စွာ ခုန်လာပါတော့သည်...။ကိုယ့်ရင်ခုန်သံကိုတောင် ကိုယ်ကိုယ်တိုင် ကျယ်လောင်စွာကြားနေမိသည်..။ လှုပ်ရှားနေသော ရင်နှင့်အတူ လူကလဲ အငြိမ်မနေနိုင်ပါ...။ လူက ထိုင်ရမလို ထရမလိုနှင့်...။လေယာဉ်ကြီးရဲ့  အသွားနှုန်းက မရပ်သေး၍ ထ၍ မရသေး...။ ကြာလိုက်တာလို့  စိတ်က တွေးနေမိသည်..။ ဖင်တစ်ကြွကြွနှင့် ဖြစ်နေသော သူမကိုယ်သူမ ဘေးဘီးက လူတွေများ အမြင်ကပ်မလားလို့  ရုတ်တရက် အတွေးဝင်လာ၍ ခုမှ ဘေးဘီးကို အလျှင်အမြန် အကဲခတ်မိသည်..။ကိုယ့်ဘေးမှ လူတွေကလဲ ကိုယ့်လိုပဲ စိတ်လှုပ်ရှား နေကြ၍ထင်၏..။ သူမဖြစ်နေပုံကို သတိပြုမိပုံမရ...။လေယာဉ်မယ်က ဆင်းခွင့်ပြုသည်နှင့် အားလုံး၏ ရှေ့ မှ သူမ အလျှင်အမြန် ပြေးထွက်လိုက်သည်...။

ကို့  ကို သူမတွေ့ ချင်လှပြီး...။ မတွေ့ ရသည့် နှစ်နှစ်အတွင်း ကိုဘယ်လိုများပြောင်းလဲနေပြီးလဲ မသိ..။ပိန်များပိန်လာလား..ပိုပြီးတော့များဝလာမလားတော့ မသိပါ..။ ကို့ ကို အရမ်းလွမ်းတာပဲလို့  ကို့ ရင်ခွင်မှာ ခိုဝင်ပြီး ပြောလိုက်ချင်သည်...။

စိတ်လောနေ၍ အမြန်ဆုံး အပြင်ကိုရောက်နေသော သူမကို အစောင့်များက တော်ယုံနှင့် သွားခွင့်မပြုပါ..။တော်တော်ကြာသည် အထိ တိုးရှိုးတောင်းပန်ကာ အကြိမ်ကြိမ် ခွင့်တောင်းမှ နောက်ဆုံးတွင် ထို လေဆိပ်ကြီးမှ သူမ ထွက်ခွင့်ရခဲ့သည်...။ဘာပဲပြောပြော ခုလို သူမကို သွားခွင့်ပြုတာကိုပင် သူမ အလွန်ကျေးဇူးတင်မိပါသည်...။

မှန်နံရံနှင့်ကာရံထားသော ထိုနေရာလေးမှ ထွက်ခွင့်ရသည်နှင့် ကြိုဆိုသူမရှိသည်မှာသေချာနေသော သူမ ကားငှားရာသို့ သွား၍ တွေ့ ရာကားကို အမြန်ဆုံးငှားကာ ကို ပေးထားခဲ့ဖူးသော လိပ်စာကို ရွတ်ပြ၍ စေလိုရာကို ညွန်လိုက်တော့သည်..။

“သံစဉ်ရဲ့ ရင်တွေ အရမ်းခုန်နေတယ် ..ကို”

တစ်ကိုယ်တီး တီးတိုးငြီးဆိုမိ၏...။သံစဉ်ပြန်လာမှာကို ကို့ ကို အသိမပေး...။သံစဥ့်ကို ရုတ်တရက် တွေ့ လိုက်လျှင် ကို အံ့သြဝမ်းသာသွားမှာ သေချာပါသည်...။
တိတ်တိတ်လေး ကိုမသိအောင် ခိုးပြန်လာတဲ့ သံစဉ်ကို

“ဘာလို့ ကြိုမပြောတာလဲ သံစဉ်ရယ်..သံစဉ်ကြိုပြောရင် ကို လာကြိုမှာပေါ့”

လို့  မချင့်မရဲ လေသံနှင့်ပြောမှာ သေချာပါသည်...။

သံစဉ်နှင့် ကို သည် မြန်မာပြည် မဟုတ်သော အခြားနိုင်ငံ တစ်နိုင်ငံတွင် ဆုံဆည်းကြသည်....။ မိဘနှစ်ပါးလုံး ရှေ့ ဆင့်နောက်ဆင့် ဆုံးသွားသော သံစဉ်သည် တရွာမပြောင်း သူကောင်းမဖြစ် ဆိုသည့် စကားပုံကို လက်ကိုင်သုံးလျှက် မိဘတို့  ထားခဲ့သည့် အိမ်နှင့်ခြံကို ရောင်းကာ တိုင်းတစ်ပါးတွင် အခြေချရန် စိတ်ကူးနှင့် အမိမြေမှ ထွက်ခွာခဲ့သည်..။တစ်ကောင်ကြွက်များဖြစ်ကြတဲ့ မိဘ နှစ်ပါးကြောင့် သံစဉ်မှာ ဆွေမျိုး အရင် အခြာ မရှိခဲ့ပါ..။ထို့ ကြောင့် ဘဝတိုးတက်ရေးအတွက် သံစဉ်က တိုင်းတပါးကို သံယောဇဉ်ပြတ် ထွက်ခွာသွားရခြင်းပါ..။ကိုနှင့် မဆုံခင် အချိန်ထိပေါ့...။

>>>>>>>>>>>>>>>>>>>>>>>>@@@@@@@@@@@@@@@@@>>>>>>>>>>>>>>>


ကိုယ့်ကိုကိုယ် ရဲရင့်လှပြီး ထင်ပေမဲ့ ရေခြားမြေခြား ဆွေမျိုးများအလည်မှာ မဝံ့မရဲ ဖြစ်နေသော သံစဉ်သည် ကိုနှင့်အမှတ်မထင် ဆုံမိရာမှ ရင်းနှီး ကျွမ်းဝင်လာပြီး ကို့ ရဲ့  ကူညီ ဖေးမမှုများနှင့် ရှေ့ ဆက်ရတဲ့ နေ့ တွေက များလာခဲ့သည်..။ထိုမှ တဆင့် ကို့ ရဲ့  တည်ငြိမ်ရင့်ကျက်ခြင်း တစ်ချို့  ကြောင့် ရင်ခုန်မှုတွေ ပိုလာကာ ....။ ကိုကလဲ သံစဉ်နှင့် ထပ်တူဖြစ်၍ မကြာခင်မှာပဲ သံစဉ်တို့  နှစ်ယောက် ချစ်သူ အဖြစ်သို့  ရောက်ရှိသွားတော့သည်..။
ချစ်သူဖြစ်ပြီး တစ်နှစ်လောက်အကြာတွင် ကိုက..

“သံစဉ်...ကိုတို့ တွေ ဒီမှာတော့ တစ်သက်လုံး မနေနိုင်ဘူး..။ကိုယ့်နိုင်ငံလေးမှာပဲ အခြေပြန်ချရအောင်နော်...”
ဆိုတဲ့ စကားပြောလာတော့သည်...။ကို ဘာပြောပြော ကို့ ကို ချစ်ခဲ့သော သံစဉ်က

“ဟုတ်ကဲ့ ကို”

ဆိုသော စကားတစ်ခွန်းက လွဲလျှင် ဘာပြောမည်နည်း...။ ထို့ ကြောင့် ကို့ အစီအစဉ်အတိုင်း ကိုက အရင်ပြန်သွားခဲ့သည်..။ကိုပြောခဲ့သည်က...

“သံစဉ်...ကိုတို့ နှစ်ယောက်လုံး တူတူ့ပြန်ပြီး ရောက်တာနှင့် လက်ထပ်ရင် အဆင်မပြေနိုင်ဘူး..။ဒီတော့ ကို အရင်ပြန်ပြီး စီးပွားရေး လုပ်ငန်း တစ်ခုခု အရင် ပြန်လုပ်မယ်...။ အခြေကြပြီးဆိုတာနဲ့  သံစဥ့်ကို
လှမ်းခေါ်လိုက်မယ်...။အဲ့ဒီတော့မှ ကို တို့လက်ထပ်ကြမယ်နော်...”

ထိုသို့ ပြောပြီး ပြန်သွားခဲ့သော ကိုသည် အမိမြေသို့  ရောက်သည်နှင့် သူကြံရွယ်ထားသည့် စီးပွားရေး ကို စတင်လုပ်ကိုင်ပါတော့သည်..။ အခြားတော့ မဟုတ်ပါ..။သံစဉ်တို့ နှစ်ယောက် ကြိုတင် ကြံရွယ်ထားသည့်အတိုင်း ခြံစိုက်ခြင်း အလုပ်ပင်ဖြစ်သည်..။

“အပင်တွေ စိုက်ရတာကို သံစဉ်ရော ကိုပါ နှစ်သက်တယ်...။ ကိုတို့ နှစ်ယောက်လုံးက အပင်လေးတွေကို ချစ်တယ်..။အဲ့ဒီ အလုပ်က အသက်ကြီးတဲ့အထိ ကိုတို့ နှစ်ယောက် စိတ်အေးအေး ချမ်းချမ်းနဲ့  လုပ်နိုင်တယ်..။ သံစဉ်က ပန်းလေးတွေနဲ့  စကားပြောရတာ ပျော်တယ်မဟုတ်လား..။ကိုက သံစဉ်ချစ်တဲ့ ပန်းလေးတွေ စိုက်မယ်လေ..။

ဆိုပြီး ပြောသွားတဲ့ ကို ၊ အမိမြေကို ပြန်ရောက်သည်နှင့် မှော်ဘီဘက်မှ စိုက်ခင်းတစ်ချို့ ကို ဝယ်ကာ လုပ်ငန်း စပါတော့သည်..။သံစဥ့်ဆီကိုလဲ အမြဲတစေပင်

“သံစဉ်ရေ..ကိုတော့ ဘာတွေ ဘယ်လို လုပ်နေပြီး”

ဆိုတာကို အမြဲတမ်း စဉ်ဆက်မပျက် သတင်းပေးလျှက်ရှိသည်..။ပန်းမျိုးဝယ်တာက အစ အလုပ်သမားငှားတာ အဆုံး ဖုန်းဆက်၍တမျိုး မေးလ်ပို့ ၍ တစ်ဖုံ သံစဥ့် မျက်စေ့ထဲ မမြင်ရယုံ တမယ် ကို့ အပြောနှင့် စိတ်အာရုံမှာ မြင်ယောင်နေမိ၏..။ ကို့ ကို တွေ့ ရန် စိတ်လောနေသော ကို့ ကို ပြောချင်သော စကားများကို တတွတ်တွတ်နှင့် ပြောနေသော သံစဉ်အား သံစဉ်ငှားစီးလာသော ကားသမားမှာ လှည့်ကြည့် လှည့်ကြည့်နှင့် သူ့ ကိုသူပဲ မယုံနိုင်သလိုလို တွေးတွေးငေးငေးနှင့်..။ သူ့ ဘာသာသူ ဘယ်လိုထင်ထင် သံစဉ် ဂရုမစိုက်ပါ..။အရေးကြီးတာ ကို့ ဆီ အမြန်ရောက်ဖို့ ပါပဲ..။ ဟော...ဟိုရှေ့ က ခြံကလေးပဲ..။ကို ပေးထားတဲ့ လိပ်စာ အတိုင်းဆို အဲ့ဒီခြံကလေးပဲပေါ့..။


>>>>>>>>>>>>>>>>@@@@@@@@@@@@@@>>>>>>>>>>>>>>>>>>>>


“ကိုရေ...သံစဉ်ပြန်လာပြီး...”
ရင်ထဲကနေ ဟစ်အော်နေမိသည်..။ကားရပ်တာနှင့် ကားပေါ်က အမြန်ဆင်းပြီ ကို့ ခြံထဲဆီသို့  အပြေးလှမ်းမိတော့သည်..။ပြေးလာသော သံစဉ်ရင်ဘတ်အား အစောင့်ဆိုသူက တွန်းလွတ်လိုက်သည်..။

“ဝင်ခွင့်မရှိတဲ့”

ဘာလို့  ဝင်ခွင့် မရှိရမှာလဲ..သံစဉ်က ကို့  ချစ်သူလေ..။သို့ သော်သူက ဝင်ခွင့်မပြုပါ..။အမျိုးမျိုးတောင်းပန်သော်လဲ မရ..။ ကို့  ချစ်သူပါလို့  တွင်တွင်ပြောတော့မှ ကို့ ရဲ့ 

“ခွင့်ပြုချက်ပါမှ ခွင့်ပြုမယ်”
တဲ့...။

“အိုးးးးးး ကိုမသိအောင် ၊ ကို့ ကို အံ့သြ သွားအောင် လုပ်ပါမယ်ဆိုမှ ဘယ်လိုလုပ်ခွင့်ပြုချက်က ယူရမလဲနော်..။ ဟွန်း...ကိုကလဲ ကြီးကျယ်လိုက်တာ.။ ခြံစောင့်ကို ဒီလို မှာထားရတယ်လို့ ..။ခုတော့ ခြံစောင့်က ကို့ ချစ်သူဆိုတာတောင်မှ ဝင်ခွင့်မပြုဘူး”

နောက်ဆုံးတော့ တစ်တွင်တွင် တောင်းပန်သံကြောင့် ခြံစောင့်မှာ သံစဥ့်ကို ခြံတွင်းသို့  ဝင်ရောက်ခွင့် ပြုလိုက်၏...။ အိုး...ဝမ်းသာလိုက်တာ..။သံစဉ် ကို့ ကို တွေ့ ရတော့မယ်..။

အယ်...ဟိုမှာ ကို..။ သံစဉ် ကို့ ကို တွေ့ သွားပြီ..။ အလုပ်သမားတစ်ချို့ကို ညွန်ကြားနေသော ကို...။ အသားနည်းနည်းညိုလာတာက လွဲလို့  ဘာမှ မပြောင်းလွဲ...။နေအုံး...ပြောင်းလဲသွားတာ နောက်တစ်ခုက ကို့ မျက်နှာသည် အရင်တုန်းကလို ပြုံးချိုခြင်းမရှိ..။သံစဥ့်အထင် အနည်းငယ်ညှိုးငယ်နေသည်..။

“ကို..ဘာဖြစ်လို့ လဲဟင်..။ခြံထဲမှာ ပိုးကျလို့ လား..။”

တစ်ခါတရံ ကိုပြောခဲ့ဖူးသည်..။ခြံထဲမှာ ပိုးကျသည့် အခါမျိုးတွင်တော့ စိတ်ညစ်တယ် သံစဉ်ရယ် ..ကိုလဲ ပိုပင်ပမ်းတာပေါ့ ဆိုတာကြောင့်၊ ခု ကို့ မျက်နှာ ညှိုးငယ်နေခြင်းမှာ ခြံထဲတွင် ပိုးကျနေ၍များလား..။ ကိုဆီသို့  အမြန်ပြေးသွားမည် ကြံရွယ်လိုက်သော ခြေလှမ်းကို ရုတ်တရက် ရပ်လိုက်ပြီး...

“နေအုံး...ကိုမသိအောင် ခြံထဲ အရင်လိုက်ကြည့်လိုက်အုံးမယ်..။ဒါမှ ကိုပြောမှ ကိုဘာပြောမလဲဆိုတာ သံစဉ်သိပြီးသားဆိုပြီး ကို့ ရှေ့ ကနေ ကြိုပြီးပြောနိုင်မှာ..။”

ဆိုတဲ့ စိတ်ကူလေးနှင့် ကိုခြံထဲ လှည့်ပတ်ကြညိ့မိသည်..။
အိုးးးးးးးးးးးးးး ကြည့်စမ်း နှင်းဆီခင်းကြီး..။အရောင်စုံလှတဲ့ နှင်းဆီခင်းကြီးကြောင့် သံစဉ်မှာ ကလေးလေးတစ်ယောက်သဖွယ်ပျော်ရွှင်သွားသည်..။ကိုပြောဖူးတဲ့ သံစဉ်ကြိုက်သည့် ရေမွှေးနှင်းဆီတွေ ပိုများတယ်ဆိုတဲ့ နှင်းဆီပန်းခင်း..။လိပ်ပြာလေးတွေက ဟိုဒီ ပျံဝဲလို့ ..။သံစဉ်လိပ်ပြာလေးတွေကိုချစ်တယ်..။ ပန်းဝတ်ရည်တွေကို စုပ်ယူနေတဲ့ ပျားနှင့် ပိတုန်းကိုတော့ သံစဉ်ကြောက်၏။။သူတို့ ၏ ပြင်းထန်လှသော အဆိပ်နှင့်သံစဉ်ငယ်ငယ်က အကိုက်ခံခဲ့ရဖူးသောကြောင့်ဖြစ်သည်..။

ကြည့်စမ်းးးးးးးး ဒီဘက်မှာက ဂန္ဒာမာပန်းခင်းကြီး..။အပွင့်တွေက စွင့်ကားနေတာပဲ...။တော်လိုက်တဲ့ ကို...။သေချာကို ပြုစုထားနိုင်တယ်..။

နေအုံးးးးးးဒီဘက်မှာက စံပယ်ပန်းခင်းကြီးပဲ..။ကို သံစဉ်ကိုပြောတယ်လေ..။သံစဉ် ပြောထားခဲဖူးတဲ့  “ပန်းတွေထဲမှာ စံပယ်ပန်းအနံ့ ကို အကြိုက်ဆုံး..။စံပယ်ပန်းအနံ့ က ရင်ထဲကို အေးသွားတာပဲ” လို့ ပြောခဲ့ဖူးတဲ့ စကားကြောင့် ကို စံပယ်တွေလဲ အများကြီးစိုက်တယ်တဲ့..။

အင်းးးးးးးးး.ဒီဘက်မှာက သစ်ခွခြံပဲ... များလိုက်တဲ့ သစ်ခွတွေ..။ အရောင်ကိုစုံနေတာပဲ..။အလင်းရောင်ကို လုံလောက်စွာ ရ၇ှိပြီး..နေအပူ သက်သာစေရန် ပလပ်စတစ်အကြည် မိုးထားသော သစ်ခွခြံကလဲ တစ်မျှော်တစ်ခေါ်..။ သစ်ခွပန်းတွေ လေအတိုက်မှာ ယိမ်းထိုးနေပုံက သံစဉ်ကိုပဲ လက်ယပ်ခေါ်နေသယောင်ယောင်...။

ဟိုငေးဒီငေးနှင့် ဥယာဉ်ထဲမှာ ပျော်နေသော သံစဉ်တစ်ယောက် လက်ရှိအခြေအနေနှင့် အချိန်ကိုပင် မေ့လျှော့နေမိ၏..။လေထဲမှာ ဝဲပျံလာသော ပန်းရနံ့ တွေက သံစဉ်စိတ်ကို ယစ်မူးစေသည်..။ထိုသို့  သွားနေရင်းနှင့်မှ ရုတ်တရက် သတိဝင်လာလျှက် ပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့....

“အား မိုးတောင် ချုပ်တော့မှာပါလား..။ ညနေကိုစောင်းလို့ အတော်လေးမှောင်စပြုနေပြီ ။ မဖြစ်ဘူး..။ကို့ ဆီ သွားတော့မှ..”

ခြေလှမ်းကိုနောက်ပြန်လှည့်၍ ကိုရှိရာသို့  အပြေးလှမ်းခဲ့လိုက်မိ၏...။
ဟော.....ဟိုမှာ ကို..။ ခေါင်းငိုက်စိုက်၍ အိမ်လေးဆီသို့  ခြေလှမ်းနေသော ကို့ နောက်သို့  အမှီလိုက်ရင်း


>>>>>>>>>>>>>>>>@@@@@@@@@@@@@@@@>>>>>>>>>>>>>>>>>>>>


“ကို...............”

လှမ်းနေသော ကို ခြေလှမ်းက တုန့် ခနဲ့  ရပ်သွားသည်..။ပြီးတော့မှ မဟုတ်နိုင်ပါဘူးလေ ဆိုသည့် အတွေးမျိုးနှင့် ရှေ့ ဆက်လှမ်းရန် ခြေလှမ်းပြင်နေသော ကို့ အား..

“ကို....................”

အသံရှိန်ကို ပိုမြင့်၍ ထပ်ခေါ်လိုက်မိ၏..။ ဒီတစ်ခါတော့ သေချာသော ဟန်ဖြစ် ကို့ ရဲ့  လှမ်းနေသော ခြေလှမ်း တုန့် ခနဲ့  ရပ်သွားသည်..။သံစဉ် “ကို ” အနီးသို့  အပြေးလေးလှမ်းကာ ပြေးရပ်ပြီး

“ကို”

ကို့  လက်ကို ဆွဲကာ လှုပ်ရမ်းလျက် ထပ်ခေါ်လိုက်တော့ ကိုက သံစဉ်ဆွဲထားသော လက်ကို တွေးတွေးလေး ငုံ့ ကြည့်၍ ကို့မျက်နှာပြင်ပေါ်မှာ အရောင်တွေ ပြောင်းလဲလာခဲ့သည်..။

ကိုရဲ့  မျက်ဝန်းအိမ်မှ မျက်ရည်တွေ အိုင်ဖွဲ့ လာသည်..။ ကို့ ရဲ့  နှုတ်ခမ်းများကလဲ တဆက်ဆက် တုန်လျှက်....။

“ဟင့် အင်း ကို...။မပြောနဲ့  ...။ ကိုဘာပြောမလဲ သံစဉ်သိတယ်...။ မပြောနဲ့ နော်...။ ခဏလေးပဲ... သံစဉ်ကို ခဏလေးပဲ ဖြစ်ဖြစ် ကိုနဲ့ နေခွင့်ပြုနော်...။နော်...ကို...။ မပြောလိုက်နဲ့ ...။”

သို့ သော်..သံစဉ်ဆုတောင်းမပြည့်ခဲ့ပါ...။ ကိုဆီမှ...


“သံစဉ်...သံစဉ်သတင်းတွေ ကိုကြားခဲ့ပါတယ်..။ကို ရင်နှင့်အမျှကြေကွဲခဲ့ပါတယ်..။ ကို သံစဉ်အတွက် ရည်စူးပြီး ကောင်းမှုတွေ လုပ်ပေးခဲ့ပါတယ်..။ သံစဉ်ရေ လွတ်ရာကျွတ်ရာကို သွားတော့နော်...ကို ပြုခဲ့သမျှ ကောင်းမှူအစုစုတို့အတွက် အမျှဝေပါတယ်.. သံစဉ်သာဓုခေါ်နော်။
သံစဉ်ရေ......

..အမျှ...အမျှ...အမျှ”


အားးးးးးးးးးးး

ကို..............

အေးစိမ့်သွားသော ခံစားမှုနှင့်အတူ သံစဉ် တစ်ကိုယ်လုံး လေဟာနယ်ထဲ ရောက်သွားသလို...။ အရှိန်ပြင်းလွန်းလှသော အရာတစ်ခုက ကိုနှင့် သံစဉ်ကို ခြားနားလိုက်သလိုခံစားမှုမျိုး...။
သံစဉ် စိတ်ကူးခဲ့သလို နောက်ဆုံးအခွင့်အရေး အနေနှင့် ကိုနှင့် အတူ နေခွင့်မရှိတော့...။
သံစဉ်ချစ်တဲ့ ကို့ ကို သံစဉ်ခွဲသွားရပြီး...။


>>>>>>>>>>>>>>>@@@@@@@@@@@@@@@@@@>>>>>>>>>>>>>>>


ထိုဇာတ်လမ်း၏ ဖြစ်ပုံမှာ.......... ထိုနေ့ က အလုပ်နောက်ကျသော သံစဉ်သည် အလုပ်ရှိရာ အလောတကြီးသွားရင်း မီးပွိုင့်တစ်နေရာသို့ အရောက် အစိမ်းရောင်မှ အနီရောင်သို့ပြောင်းလုနေပြီးဖြစ်သောမီးပွိုင့်ကို မှီလုသည် အထင်နှင့် ကူးခဲ့ကာ လမ်းခုလတ်အရောင် ရုတ်တရက်နီသွားသော မီးပွိုင့်မီးနီကြောင့် ကြောက်လန့်ကာ ခြေလှမ်းတုံ့က ရပ်သွားစဉ်မှာပဲ မီးပွိုင့်မီး အစိမ်းရောင်ကြောင့် တစ်အုံထိုးပြိုဆင်းလာသည့် ကားများစွာထဲမှ တစ်စီးသည့် သံစဉ်အား မရှောင်နိုင်ခဲ့သလို သံစဉ်လဲ လမ်းလယ်ကောင်တွေ ထိုကားအား မရှောင်နိုင်ခဲ့စွာနှင့်.....

သို့ သော်...သံစဉ်..သူချစ်သော ချစ်သူဆီသို့  အရောက်ပြန်ခဲ့ပါသည်..။တနေ့  အတူတူနေကြပြီး သာယာသော မိသားစုဘဝလေး တည်ဆောက်ကြမည်လို့ ပြောထားခဲ့ဖူးသော စကားတစ်ခွန်းအတွက် အတူနေရန် ပြန်လာသော သံစဉ်.....။

ခုတော့..................
ကိုနှင့် အဝေးဆုံးကို ထွက်သွားခဲ့ရလေပြီ။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Saturday, 31 March 2012

ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်.....

ဘာအံ တက္ကသိုလ်ရဲ့  တက္ကသိုလ်ဖွင့်စ ရက်လေးတစ်ရက်မှာ ကိုယ်သွားရမဲ့ လက်တွေ့ ခန်းက ဘယ်နေရာမှန်းကို မသိတဲ့ အူတူတူ အတတ ရုပ်လေးထွက်နေတဲ့ ကောင်မလေးတစ်ယောက်က ဘေးဘီကို ငေးမောရှာဖွေနေမိသည်..။ တစ်ယောက်ယောက်ကို လှမ်းမေးရအောင်လဲ အားလုံးက သူ့ အဖွဲ့ လေးနဲ့ သူ စကားဖောင်ဖွဲ့ နေကြတဲ့ ရွယ်တူတွေကြား တစ်ယောက်ထဲ မဝံ့ မရဲ အားငယ်စွာနှင့် မေးဖို့ ရန် မရဲဝံ့လှတာကြောင့် လျှောက်နေတဲ့ ခြေလှမ်းအတိုင်းသာ လျှောက်နေမိ၏။
ဘေးဘီဝဲယာ ငေးကြည့်နေရင်းပဲ ကံ့ကော်ပင်အောက်က ထိုင်ခုံမှာ တစ်ယောက်ထဲ ထိုင်နေသူတယ်ယောက်ကို တွေ့မိတာကြောင့် ဝမ်းသာအားရနှင့် ထိုသူကိုပဲ မေးမြန်းရန် ဆုံးဖြတ်လိုက်ပြီး ပါဝါတစ်ထောင်ကျော်လုလုနီးပါးဖြစ်နေတဲ့ ကိုယ့်ရဲ့  ပုလင်းဖင်လောက် ထူထဲနေသော မျက်မှန်ကို ပင့်တင်ရင်း သူမရှိရာသို့  ခြေလှမ်းကို ပြင်ဆင်လိုက်၏..။

ထိုသို့  သွားနေရင်းမှ သူမကို အကဲခတ်ကြည့်ရင်း
“အင်း...တော်တော်လှတာပဲ”
ဟု ရင်ထဲတွင် တီးတိုးမှတ်ချက်ချလိုက်မိသည်..။ မိန်းကလေးချင်းပင် ငေးယူရလောက်အောင် လှပနေသော ဖြူဝင်းကြည်စင်နေသည့် အသားအရေနှင့် အမည်ဖော်ပြလို့ မရသည့် ညှို့ အားတစ်မျိုးကို ပိုင်ဆိုင်ထားသည့် သူမသည် ကျောင်းဝင်းတစ်ခုလုံးတွင် သူမတစ်ယောက်ထဲ ရှိသည့်အလား အေးအေးလူလူပင် ရှိနေသည်..။
ဝတ်စားထားသည်မှာလဲ ခေတ်ကိုမလွန်စေပဲ ခေတ်နှင့်အမှီ ရိုးရိုးစင်းစင်းနှင့် လှပသော ဝတ်စုံလေးနှင့်..။ သူမ၏ ကျောပြင်ကို ဖုံးအုပ်နေသော နက်မှောင်နေသည့် ဆံသားများမှာလဲ ပိုးသားလို တောက်ပြောင်နေပါသည်..။ ကိုယ့်ကိုကိုယ်ပြန်ငုံ့ ကြည့်လိုက်တော့ သူမရဲ့  ရှည်လားလှတဲ့ ဆံပင်ကို ဒီအတိုင်းတစ်ပတ်လျှိုထုံးလျှက် အပေါ်အောက်အရောင်မတူ အဆင်မတူသော အပေါ်ပွင့် အောက်ပွင့် လိုက်ဖက်မှုမရှိသည့်ထမီနှင့်အကျီ င်္ ကို အချိုးမကျစွာ ဝတ်ထား မိခဲ့ကြောင်း သတိပြုလိုက်မိသည်..။

လှမ်းလာသောခြေလှမ်းများကို သူမအနီးသို့ ရောက်သည်နှင့် ရပ်လိုက်ပြီး..

“ဟို...ဘော့တနီလက်တွေ့ ခန်းက ဘယ်မှာလဲ သိလားဟင်း..”

“အင်း..ဟိုရှေ့ က ၃ထပ်ဆောင်အောက်ဆုံးထပ်က အစွန်ဆုံးအခန်းလေး ”

လို့ သူမကအေးအေးလူလူပင် ပြန်ဖြေခဲ့သည်...။

“ကျေးဇူးနော်”

လို့ ပြောပြီး ထိုနေရာသို့ သွားရန် ခြေလှမ်းပြင်လိုက်သော သူမရဲ့  နောက်ကျောဆီမှ

“ဟိတ်.နေအုံးလေ..စောသေးတာပဲ..။နောက်မှ တူတူသွားကြတာပေါ့..”
ဆိုတဲ့စကားသံကြောင့်

“နင်လဲ ဘော့တနီက ပဲလား” လို့  ဝမ်းသာအားရ မေးလိုက်မိ၏..။
“အေး ဟုတ်တယ်..ငါ့နာမည် စံပယ်ဖြူ..နင့်နာမည်ကရော”
“မေသဇင်”
“ဟယ်..ငါတို့ နာမည်တွေက ပန်းနာမည်တွေကြီးပဲနော်”
လို့ဆိုမှ သူမလဲ သတိထားမိသွားပြီး ..
“အေး..ဟုတ်တယ်ဟဲ့”
လို့ သူမရဲ့  စကားကို ထောက်ခံမိလိုက်သည်..။ ထိုခဏမှာပင် သူမသည် စံပယ်ဖြူအား အလွန်ပင် ခင်တွယ်စိတ် ဝင်သွားခဲ့သည်...။သူမ ပထမဆုံးကျောင်းတက်ရသောနေ့ မှာ ပထမဆုံးတွေ့ ခဲ့ရတဲ့ သူငယ်ချင်း..။

..................@@@@@@@@@@@@@@@@@........................

ပုံမှန်အားဖြင့် သူမသည်အခြားသူများနှင့် ရောနှောလေ့ မရှိပဲ ဖတ်စရာ စာအုပ်တစ်အုပ်ဖြစ်သာ ငြိမ်သက်နေလေ့ရှိသည်..။ သူမကိုလဲ စံပယ်မှ လွဲ၍ အခြားသူများသိပ်ပြီးခေါ်ပြောလေ့မရှိ..။ စံပယ်က သူမကိုတော့ ဖေးမလေ့ရှိသည်.. စကားသိပ်ပြောလေ့မရှိသော သူမအား အနှောင့်ယှက်မပေးပဲ သူမလိုအပ်ချိန်မှာတော့ စံပယ်က ကူညီရန်အသင့်..။
အမှန်တော့ သူမတစ်ယောက်ထဲကိုမှ မဟုတ်ပါ ။ စပယ်က မည်သူ့ ကိုမဆို ကူညီရန် ဝန်လေးလှသူမဟုတ်ပဲ အားကြိုးမာန်တက် ကူညီလေ့ရှိသည်..။ထို့ ပြင် စံပယ်၏ အလှဂုဏ်သတင်းကလဲ အတော်လေးပင် ကျော်ကြားလှသည်..။ ဘာအံတက္ကသိုလ် တစ်ခုလုံးပင် မဆိုထားနှင့် နည်းပညာကောလိပ်၊ကွန်ပြူတာ ကောလိပ်များသို့ ပင် ပျံ့ နှံ့ ၍ စံပယ်ကို လာရောက် ရှုစား ပိုးပန်းသူက အများသား..။
ဒါပေမဲ့ စံပယ်သည် အမြဲတမ်း ယဉ်ကျေးချိုသာစွာပင် ငြင်းဆိုခဲ့သည်..။ စံပယ်ရဲ့ အပြောအဆိုယဉ်ကျေးချိုသာမှုကိုလဲ သူမ သတိပြုမိခဲ့သည်..။

ထို့ နောက်တွင်တော့ အားလုံး မျှော်မှန်းထားသည့်အတိုင်း ဘော့တနီကွင်းဘွဲ့ ကို စံပယ်ပိုင်ဆိုင်ခဲ့သည်..။
ရွာမှနေပြီးကျောင်းလာတက်ရသော သူမက ဘားအံမြို့ ရှိ အဘွားအိမ်တွင်နေထိုင်ခဲ့ရသည်..။မြဝတီနှင့်ဘာအံ ကုန်ကူးသည့် အဘွားက အိမ်မှာအမြဲမရှိ၍ သူမရဲ့ အဒေါ်ကျောင်းဆရာမ အပျိုကြီးဒေါ်သဇင်ထွန်းနှင့် နေထိုင်သည်..။ အပျိုကြီးဆိုပေမဲ့ အဒေါ်သည် ပိစိပိစပ်မများ..သူမတို့ နှင့်ရွယ်တူအတိုင်းပေါင်း၍ အဖွဲ့ ကျလေ့ရှိသည်..။

စာသင်နှစ်တစ်ဝက်ကျိုးလာချိန်တွင် စံပယ်ရဲ့ ကောင်းမှုကြောင့်ပဲ စံပယ်သူငယ်ချင်းတစ်ချို့ နှင့် သူမ သူငယ်ချင်းဖြစ်လာခဲ့သည်..။ ထိုသူငယ်ချင်းတွေ စာတွေအတူတူစုဖတ်မည်လို့  စိတ်ကူးလိုက်ကြသည်နှင့် ရှင်းလင်း၍ လူမရှိသည့် သူမအဘွားအိမ်တွင်သာ နေရာရွေး၍ စုံမိကြသည်..။
ဒီလိုနှင့် သူမမှာ စံပယ်အပါအဝင်အခြားသူငယ်ချင်း ၈ ယောက်ကို ပိုင်ဆိုင်လာခဲ့သည်..။အချက်အပြုတ်ဝါသနာ ပါသော သူမနှင့်အဒေါ် သဇင်ထွန်းကြောင့် သူငယ်ချင်းများက သူမတို့ အိမ်တွင် စားအိမ်သောက်အိမ်ဖြစ်လာကြသည်..။အဘွားမရှိသောာနေ့ မျိုးတွင်ပါ..။အဘွားရှိသောနေ့ မျိုးတွင်တော့ အားလုံး ငြိမ်နေတတ်ကြသည်..။ဒီလိုမှ မငြိမ်သက်လျှင် အဘွားက အဒေါ့်ကို

“သဇင်.နင်ကလေးမဟုတ် ဘာမဟုတ် ကလေးတွေ ကြားမှာ တရုန်းရုန်း ”

ဘာညာဆိုပြီး မပြီးဆုံးနိုင်သော တောက်တွန်းမှုများနှင့်ဆူတတ်သောကြောင့် အဘွားအိမ်မှာရှိသောနေ့ များတွင် အားလုံးမလှုပ်ရှားပဲ ငြိမ်သက်နေလိုက်သည်..။ဒီနေ့ လဲ အိမ်မှာအဘွားမရှိ၍  မုန့် ဟင်းခါး ချက်စားရန် စီစဉ်ထားသော အဒေါ်က နင့်သူငယ်ချင်းတွေကို အိမ်ခေါ်လိုက်ဆိုတာကြောင့် သူငယ်ချင်းများကို မုန့် ဟင်ခါးစားရန်ခေါ်လိုက်မိ၏..။
သူတို့ အားလုံးရောက်လာချိန်တွင် ခေါင်းလျှော်ထား၍ မခြောက်သေးသော ဆံပင်များကို ခါတိုင်းထုံးနေကြ တပတ်လျှို ထုံးမထားပဲ ဒီအတိုင်းကျောပြင်မှာချထား၍ အားလုံးသော သူငယ်ချင်းများမှာ အံ့သြခြင်းများစွာနှင့်....

“မေ..နင့်ဆံပင်တွေ...”

ကျော်ထိုက်မှာ စကားဆက်၍မပြောနိုင်ပဲ လက်ညှိုးထိုး၍သာ မေ့ကို ပြူး၍ ကြည့်နေလေသည်..။

အဲ့တော့ မေက စကားထောက်ပေး၍..

“အင်း ဘာဖြစ်လို့ လဲ ..ငါ့ဆံပင်..”

အဲ့ဒီတော့မှ သူက ဆက်၍....

“အဲ့ဒီလောက်တောင် ရှည်တယ်...”

ဆိုပြီး ခပ်တိုးတိုးထွက်လာသည်..။ကျန်သောသူများမှာလဲ မျက်လုံးအပြူးသားနှင့်...။ ဟုတ်သားပဲ.. မေ ဆံပင်ဖားလျားချတာ သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး....။သူမက အမြဲတမ်းတပတ်လျှိုသာ ထုံးထားလေ့ရှိသည်..။ဒါကြောင့်သူမရဲ့  တခေါက်ခွက်ကို ကျော်လွန်၍ ခြေသလုံးသား တဝက်ကိုတောင် ဖုံးအုပ်လုနီးနီးဆံပင်ရှည်များကို အံ့ အားသင့်သွားကြတာ..။

ဖြူနှင်းက ဆက်၍

“နင့်ဆံပင် အဲ့ဒီလောက်တောင်ရှည်တာ စာသင်နှစ်တစ်နှစ်တောင်ကုန်တော့မယ် ငါတို့ ခုမှ သိတယ်မေရယ်..နင်ဘာလို့  ဆံပင်ကို ဒီအတိုင်းအမြဲတမ်းထုံးထားတာလဲ..အမြဲတမ်းထုံးထားတော့ ဘယ်သူမှ မတွေ့ ဖူးပေါ့..”

“သူများတွေ့ အောင် ငါထားတာမှ မဟုတ်တာ..ငါ့ဟာငါ ကြိုက်လို့ ထားတာ..”

မေက ထုံးစံအတိုင်းအားနာရကောင်းမှန်းမသိ စကားကို တုတ်ထိုးအိုးပေါက် ပြန်ပြောလိုက်သည်..။သူမက အမြဲတမ်းစကားပြောမချိုသာတာ သူငယ်ချင်းများသိပြီးသာ..။ဒါကလဲ သူမရဲ့  ပေါင်းသင်းဆက်ဆံရေးညံ့ ဖျင်းမှုပင် ဖြစ်သည်..။

..............................................@@@@@@@@@@@@@@@@@.......................................

ယခုမှ ပထမနှစ်ပင် ရှိသေးသောလဲ တစ်ခါတရံ သူမတို့ က ကျောင်းပြီးသော တစ်နေ့ တွင် ငါတို့ ဘာလုပ်ကြမလဲ ဆိုပြီးတွေးတောလေ့ရှိသည်..။ဝေဖြိုးနှင့် မြတ်ကိုက အိမ်မှာ စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထား၍

“ငါတို့ ကတော့ အိမ်က အလုပ်ပဲ ပြန်လုပ်ကြမယ်”
ဆိုပြီး အနာဂတ်ကို လှမ်းမြင်နေသောလေသံနှင့်စကားပြောလေ့ရှိသည်..။ကျော်ထိုက်ကလဲ ..
“ငါက သင်္ဘောလိုက်မှာ”
ဟု အားတက်သရော ပြောလေ့ရှိသည်..။
သူရကလဲ အားကျမခံ

“ငါက ကျောင်းပြီးရင် ငါ့အမျိုးတွေ ရှိတဲ့ ဂျပန်ကို လိုက်သွားမှာ”

သြော်..သူတို့  ယောင်္ကျားလေးတွေက ဟုတ်လို့  ကျောင်းပြီးတာနှင့် အလုပ်ကိုယ်စီ ..အမြဲတမ်းရွှတ်နောက်နောက်နေတတ်သော နှင်းဖြူကတော့

“ငါကတော့ ကျောင်းပြီးရင် ယောကျာင်္းယူပြီး ယောကျာင်္းလုပ်စာ ထိုင်စားမှာ”

ဆိုပြီးဝင်ဖောက်တော့ ယောင်္ကျားလေးများက

“ဒါကြောင့် နင့်ကို ငါတို့ အဖွဲ့ ထဲက တစ်ယောက်မှ မယူရဲတာ”
ဆိုကာ ပြန်လည်နောက်ပြောင်ကြသည်...။
စံပယ်ကတော့

“ငါ တက္ကသိုလ်မှာ ဆရာမ လုပ်ချင်တယ်..။မေ လဲလုပ်ပါလား ငါတို့  ဂုဏ်ထူးတန်းဝင်အောင်ကြိုးမယ်လေ..နင် စာသင်ပြကောင်းတာပဲဟာ..ဝါသနာပါတယ်မဟုတ်လား..ငါတို့  ဂုဏ်ထူးတန်းရအောင်တူတူ ကြိုးစားကြတာပေါ့..”

အမြဲတမ်း လက်ချာ ပြေးတတ်သော ယောင်္ကျားလေး ၄ယောက်ကို စံပယ်၊ မြတ်နိုးနှင့် သူမကအမြဲတမ်းစာပြန်လည်သင်ကြားပေးရတာကို ရည်ရွယ်၍ စံပယ်ဆိုလိုမှန်းသူမ သဘောပေါက်လိုက်မိသည်..။

“ငါ ဒီဇိုင်နာ ဖြစ်ချင်တယ်..”

မေ့ ရဲ့  မဆိုင်မတွ ပြန်လည်ဖြေကြားချင်နောက်မှာ သူငယ်ချင်းမျာ၏ခွက်ထိုးခွက်လန် ရယ်သံများက ကပ်၍ လိုက်လာပါတော့သည်..။အမြဲတမ်းအားမနာတမ်းပြောတတ်သည့်မြတ်ကိုနှင့် ကျော်ထိုက်မှာ သူမကို ရယ်မောလို့ မဆုံး..။ကျော်ထိုက်ဆိုလျှင်...

“မေ..နင့်ပုံလဲ နင်ပြန်ကြည့်အုံး..မျက်နှာမှာတောင် သနပ်ခါးက လိမ်းတစ်ချက် မလိမ်းတချက်..ဆံပင်က ပုံမပြောင်းတစ်ပတ်လျှို ၊ဝတ်လိုက်တဲ့ အဝတ်အစားက ဘာတွေမှန်းမသိတဲ့ အပေါ်အောက်အရောင်မတူ အပွင့်မတူတဲ့ အကျီ င်္ထမီ..ဒီပုံစံနဲ့ များ နင်က ဒီဇိုင်နာလုပ်ဦးမယ်..နင့်ကိုနင်ပဲ အရင် ပြင်လိုက်အုံး..”

ဆိုပြီး မညာမတာကို ပြောဆိုလိုက်သေးသည်..။

“ငါဖြစ်ချင်တာကို ငါပြောတာပါ”
ဟု သူမ တိုးတိတ်စွာဆိုတော့ စံပယ်ကလဲ..

“အေးလေ..နင်တို့ ကလဲ သူဖြစ်ချင်တာကို သူပြောတာဝိုင်းရယ်နေစရာလား..နင်တို့ကရော နင်တို့ ပြောတာတွေ ခုဖြစ်နေပြီးလို့ လား”
ဆိုပြီး မေ့ ဘက်နေ၍ ကာကွယ်ပေးခဲ့သည်..။ထို နေ့ က စ၍ ဒီဇိုင်နာမကြီး ဟု နောက်ပြောင်ခေါ်ဆိုလေ့ရှိသည်..။
တနေ့ မှာတော့ မေ စိတ်ကူးရ၍သူမ ဝတ်နေကျလို အပွင့်များမဟုတ်ပဲ အဖြူခံပေါ် ဗေဒါဖောက် အပွင့်နုတ်နုတ်ပါသော အစကို စံပယ်အတွက်ဂါဝန်အဖြစ် လက်ဆောင် ချုပ်ပေးခဲ့ပါသည်..။ထိုဂါဝန်လေးကို အတွေ့ မှာတော့ အားလုံးက မျက်လုံးအပြူးသာနှင့်..

“ဒါ နင်ကိုယ်တိုင်ချုပ်တာလား”
ဆိုပြီး နှင်းဖြူက မေးလာပါသည်...။
“အင်း”
လို့ သူမကတစ်လုံးတည်းပြန်ဖြေတော့..
“နင် စက်လဲ ချုပ်တတ်တာပဲလား”
ဆိုသည့် အမေးကို ခေါင်းသာညိတ်ပြခဲ့လိုက်၏။
ဒါပေမဲ့ ထိုနေ့ မှစ၍ သူမ၏ ဒီဇိုင်နာလုပ်မည်ဆိုသော စိတ်ကူးကို မည်သူမှ မရယ်မောတော့ပါ..။

..............................@@@@@@@@@@@@@@@@@...................................

ဒီလိုနှင့် စာသင်နှစ်တစ်နှစ်ကို အပြီးသတ်ရန် စာမေးပွဲ ဆိုသော ကာလ တစ်ခုကို သူမတို့ ဖြတ်သန်းခဲ့ရပြီး..။ထိုကာလမှာတော့ မည်သူမှ မအား၍ သူမတို့ မတွေဆုံနိုင်ခဲ့ကြပါ..။စာမေးပွဲ နောက်ဆုံးနေ့ တွင်တော့ ထုံးစံအတိုင်း သူမတို့ အိမ်တွင် လာရောက်စုဆုံကြပါသည်..။ထိုအချိန်မှာ ကျော်ထိုက်က စလာပါသည်..။

“မကြာဘူး သင်္ကြန်ရောက်တော့မယ် နင်တို့ တွေ မပြန်ကြနဲ့ ”

တဲ့..။အားလုံးက ဘာအံမြို့ ပေါ်မှ မဟုတ်၍စာမေးပွဲပြီး အိမ်ပြန်ရန်ပြင်ဆင်နေသော သူမတို့ အား စည်းရုံးရေးဝင်ပါတော့သည်..။မေက

“ငါ တခါမှ သင်္ကြန်မလည်ဖူးဘူး.. မလည်တော့ဘူး.နင်တို့ ပဲ သွားကြတော့ ”

လို့ မဆိုင်မတွ ပင်ပြန်ပြောလိုက်သည်..။ စံပယ်ကလဲ..

“ဟုတ်တယ်..ငါလဲပဲတစ်ခါမှ မလည်ဖူးဘူး ..အမိုးတို့ လဲ ကြိုက်မှာ မဟုတ်ဘူး..”
ဟု ဆိုကာ သူမဘက်မှဝင်ရောက်ပြောဆိုလိုက်သည်..။

“မရဘူး..ငါတို့ တွေ နင်တို့ တွေ အိမ်မှာ လိုက်ပြောပေးမယ်..လည်ကိုလည်ရမယ်.. ငါအိမ်မှာ ငါကားတောင်းမယ်”

လို့  ဝေဖြိုးက ဆိုလိုက်တော့ ကျန်သောသူများက အားတက်သရော....။အားလုံး၏ တိုက်တွန်းမှုနှင့်ပင် တစ်ကြိမ်တစ်ခါမှ မလည်ခဲ့ဘူးသော သင်္ကြန်ကို လည်ပတ်ရန် သူမတို့ သဘောတူခဲ့မိသည်။

ဒီလိုနှင့် သင်္ကြန်ရက်တွေအတွင်း ဘယ်နေ့ ဘယ်နေရာသွားမလဲ ဆိုတာ ကြိုတင်တိုင်ပင် ကြကာ စိတ်ဓာတ်တွေ ထက်သန်နေကြသည်..။စာမေးပွဲပြီး အိမ်မပြန်လျှင် အိမ်က စိတ်ပူမည်စိုးသောကြောင့် သင်္ကြန်တွင်းပြန်လာပါ့မယ် ကတိအထပ်ထပ်ပေး၍ သူမတို့ အိမ်ခဏ ပြန်ခဲ့သည်..။
အကြိုနေ့ မှာ ပြန်ဆုံကြမယ်ဟု အားလုံးသဘောတူပြီး ထိုနေ့ ကို ပြန်လည်ဆုံစည်းခဲ့ကြလေသည်..။
သင်္ကြန်ရက်အတွင်းတွင် တစ်ကြိမ်တစ်ခါမျှ မလည်ပတ်ခဲ့ဖူးသော သူမအတွက် အတော်လေးကိုပင် ပျော်ရွှင်ခဲ့ပါသည်..။ဝေဖြိုးရဲ့  ဦးလေးက ကားမောင်းကာ နေရာစုံအောင်လိုက်ပို့ ပါသည်..။ ဘားအံ တစ်မြို့လုံးရှိ ရေတံခွန်၊ ဆန္ဒဂူမကျန် နေရာစုံသွားခဲ့ယုံပါမက မော်လမြိုင် ကျိုက်ခမီ စက်စဲ သို့ပါ သွားရန်ပြင်ဆင်ခဲ့ပါသည်..။ထို့ ကြောင့် သင်္ကြန်အတက်နေ့ တွင် မော်လမြိုင်သို့ သွားကြ၍ ကျိုက်ခမီတွင် တစ်ညအိပ်ခါ နှစ်ဆန်းတစ်ရက်နေ့  မှ ပြန်လာရန် စီစဉ်ကြသည်..။
သို့ သော်..............

စည်ကားသိုက်မြိုက်လှတဲ့ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက် ရေပက်ခံ ထွက်ရင်း..................

သင်္ကြန်ရေပက်ခံထွက်၍ ကားများကို အမိုးဖွင့်ကာကားထဲတွင် ထိုင်ကြပါသည်..။ရေပက်များလှသော မဏ္ဍပ်များတွက်တော့ ကားဝမ်းဗိုက်ထဲတွင် ရေများဝင်လွန်တာကြောင့် ကားဘောင်ပေါ်မှာ ခဏ တက်ထိုင်ဖြစ်ကြပါသည်..။သင်္ကြန်တစ်တွင်းလုံးဒီလိုပင် ဘောင်ပေါ်ထိုင်လိုက် ကားထွက်လျှင် ဝမ်းဗိုက်ပေါ်ပြန်ဆင်းထိုင်လိုက်နှင့် ရှိနေခဲ့သော်လည်း  ၊ ထိုနေ့ မှာတော့ ....

အောက်သို့ဆင်းထိုင်ရန် အဆင်သင့်မဖြစ်သေးသော စံပယ်မှာ ရုတ်တရက် ဆောင့်ထွက်လိုက်သော ကား၏ အရှိန်ကြောင့်လူက မထိန်းနိုင်ဘဲ ပက်လက်လှန်ကာ ကားပေါ်မှ ရုတ်တရက်.....

“စံပယ်........”

အားလုံး၏ အလှန့် တကြားခေါ်လိုက်သံကိုတောင် စံပယ် ကြားနိုင်ခဲ့ရဲ့ လား သေချာမသိနိုင်ပါ..။ စံပယ်ရဲ့ ခေါင်းနှင့် ကတ္တရာလမ်းမ ထိတွေ့သံက ကျယ်လောင်စွာတောင် မထွက်နိုင်ပဲ

“ခွပ်”

ဆိုတဲ့ ခပ်အုပ်အုပ် အသံသာ ထွက်ပေါ်နိုင်လာတော့သည်..။စံပယ်ရဲ့  နက်မှောင်နေတဲ့ဆံနွယ်ကြားက ယိုစိပ်ထွက်လာတဲ့ သွေးစီးချောင်းကြီးက သူမ ဝတ်ထားတဲ့ ဂျာကင် အဂျီ င်္အဖြူရောင်ကို ချင်းချင်းနီစေခဲ့ပြီး..။နွေနေ့ ရဲ့  အပူရှိန်ကြောင့် သွေးတစ်ချို့ က အမြုပ်တွေ ဝေဖြာလို့ ...။ဆေးရုံကို အမြန်သယ်ဆောင်ခဲ့ပေမဲ့ ...ဆရာဝန်က...

“နေရာမှာတင် ပွဲချင်းဆုံးခဲ့တာတဲ့”

သင်္ကြန်ရက်မှာ သတိလေးတစ်ချက်လွတ်တာနဲ့ စံပယ် ဘဝပေးခဲ့ရပြီး...။ဝမ်းနည်းလို့ မဆုံး.....
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်စရာ ဆိတ်သုန်း၍ မျက်ရည်တို့ အိုင်ဖွဲ့နေသော မျက်ဝန်းများနှင့်သာ။

.......................................@@@@@@@@@@@@@@@@@@........................................

“ စံပယ်...ခုဆို ဆယ်စုနှစ်တစ်ခုပြည့်ဖို့  ၃ နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုပဲ လိုတော့တယ်..။ဒါပေမဲ့  ငါ့မျက်လုံးထဲမှာ မနေ့ ကလိုပဲ မြင်တွေ့ နေရတယ်..။တစ်ချက်လေး လက်လွတ်သွားခဲ့တဲ့ သတိက နင့်ကို ဘဝချင်းပိုင်းခြားလိုက်တယ်နော်..။
ငါလေ... နင်မရှိတဲ့နောက် မြူးကြွနေတဲ့ သင်္ကြန်သီချင်းသံတွေကြားတိုင်း ရင်မှာနာကျင်နေခဲ့တယ်..။တိုးတိတ်စွာ ငိုကြွေးနေမိခဲ့တယ်..။
ငါ့အတွက်တော့ နင်နဲ့ လည်ပတ်ခဲ့ဖူးတဲ့ သင်္ကြန်ဟာ ပထမဆုံးနဲ့နောက်ဆုံးသင်္ကြန်လည်ပတ်မှုပါ..။သင်္ကြန်ရက်တွေမှာ လည်ပတ်ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေ မောင်ငယ်ညီမငယ်တွေအတွက် နင့်အဖြစ်အပျက်ဟာ ငါ့အတွက်တော့ မရိုးနိုင်စရာပြောခဲ့ သတိပေးခဲ့တဲ့ သဏ္ဍန်ရီတစ်ပုဒ်ပါ..။
သူတို့ ဆင်ခြင်နိုင်ဖို့  အမြဲတမ်း ငါသတိပေးစေနိုင်ဖို့  နင်က သင်္ကြန်ရောက်တော့မယ်ဆိုတိုင်း ခါတိုင်းထက် ပိုပြီး ငါ့စိတ်နှလုံးကို ဝင်ရောက်ခဲ့တာပါ..။”

“စံပယ်..ငါလေ..တချိန်က နင်တို့ တွေ နှစ်သက်ခဲ့တဲ့ ငါ့ရဲ့  ခြေသလုံးတစ်ဝက်ကျော်ရှည်ခဲ့တဲ့ ဆံပင်ကလဲ အခြေနေအရပ်ရပ်ကြောင့် ငါ့ရဲ့  ပခုံးထဲမှာ ဝဲပျံနေယုံ ရောက်ခဲ့ ပြီး..။

ငါ့ရဲ့  ပုလင်းဖင်လောက် ထူထဲနေတဲ့ မျက်မှန်နေရာမှာလဲ ကာလာစုံ မျက်ကပ်မှန်တွေ အစားထိုးခဲ့ပြီး...။
ငါ့ရဲ့  အပေါ်အောက် မတူညီတဲ့ ကာလာစုံ အပွင့်စုံ ဝတ်စားပုံက အင်တာနေရှင်နယ် ကာလာအဖြစ် မော်ဒန်ပန်ချီဆရာတို့ ရဲ့  မျက်ဝန်းထဲမှာ အချိုးကျနေခဲ့ပြီး...။

ငါဟာ..နာမည်ကျော် ဒီဇိုင်နာကြီး မဖြစ်ခဲ့ပေမဲ့
“ဒါ..မေ့  လက်ရာလေး”
လို့  သူငယ်ချင်းတွေ အချင်းချင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောတဲ့ အသံတစ်ချို့  ငါ့နားထဲ လွင့်ပျံလာခဲ့ပြီး...။”
“ငါ့ရဲ့  အပြောင်းလဲ ကြီး ပြောင်းလဲ သွားပုံကို နင်တွေ့ ရင် နင်အံ့ သြမှာသေချာပါတယ်..။ဒါပေမဲ့ စံပယ်...ငါ့ရဲ့ ခန္ဒာပေါ်က ပြင်ဆင်မှု သာပြောင်းလဲခဲ့တယ်.. ငါ့ရဲ့  စိတ်နှလုံးထဲမှာ နင့်ကို လွမ်းခဲ့တဲ့ လွမ်းဆွတ်မှုက မပြောင်းလဲခဲ့ပါဘူး..။
အထူးသဖြစ် ဒီသင်္ကြန်ရောက်တော့မယ်ဆိုတိုင်း ငါနင့်ကို ပိုလွမ်းဆွတ်ခဲ့တယ်...။တခါတလေ ဒီအတိုင်းသိမ်းထားရတဲ့ ဘွဲ့ လက်မှတ်လေးကို ထုတ်ကြည့်မိတိုင်း ငါ့ရဲ့  ကျောင်းတက်စနေ့ မှာ ပထမဆုံးသူငယ်ချင်း ၊ ငါ့ကို အရာရာဖေးမပေးခဲ့တဲ့ သူငယ်ချင်းလေးကို ငါ ရင်နှင့်အမျှလွမ်းတယ် စံပယ်..။”

“သူများတွေ ပျော်နေခဲ့တဲ့ သင်္ကြန်မှာ နင့်ကို လွမ်းဆွတ်မှုနဲ့  ငါ တစ်နေ့ မှ မပျော်ရွှင်ခဲ့ပါဘူး..။ငါနင့်အတွက် သင်္ကြန်ရက်တွေမှာ နင့်ကို ရည်စူးပြီး ကုသိုလ်ဒါန လုပ်ခဲ့ပေးတယ်..။ နင် ရမှာပါနော်....။”

“စံပယ် နင်က နဂိုကတည်း ကနေ စိတ်ကောင်းစေတနာကောင်းလေးမို့  နင် ဘဝပြောင်းပေမဲ့ ကောင်းရာ ဘုံဘဝကို ရောက်မှာပါလို့  ငါယုံကြည်ပါတယ်..။ ငါ နင့်အတွက် ဒါနတွေ လုပ်ပေးတိုင်းလဲ နင် ကောင်ရာဘုံဘဝကို ရောက်ပါစေလို့  ငါအမြဲတမ်း ဆုတောင်းပေးခဲ့ပါတယ်..။ဒီနှစ်ကိုလဲ ထပ်ဆုတောင်းပေးမှာပါ..။”

မကြာခင်ကျရောက်လာတော့ မည့် သင်္ကြန်မှာ ငါကတော့ နင့်ကို လွမ်းတဲ့ အလွမ်းနဲ့  ကြေကွဲခြင်းတစ်ချို့ ကို ရင်မှာပိုက်ပြီး ဖြတ်သန်းရအုံးမယ်..။”

“စံပယ်..နင်လေ.ပိတောက်တွေ ပွင့်တဲ့ တစ်နေ့ မှာ ကြွေသွားခဲ့တယ်နော်..။

ပိတောက်တွေကို နေရာဖယ်ပေးခဲ့တာလား..။
ငါ့ရင်ထဲမှာတော့ ဖြူစင်တဲ့ စံပယ်ပန်းလေးတစ်ပွင့် အမြဲတမ်း လန်းဆန်းစွာပွင့်နေခဲ့ပါတယ်..။






Tuesday, 21 February 2012

မျက်ရည်စွန်းသော ပန်းတစ်ပွင့်

“ လာ မသန်းမြ..လာ..ဒီဘက်ဝိုင်းမှာ လွတ်တယ် လာထိုင်”
အလှူရှင် မမိုးရဲ့  ဖော်ရွေသော ဖိတ်ခေါ်သံနှင့် နေရာချပေးမှုကြောင့် ဒေါ်သန်းမြတစ်ယောက် အလှူရှင် မမိုးရဲ့  နောက်ကျောလေးမှ ကပ်ပါလာရင်း မမိုးညွှန်ပြရာ နေရာလေးတွင် ဝင်ထိုင်လိုက်လေသည်...။
မိမိ ဝင်ထိုင်လိုက်သည်နှင် တစ်ပြိုင်ထဲ ဝိုင်းထဲမှာ အရင်ရှိနှင့်ပြီးသား လူတွေ တစ်ယောက်ပြီး တစ်ယောက် ထထွက်သွားကြတာကို စိတ်မကောင်းခြင်းများစွာနှင့် ကြည့်နေလိုက်မိ၏.......။ရင်ထဲမှာ သိမ်ငယ်မှုများစွာနှင့်...။
အလှူရှင် မမိုးက အားနာသယောင်မျက်ဝန်းနှင့် လှမ်းကြည့်တာတွေ့ ရတော့ မမိုးအား ရင်ထဲမှ တောင်းပန်လိုက်မိ၏...။
“အားမနာပါနဲ့  မမိုးရယ်..တကယ်တမ်း မမိုးကို ကျွန်မက ပြန်အားနာရမှာပါ..။ ကျွန်မကြောင့် မမိုးရဲ့အလှူကို လာတဲ့သူတွေ ထပြန်ကုန်ပြီ”
မမိုးမကြားနိုင်အောင် ရင်ထဲမှ တိုးတိုးလေး ပြန်ပြောရင် မျက်လုံးအစုံက ကြမ်းပြင်ဆီသို့သာ စူးစိုက်ကြည့်လျှက် ခေါင်းကို ပိုတိုးလို့ ငုံ့ထားမိသည်။ မိမိကိုယ် မိမိအရမ်းကို သိမ်ငယ်ပါသည်။ ပတ်ဝန်းကျင်အများစုမှ သူများက မိမိကို မခေါ်ချင် ရှောင်ဖယ်နေတတ်ပြီး အချို့သော မမိုးကဲ့သို့ စာနာတတ်သူများကတော့ ကူညီရိုင်းပင်းကြပါသည်။ ထိုသူများကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သလို မိမိကို ရှောင်ဖယ်သူများကိုလဲ မမုန်းခဲ့ပါ။ ထိုကဲ့သို ဖြစ်ချင်းကို မိမိကသာ ဖန်တီးခဲ့ခြင်းမဟုတ်ပါလား။
အတိတ်တံခါးကို ဆွဲခါ ဖွင့်ကြည့်တော့ ..............
တစ်နေ့လုပ် တစ်နေ့စား မိသားစုလေးတစ်စုရဲ့ စားဝတ်နေရေးကို တစ်ဦးတည်း ဒိုင်ခံဖြေရှင်းသူက လင်ယောင်္ကျား ဘမောင်။ သားသမီး (၈)ယောက် နဲ့ ဇနီးမယားကို ထမင်းနပ်မောင်အောင် ရှာကျွေးနေရတဲ့ ဘမောင်ရဲ့ အလုပ်က သစ်စက် တစ်ခုရဲ့ ဝိုင်းဆရာ။ တစ်ရက် အလုပ်လုပ်မှ တစ်ရက်ပိုက်ဆံရ ။ ကိုဘမောင် ပြန်လာလို့ ပါလာတဲ့ ပိုက်ဆံလေးနဲ့ တစ်ရက်စာ ဆန်လေးပြေးဝယ် ပိုလျှံသည် ပိုက်ဆံလေးကို ငါးပိတို့စရာ ဝယ်ရင်း တစ်နေ့ဝမ်းစာ တစ်နေ့ ဖြေရှင်းရတဲ့ ဘဝ။
နုံခြာတဲ့ ဘဝမှာ ကြမ္မာဆိုးက ဒီတိုင်းမနေခဲ့ပါ ။ တစ်နေ့ ကိုဘမောင်ရဲ့ လက် သစ်ခွဲနေရင်း လွှဝိုင်း ထိလို့ လက်ချောင်း (၃) ချောင်း ပြတ်သွားခဲ့ပြီ။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် မိသားစုအတွက် ကုစရာ ပိုက်ဆံကမရှိ ။ အနီးအနားက ဗိန္ဓောဆရာတွေဆီက ဆီမန်း ၊ရေမန်းတွေနဲ့ ကုနေရင်း အနာက ရင်းသထက်ရင်းလာကာ ကိုဘမောင်တစ်ယောက် မေးခိုင်ပိုးဝင်ကာ ဆုံးသွားပါလေရော ။
မပဋာမြေလူးဆိုတဲ့ အဖြစ်ကမှ တော်ကာကျအုံးမည်။ မသန်းမြအဖို့ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျပြီးလား ထင်ရောက်လောက်အောင် အတိဒုက္ခတွေ ဝိုင်းလို့ပေါ့။
ဩော် မသန်းမြ...။ ဆိုးလိုက်သည့် အဖြစ် ။တောမှာမွေး တောမှာကြီးပြင်း အတန်းပညာက မတတ်။ လက်မှုပညာကလဲ မကြွယ် ။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျ။ ဗဟုသုတတွေကလဲမရှိ။သားဆက်ခြားရမှန်းလဲ မသိခဲ့လေသမျှ တစ်နှစ် တစ်ယောက် မှန်မှန်မွေးရင်း ခု ကိုဘမောင်ဆုံးတော့ အငယ်ဆုံး သမီးလေးကမှ တစ်နှစ်တောင် မပြည့်တတ်သေး ။
အရွယ်လေးရောက်တာနဲ့ အိမ်ထောင်ကျအပြီး ကလေးတွေ တစ်ပြွတ်ပြွတ်ထိုင်မွေးရင် ကိုဘမောင် လုပ်စာ ထိုင်စားနေခဲ့တဲ့ သူမအဖို့ ခုမှ ဘာလုပ်လို့ ဘာကိုင်ရမလဲပင် မသိတော့။ ကိုဘမောင် အသုဘကိုတော့ အရပ်ကောင်းမှုနဲ့ ပြီးသွားခဲ့ပြီ။ နောက်တစ်နေ့က စလို့ ဆာလောင်မွတ်သိပ်စွာ ငိုတော့မည့် သားသမီးတွေရဲ့ အငိုကို မည်သို့ တိတ်အောင် ပြုလုပ်ပေးရမည်နည်း။
ရှေ့ရေးကို တွေးတွေးပြီး အိပ်မပျော်နိုင်ခဲ့ပါ။ ညလုံးပေါက် မအိပ်နိုင်ပဲ လူးလိမ့်ကာ စဉ်းစား နောက်ဆုံး အဖြေက တစ်ခုထဲ ။ဘာလုပ်ရမည်နည်း ။ သူမ ထိုအလုပ်ကို မလုပ်ဝံ့ပါ ။ သို့သော် အပြစ်ကင်းစင်စွာ အိပ်ပျော်နေသော သားနှင့် သမီး မျက်နှာကို ကြည့်မိပြန်တော့ ရင်ထဲမှာ မချိပြန် ။ နောက်ဆုံးတော့ မျက်ရည်တွေ တွင်တွင်ကျရင် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုနှင့်သူမ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည် ။
အဘယ်ကြောင့်ဆိုသော သူမ သားသမီးတွေကို သူမ အငတ်မထားနိုင်ပါ။သားသမီးတွေ ထမင်း နပ်မှန်ရရှိရေး သူမ စိတ်ကူးမပြောင်းခင် အကောင်အထည်ဖော်မှ။ တစ်နေ့လုပ်မှ တစ်နေ့ စားရသည့် ဘဝမှာ လင်ယောင်္ကျားသေတော့ သူမမှာ ကျန်ရစ်ခဲ့သည့် အရင်းအနှီးက သူမ၏ ခန္ဓာ။
သူမ ထိုခန္ဓာကိုယ်ကို ရောင်းစား၍ သူမ သားသမီးတွေကို ထမင်းခွံရတော့မည်။
“ခွင့်လွတ်ပါ သားနှင့် သမီးတို့ရယ်။ ကလေးတို့ရဲ့ အနာဂတ်ကို အမေအိုးမဲ သုတ်မိပြီး။ ပညာမတတ်တဲ့ အမေ ဒီအလုပ်ပဲ လုပ်တတ်လို့ပါကွယ်”
မျက်ရည်တွေ တွင်တွင်ကျရင်း သားနှင့် သမီးကို ရင်ထဲမှ တောင်းပန်လိုက်မိ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“သမီးကြီးရေ သမီး ညီမလေးကို ခဏကြည့်ထား အမေ အပြင်ခဏသွားလိုက်အုံးမယ်”
မနေ့ကမှ အဖေရက်လည်ပြီးတယ် ဒီနေ့ သနပ်ခါးတွေ ဖုံအောင် လိမ်းထားပြီး အပြင်ထွက်ဖို့ ပြင်နေသည့် သူမအား သမီးကြီးက အကဲခတ်သော အကြည့်နှင့်ကြည့်နေသည်။ကြည့်လဲ ကြည့်ချင်စရာ။ ကလေးတို့ အဖေရှိတုန်းက သူမ အပြင်သို့ ထွက်လေ့မရှိ။သို့သော် (၁၀)နှစ်ဝန်းကျင်သာ ရှိသေးသည့် သမီးကိုအကြောင်းစုံ ရှင်းမပြနိုင်ပါ။
“သမီးရေ အမေ အလုပ်လုပ်ဖို့ သားကောင်အရှာထွက်တယ်”
လို့ မပြောနိုင်ခဲ့ပါ။သူမ လက်တွေ့မှာ အထာတွေပေးရင်း သားကောင်အရှာထွက်ရတော့မည်။ သားကောင်တွေ ရလာပြန်တော့ ညှိနှိုင်းပြီး အိမ်ပြန်လာ။
“သမီးရေ သမီး မောင်လေးတွေ ညီမလေးတွေကို အပြင်ခေါ်သွားပြီး သွားကစားနော် အိမ်မှာ ဧည့်သည်တွေ လာမယ်။ဧည့်သည်တွေ မပြန်မချင်း အိမ်ကို ပြန်မလာနဲ့နော် သမီး”
“ဟုတ်ကဲ့ အမေ”
ကလေးတွေကို ခေါ်၍ ထွက်ခွာသွားသော သမီးကြီးကိုကြည့်ရင်း သူမ ငိုကျွေးနေမိပြန်သည်။ဒါဟာ သူမ ဘဝ ချောက်နက်နက်ထဲသို့ ခုန်ဆင်းလိုက်သည့် နေ့ပဲ။ ဒီချောက်ကို သူမ ဘာသာ ဖန်တီးခဲ့တာပါ။ ဒီလိုနဲ့ပဲ သူမ ဖောက်သည်ရလျင် ရသလို နေ့ခင်းပိုင်းဆို ကလေးတွေကို အပြင်မှာ သွားကစားခိုင်းလိုက် ညပိုင်းဆို ကလေးတွေ အိပ်နေချိန် အပြင်ခိုးထွက်ပြီး အဆင်ပြေတဲ့ နေရာတစ်ခုမှာ အလုပ်ကို ဖန်တီးရင်း သူမရဲ့ အိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရသည်။
ထိုနောက် သူမရဲ့ လုပ်ရပ်တွေကို ပတ်ဝန်းကျင်က တဖြည်းဖြည်း သိလာပြီး သူမနှင့် သူမရဲ့ သားသမီးတွေကို ဖယ်ကျည်းလာခဲ့ကြသည်။ ထိုအတွက် သူမ စိတ်မကောင်းသော်လည်း သူမ မမှုခဲ့ပါ ။သူမ သားသမီးတွေ ထမင်းနပ်မှန်ဖို့က အရေးကြီးပါသည်.သူမ သားသမီးတွေကို သူမ အငတ်မထားနိုင်ပါ။နားလည်စ ပြုလာပြီး ဖြစ်တဲ့ သမီးကြီးကလဲ သူမကိုမပြောဝံ့လို့ မပြောပေခဲ့ပေမဲ့ သမီးရင်ထဲ ခံစားနေရတာ အမေ တစ်ယောက်အနေနှင့် နားလည်ခဲ့ပါသည်။
တစ်နေ့ ........။
ထိုတစ်နေ့သည်တော့ သူမဘဝမှာ အထိတ်လန့်ဆုံး။ သူမအိမ်တွင် ဧည့်သည် ရှိနေစဉ် အိမ်နီးချင်း ပတ်ဝန်းကျင်က သူမ၏ ခနိုခနဲ့ အိမ်လေးကို ခဲမိုးတွေရွာ အော်ဟစ် ဆဲရေးနေကြတော့ သူမရှက်ရွံ့ ကြောက်လန့်ကာ တစ်ကိုယ်လုံးပင် တစ်ဆတ်ဆတ် တုန်ခဲ့သည်။ ဧည်သည်ကတော့ ကြက်ပျောက်ငှက်ပျောက် ပြေးပြီ။ ထိုအချိန် မထင်မှတ်ပဲ နောက်ဘက်မှ ဆွဲပွေ့ဖက်ထားတာ ခံရ၍ ငှဲ့ကြည့်လိုက်တော့ သမီးကြီး။
“သမီး အိမ်ကို ဘာပြန်လာလုပ်တာလဲ.သွား အခု အပြင်ထွက် ခဲတွေက လွတ်အောင်ရှောင် သမီးရယ်”
“ဟင်အင်း အိမ်မှာ အမေတစ်ယောက်ထဲ သမီးမသွားဘူး။ အမေရယ် ဒီအလုပ်ကြီး မလုပ်ပါနဲ့တော့။ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရတယ် အမေရယ်”
“အမေလဲ ဘယ်လုပ်ချင်ပါ့မလဲ သမီးရယ်။ဒါပေမဲ့ အမေ့သားသမီးတွေ ထမင်းတစ်လုတ်စားရဖို့ အမေ တခြားအလုပ်မလုပ်တတ်ဘူး သမီးရယ်။ အမေ့ကို နားလည်ပေးပါ။ သမီးအမေ လူတုံး လူညံ့ကို ခွင့်လွတ်ပေးပါ သမီးရယ်..အမေ့ရဲ့သား သမီးတွေလာဖြစ်ရတာ သမီးတို့ ကံဆိုးတယ်ကွယ်”
“အမေ....... အဟင့်... အဟင့်”
ထိုနေ့ညက သားအမိတွေ မျက်ရည်တွေ လည်ရွှဲ ငိုချင်းရှည်လို့ ညတစ်ညလဲ အိပ်မရပဲ ညတာ ရှည်ခဲ့ပါသည်။ သမီးကြီးသည် ထိုနေ့မှ စ၍ စကားကို အပိုမပြော သူမကိုလဲ အပိုစကားမဆို ဧည့်သည်လာတာတွေ့လျင် သူဘာသာ သူမ အငယ်တွေ ကောက်ချီကာ ထွက်သွားလေ့ရှိသည်..။
သူမရဲ့ ခရီးကတော့ အဆီတစ်ဝင်းဝင်းနဲ့ အရောက်လက်နေတဲ့ မျက်နှာပေါင်းစုံ၊ ရမ္မကာနံ့တွေ လှိုင်သင်းတဲ့ လေတွေရှုရှိုက်ရင်း အခိုးအငွေ့တစ်ဝေဝေ ယစ်မူးနေတဲ့ မျက်လုံးများအောက်မှာ သူတို့အလိုကျ ဖန်တီးပေးရင်း ညီစို့စို့ အနံ့တွေကြားမှာ ဆက်လျှောက်နေတုန်းပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“အမေ သမီး အလုပ်သွားလုပ်မယ်”
မထင်မှတ်စွာ ကြားလိုက်ရသည့် သမီးဆီမှ စကားကြောင့် သူမ အံ့အားသင့်သွားကာ
“ဘာ အလုပ်သွားလုပ်မှာလဲ သမီး”
“သမီး ဒေါ်အေးဖြူတို့နဲ့ ဟိုဘက်နိုင်ငံ လိုက်သွားမယ် အမေ”
“မဟုတ်တာ သမီး မသွားရဘူး။ အမေ စိတ်မချဘူး”
“ဒီမှာနေပြီး အမေ့ခန္ဓာနဲ့ ရင်းကျွေးနေတဲ့ ထမင်းကို နေ့တိုင်း သမီးစားမဝင်ဘူးအမေ..မောင်လေးတွေ ညီမလေးတွေလဲ အရွယ်ရောက်လာတော့မယ်..။ သူတို့တွေ တစ်ဖြည်းဖြည်း ရှက်တတ်လာမယ်အမေ။ သမီး အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်ပြီး သမီးအလုပ်သွားလုပ်မယ်အမေ။ ဒေါ်အေးဖြူတို့ကလဲ သမီးကို ခေါ်မယ်တဲ့.လမ်းစရိတ်စိုက်ထားပေးမယ် နောက်မှ လစာထဲက ဖဲ့ဆပ်တဲ့”
သူမ တားနေသည့် ကြားမှပင် သမီးက သွားမည်ဆိုကာတကဲကဲ လုပ်တာနှင့် သူမ ခွင့်မပြုချင်ပဲ ခွင့်ပြုလိုက်ရသည်။သူမ မျက်စေ့ထဲမှာ ကလေးသာ ရှိသေးသည် (၁၅) နှစ်စွန်းစွန်း သမီးလေးမှာ လောကဓံ အထုအထောင်းကြောင့် အရွယ်နှင့်မမျှအောင် ခံစားချက်တွေ ပိလို့။ ကိုဘမောင် ဆုံးပြီး (၅)နှစ်ကျော် ကာလအတွင်းမှာ သူတို့ ဘဝတွေက ခုချိန်ထိ ဖရိုဖရဲ။
ပုဆစ်တုတ် ထိုင်ကာ သူမအားကန်တော့ နေသည့် သမီးကြီးအားကြည့်ရင်း သူမရဲ့ မျက်ရည်တွေက တာတမံကျိုးသည့်အလား။ ဒါ ပထမဦးဆုံး အကြိမ် သမီးဆီက ရသည့် ကန်တော့ခြင်း။ သူမလို အပျက်မတစ်ယောက် သားသမီးတွေ ကန်တော့တာတောင် ကန်တော့ မခံရဲခဲ့ပါ။
“သမီး ကန်တော့တယ် အမေ။ သမီးကို စိတ်ချပါ။ အပျက်မရဲ့ သမီး အပျက်မဖြစ်တာပါပဲ ဆိုတဲ့ အဖြစ်မျိုးမရောက်အောင် သမီးကို သမီး ထိန်းသိမ်းပါ့မယ်။ ပြီးတော့ အမေဟာ ပတ်ဝန်းကျင်မှာ အပျက်မဖြစ်တယ်ဆိုရင်တောင် သမီးတို့အတွက် မိခင်ကောင်းပါ အမေ။သမီးတို့ရဲ့ ဘဝအတွက် အမေ့ဘဝကို စတေးခဲ့တာပါ။မောင်လေးတွေ ညီမလေးတွေကိုသာ စာကြိုးစားခိုင်းပါ အမေ”
သူမပိုင်ဆိုင်တဲ့ အဝတ်လေး တစ်စုံနှစ်စုံလေးကို ခပ်နွမ်းနွမ်း အိတ်လေးထဲထည့်ဆွဲကာ ကိုင်သွားသည့် သမီးရဲ့ ကျောပြင်ကိုကြည့်ရင်း သူမ မျက်ရည်က တားဆီးမရ။သို့သော် သူမမှာ တားပိုင်ခွင့်မရှိပါ.။ဓနဂုဏ်မရှိသည့် အပျက်မတစ်ယောက်အနေနှင့် သားသမီးတွေကို တင်းမာစွာ မပြောရဲလောက်အောင်ပင် သူမကိုယ်သူမ သိမ်ငယ်ခဲ့ရသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမီးထွက်သွားပြီး မကြာခင်မှာ လူကြုံနှင့် ရောက်ရှိလာသည့် (၆) တန်းထိသာ ကျောင်းနေခဲ့ရသည့် သမီးလက်ရေးစောင်းစောင်းလေးနှင့် စာ ရောက်လာတော့ သူမ ပျော်လိုက်တာ။ သမီးဘာရေးထားတာလဲ ဆိုတာ ဖတ်မတတ်ပေမဲ့ သမီးရဲ့စာကို ရင်မှာပိုက်ရင်း ငိုကြွေးနေမိသည်။
“သမီးချို အမေ့ကို သမီးအစ်မရဲ့ စာ လာဖတ်ပေးစမ်းပါ။သမီးအစ်မ ဘာရေးထားလဲ အမေသိချင်တယ်၊”
စာဖတ်ပြနေတဲ့ ဒုတိယ သမီးလေးနား ကိုယ်တိုတိုးကိုင်းကာ နားစွင့်ရင်းကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ခုံနှင့်သုတ် ရင်ထဲက တိုးတိုးလေး နှင့်
“အမေ မငိုဘူး သမီးရယ်”
အမေ
သမီး အဆင်ပြေပါတယ်။ဒေါ်အေးဖြူက စိတ်ကောင်းရှိပြီး အမှန်တစ်ကယ်ကို ကူညီတဲ့ လူကောင်းပါ အမေ။ အခုသမီး မော်တာနဲ့ စက်ချုပ်တတ်နေပြီး ဒေါ်လေးအေးဖြူလုပ်တဲ့ စက်ချုပ်ရုံထဲမှာပဲ စက်တွေ ချုပ်နေတယ်။မကြာခင် အမေတို့ဆီ ပိုက်ဆံပို့နိုင်တော့မယ်အမေ။ သမီးပိုက်ဆံတွေ အများကြီး ရှာနိုင်ရင် အမေ ဒီအလုပ်မလုပ်ရတော့ဘူးနော်။မောင်လေး ညီမလေးတွေကို စာကြိုးစားခိုင်းပါ အမေ၊

သမီးကြီး

အိုးးးးးးးးးး သမီးရယ်။ အမေ့သမီး ကျန်းမာပါစေ ချမ်းသာပါစေ ။လူတော်လူကောင်းတွေနဲ့ တွေ့ပါစေကွယ်။ သမီးကို ကူညီစောင့်ရှောက်ပေးသည့် မအေးဖြူလဲ ကျန်းမာချမ်းသာ ဘုန်ကြီးလို့ သက်ရှည်ပါစေ။ သူမ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျရင်းဆုတွေသာ အထပ်ထပ်ပေးနေခဲ့သည်။
သမီးကြီးသည် ဘဝနာခဲ့၍လား မဆိုနိုင် အလုပ်ကိုကြိုးစားသည်။ ရိုးသားကြိုးစားသည့် သမီးကို အလုပ်ရှင်ကလဲ ချစ်ကာ ယုံကြည်ခဲ့သည်။ ဖြတ်သန်းသွားရသည့် ကာလတစ်ခုအောက်မှာ ပါးနပ်တဲ့ သမီးကြီးရဲ့ အစီအမံအောက်မှာ အောက်က အရွယ်ရောက်ပြီးတဲ့ ညီမငယ်တွေကိုသူမရှိတဲ့ တစ်ဖက်ကမ်းက ထိုင်းနိုင်ငံလေးသို့ခေါ် အလုပ်ထဲ ခေါ်သွင်းရင်း မောင်နှမတွေ တက်ညီလက်ညီ အလုပ်ပြီး နောက်မှာ ကျန်နေသေးသည့် အငယ်တွေကိုရဲ့ ကျောင်းစရိတ်ကို ထောက်ပံပေးလာကြသည်။
ရင့်ကျက်တည်ငြိမ်နေပြီး ဖြစ်သည့် သမီးကြီးကပဲ သူမကို လက်ရှိသူမ လုပ်နေသည့် အလုပ်ကို ရပ်နားပါတော့ အမေရယ်ဟု ညင်သာစွာ ဆိုလာပြန်တော့ သူမ လက်ခံခဲ့ပါသည်။
အစထဲကနေ ဝါသနာ ပါ၍မှ မဟုတ်ခဲ့တာပဲ။ ထမင်းတစ်လုပ်အတွက် မျက်ရည်တွေ စတေးပြီး လုပ်ခဲ့ရတဲ့ ရနံ့ပေါင်းစုံ ညီစို့စို့ အနံ့တွေကို အလုပ်တစ်ခုအတွက် သူမ လက်ခံခဲ့ရတာပါ။ဘယ်တုန်းကမှ သူမဆန္ဒအမှန်နှင့် လုပ်ချင်ခဲ့တာမှ မဟုတ်တာပဲ။
တစ်လျှောက်လုံး အပြစ်မကင်းစွာ ခံစားနေရတဲ့ စိတ်ကြောင့် သွားလေသူ ကိုဘမောင်ရဲ့ မျက်နှာကိုတောင်မကြည့်ဝံ မတွေးဝံ့ခဲ့တဲ့ အဖြစ်ပါ။ ခုတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ သားသမီးတွေရဲ့ အတုံးအလှည့် ကြည့်ရှူမှုအောက်မှာ သူမ စိတ်ပုတီးလေးကိုင်ရင်း အေးချမ်းစွာ နေထိုင်နိုင်ခဲ့ပြီ။
အတိတ်ဘဝက ဝဋ်ကြွေးတွေကြောင့် စိုးခဲ့ရသည့် ကံကြမ္မာတွေ နောင်သံသရာ မပါဖို့အရေး သူမ ကြိုးစားအားထုတ်ရပါအုံးမည်။
သိုကအတွက်သူမ၏ တစ်ချိန်က အလုပ်ကို ရွံ့ရှုတ်သူတွေအပေါ်လဲ နားလည်ခွင့်လွတ်နိုင်ရမည်။ သူမ၏ ခဏတာ အလုပ်အပေါ်ကို စာနာနားလည်စွာ တွေးပေးခဲ့သူ မမိုး မအေးဖြူတို့လို လူတွေအပေါ်လဲ ကျေးဇူးတွေ တင်ရင်း ထိုသူတို့ ပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်နေရမည်။
မည်သူမပြု မိမိမှူပါ။ သူမရွေးချယ်ခဲ့သည့် အလုပ်တစ်ခုရဲ့ ရလဒ် ကောင်းခြင်းဆိုးခြင်းကို သူမရဲရဲဝံ့ဝံ့ ခံနိုင်ရပါမည်။


Monday, 20 February 2012

ပြိုမလိုနဲ့ ငိုခဲ့ရသည့် တိမ်လွှာ

တစ်ခါတစ်ရံတော့ ရင်ထဲ အချစ်ရောက်လာတာဟာ သောကတွေကို အခမဲ့ ဝင်ယူမိတာလားလို့တောင် ဆိုရမလိုပင်။ တစ်ခုမဟုတ် တစ်ခု အပြစ်ရှာတတ်တဲ့ ချစ်သူ “ကို”ကြောင့်ပျော်ရွှင်ရသည့် အချိန်ထက် နာကျင်စွာ ငိုကြွေးနေရသည့် အချိန်တွေက ပိုများနေသလိုပင် ။ အထူးသဖြစ် “ကို ”သည် ကျွန်မနားက စွန့်ခွာပြီး ဌာနီကို ပြန်သွားခဲ့သည့် နောက်ပိုင်း သူ၏ ငြူစူမှုများ စကားနာထိုးမှုများက နေ့တိုင်းလိုပင်။တစ်ချိန်က တစ်နိုင်ငံထဲ အတူ နေခဲ့သည့် ကာလလေးတွေမှ ကြင်နာခြင်းတွေကို သတိအရသား။ ခုတော့ တစ်ယောက်ထဲ ကျန်ခဲံသည့် သူမကို “ကို” စိတ်မချတော့ဘူးတဲ့ ။


Gtalk လို နေရာမျိုးမှာ ဆုံမိလျှင်ပင် သူမ အရင်ခေါ်မှ ။ သူမမှ စတင်မခေါ်မိလျှင် မခေါ်လို့ ဆိုပြီး ပြစ်တင်စကားဆိုကာ ရန်လုပ်သည် ။ အနည်းဆုံး တစ်ပတ် တစ်ကြိမ်(သို့) နှစ်ကြိမ် ဖုန်းမခေါ်မိလျှင် ပြစ်တင်စကားဆိုကာ စကားများရမြဲ ။ရေမြေခြားမှာ တစ်ယောက်ထဲ ရပ်တည်နေရတဲ့ သူမအတွက် တစ်ခါတစ်ရံ ကိုယ့်ရဲ့ စကားသံများက သူမ သိက္ခာ အကြိမ်ကြိမ် ထိပါးလို့ ရင်မှာ နာကျင်ခြင်း တစ်ချို့ ရိုက်သွင်းလေ့ရှိခဲ့သည် ။


သို့သော် သူမ “ကို” ကိုအရမ်းချစ်ပါ၏ ။ရေမြေခြားမှာ တစ်ယောက်ထဲ ရပ်တည်ကျန်ခဲ့တဲ့ သူမကို စိတ်မချ၍ ပြောနေခြင်းဟုသာ တွေး၍ ဖြေသိမ့်ခဲ့ရသည်က အကြိမ်ကြိမ်။ သိုပေမဲ့ ဘာမဟုတ်သည့် အကြောင်းအရာများနေ့ စကားများနေရသည့် အဖြစ်ကိုလဲ သူမ ငြီးငွေ့လာပြီ။ ထုံးစံအတိုင်း ညကလဲ “ကို”နှင့် စကားများအပြီး တစ်ဝက်တစ်ပျက် အိပ်စက်ညတွေ ကုန်ဆုံးသွားခဲ့ရပြီ ။ ကျွန်မကို ချစ်တဲ့ “ကို” ဘာကြောင့် ပြောင်းလဲသွားရတာလဲ ။ညကဝမ်းနည်းခြင်းအရှိန် ယနေ့ထက်တိုင်အောင် မကုန်သေးတော့ အလုပ်ထဲရောက်တော့လဲ မပျော်ရွှင်မိ ။


ချိနဲ့နဲ့ နှလုံးသားနှင့် ညှိုးနွမ်းနွမ်းမျက်နှာ ငိုင်ကာငေးလို့ အလုပ်ထဲမှာ စိတ်မပါ။


“မေ”
ရုတ်တရက် ခေါ်သံကြောင့် မော့ကာကြည့်လိုက်တော့ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် “ဘန်း” ရဲ့ မျက်နှာကိုတွေ့လိုက်သည်။
“ဆောရီး ဘန်း ။စောက မတွေ့လိုက်မိဘူး”
“ကျွန်တော် ကြည့်နေတာကြာပြီး။မေ တစ်ခုခု ကို ဝမ်းနည်းနေတာလား”
“အင်း ဘာရယ်တော့ မဟုတ်ပါဘူး ။ဒီလိုပါပဲ”
“ဘန်း”ရဲ့ အမေးကို ကျွန်မ ကွေ့ဝှိုက်ရှောင်ကာနေလိုက်သည်။ အမှန်ကိုတော့ မပြောချင်ပါ။ ကိုယ့်နှလုံးသားရေးရာကို အလုပ်ထဲထိ ယူလာလို့ မဖြစ်။ “ဘန်း”ကသာဆက်၍
“မေ အိမ်ကို သတိရနေတာလား ။အိမ်နဲ့ စကားပြောချင်လား ။ စကားပြောချင်ရင် ကျွန်တော့်ကိုပြောနော်။ ကျွန်တော် ကူညီပါ့မယ်”
“ကျေးဇူးပါ ဘန်း။ ခုတော့ မလိုသေးဘူး”
“ok လိုတဲ့ အချိန်သာ ပြောလိုက် အဆင်သင့်ပဲနော်”
ကျွန်မတို့ရုံးမှာ ကျွန်မတို့လို အခြားဌာနမှ လူများသည် Gmail, Gtalk,skype,VZO,ကို ရုံးချိန်တွင်း သုံးခွင့်မရှိပါ။ ဘန်း တို့လို ITဌာနက လူတွေသာ သုံးခွင့်ရှိတာကြောင့် ကျွန်မလိုအပ်ရင် ကူညီမယ်လို့ ဘန်းက ဆိုခြင်းသာ ဖြစ်သည်။




သို့ပေမဲ့ ကျွန်မ ဘန်းရဲ့ အကူအညီကို မလိုချင်ပါ။ ဘန်း နှင့် ကျွန်မသည် တစ်ရုံးထဲတွင် အလုပ်လုပ်နေသည်မို့ နေ့စဉ် မြင်တွေ့နေကြ။ ထို့ပြင် ဘန်း ရဲ့ မျက်နှာပြင်ပေါ်မှာ ဖြတ်ပြေးနေသော ရောင်စဉ် တစ်ချို့နှင့် ကျွန်မအပေါ် သက်ရောက်မှုတစ်ချို့ကို ဘန်းရဲ့ အမူအယာ ဂရုတစ်စိုက် ရှိမှုတွေမှ မြင်တွေ့နေရမြဲမို့ ဘန်းကို ကျွန်မ ရှောင်လေ့ရှိသည်။ ကျွန်မမှာ ကျွန်မ သိပ်ချစ်ရသည့် “ကို” ရှိသည်လေ ။




*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*




“Surprise !!! ”
ရုတ်တရက်  ဘန်း ရဲ့ အော်သံ တစ်ခုနှင့် မျက်လုံး ရှေ့ ရောက်လာည် အဖြူရောင် လီလီပွင့် တွေကို ထုပ်ပိုးထားသည့် ပန်းစီးတစ်စီးကြောင့် ကျွန်မ အံ့အားတစ်သင့် ဘန်း ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိသည် ။


“ယူလေ မေ ။ဒါ မေ့အတွက်ပါ ။ မေ့ကို ခုတစ်လော ကြည့်ရတာ ငေးငေးငိုင်ငိုင်နဲ့ ။ တစ်ခုခုကို အဆင်မပြေလို့ ဝမ်းနည်းနေသလိုပဲ။ မေ့စိတ် ခံစားမှုတွေ သက်သာအောင် ကျွန်တော့်ရဲ့ လက်ဆောင်ပါ”
“ဘန်းရဲ့ ဂရုဏာ အတွက် ကျေးဇူးပါ ဘန်း”
လို့ ဘန်းပေးတဲ့ ပန်းစည်းလေးကို လှမ်းယူရင်း ပြန်ပြောလိုက်တော့ ဘန်းက သူ့ ထုံးစမ်းအတိုင်း ခပ်ပြုံးပြုံးနှင့်
“ သေချာတာပေါ့”


ဆိုတဲ့ စကားတစ်ခွန်း ပြန်ကာပြောရင် ကျွန်မမျက်လုံးကို ခပ်စိုက်စိုက်ကြည့်ရင်း ကျွန်မ စိတ်တွင်းကို ထွင်းဖောက်နိုင်သည့် အကြည့်တစ်ချက်ဖြစ် လှမ်းကြည့်ကာ နှစ်သိမ့်ပြုံးနှင့် ပြုံးကာ ပြရင်း သူ့လက်နှင့် အလှမ်းမှီသည့် ကျွန်မ ပုခုံးသား တစ်ဖက်ကို ခပ်ဆတ်ဆတ် လှမ်းကာ ပုတ်ရင်း နှစ်သိမ့်ပေးနေသည်။


“မေ ဝမ်းနည်းစရာတွေ ရင်ထဲမှာ မထားနဲ့နော် ။ ပျော်ပျော်နေသိလား ။ ကျွန်တော် မေ ပြုံးနေတာကိုပဲ မြင်ချင်တယ် ။ ပါးချိုင့်တစ်ဖက်နဲ့ မျက်လုံးလေးတွေပါ လိုက်ပြုံးတဲ့ မေ့ရဲ့ အရင်လို အပြုံးလေးတွေကိုပဲ ကျွန်တော် မြင်ချင်တယ် ။ အခက်အခဲရှိရင် အားမနာတမ်းပြောပါ”
“ဟုတ်ကဲ့ ကျေးဇူးပါ ဘန်း”
ချစ်သူ ကြောင့် စိတ်ညစ်နေသည့် မေ့ကို အကြင်နာတွေ မပြပါနဲ့ ဘန်း ရယ်။ မေ “ကို့” ကို အရမ်းချစ်တာပါ ။မေ စိတ်ညစ်နေတာ မေ့ ချစ်သူကြောင့်ပါဆိုရင် ဘန်း မေ့ကို ဒီလို နှစ်သိမ့် နိုင်မယ် မထင်ပါဘူး ။




*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


ဖုန်း massage တစ်ခုဝင်လာသည့် အသံကြောင့် ဖုန်းကို လှမ်းယူကြည့်လိုက်တော့ ထုံးစံအတိုင်း ဒီအချိန် ရောက်လာတတ်သည့် ဘန်း ရဲ့ massage က အခန့်သား။


“ဟေးးး မေ..နေ့လည်စာ စားချိန် ။ဆင်းခဲ့တော့ ။ ကင်တန်းမှာ စောင့်နေတယ်နော်”
သက်မ မောကို ချရင်း နာရီကို မော့ကြည့်လိုက်တော့ နေလည်စာ စားချိန်။ ဒါပေမဲ့  ကျွန်မ အောက်ကို မဆင်းခဲ့ပါ ။ ဘမ်းနဲ့ အချိန်ပြည့် အတူရှိမနေချင်ပါ။ သဝန်တိုတတ်တဲ့ ကိုသာ သိရင် ယောက်ယက်ခတ်နေတဲ့ သဝန်တိုမှုတွေနဲ့ အေးချမ်းနိုင်မည်မထင် ။ ကျွန်မကိုလဲ ပြစ်တင်စူပူနေလိမ့်မည်။


“ကို” စိတ်မချနိုင်သည့် အပြုအမူ မျိုး ”ကို့”နောက်ကွယ် “ကို”မမြင်ရသည့် အခြေအနေတွင် ဖြစ်ပါစေ တစိမ်းယောင်္ကျားတစ်ယောက်နှင့် မနေချင်ပါ ။


“မေ”
ခေါ်သံ တစ်ခုကြောင့် မော့ကြည့်လိုက်တော့ ထုံးစံအတိုင်း ဘန်း ။ သူ့ရဲ့ ပြုံးချိုချို မျက်နှာလေးက အနည်းငယ် အုပ်မှိုင်းလို့ ။
“မေ နေ့လည်စာ ဆင်းမစားလို့ ဗိုက်ဆာနေမှာဆိုးလို့ ဝယ်ခဲ့ပေးတာ ။ ဆာတဲ့ အချိန် စားလိုက်နော်”
သက်ပြင်းကို မသိမသာ ခိုးရှိုက်ရင်း
“ကျေးဇူး ဘန်း”
လို့ တိုးဖွဖွ ပြန်ပြောလိုက်မိသည် ။
“မေ ညနေ ရုံးဆင်းရင် အတူပြန်ရအောင်နော်။ ကျွန်တော် လိုက်ပို့ပေးမယ်”
“မေ OT လုပ်ရမယ် ထင်တယ် ဘန်း ။ အလုပ်တွေ မပြီးသေးဘူး”
“ဪ OK လေ နောက်နေ့ တွေ့ကြတာပေါ့”
ကျောခိုင်းသွားတဲ့ ဘန်း ရဲ့ ကျောပြင်ကို ကြည့်ရင်း သူမအပေါ်ညှာတာသည့် ဘန်း ကို စိတ်ထဲမှ တိုးတိတ်စွာ တောင်းပန်လိုက်မိသည့်။
ထိုနေ့က ရုံးဆင်းချိန် ဘန်း ကို ရှောင်ချင်သည်နှင့် မရှိသည့် အလုပ်တွေကို ရှာကြံကာ လုပ်ရင်း ထိုနေ့ညက မိုးချုပ်မှာ အိမ်ကို ပြန်ဖြစ်ခဲ့သည်။အိမ်ပြန်နောက်ကျတဲ့ သူမအတွက် ဒေါသနှင့် စောင့်ကြိုနေသူက မည်သူရှိမည်နည်း။ ကျွန်မရဲ့ ချစ်လှစွာသော ”ကို”ပေါ့။
အိမ်ကိုအရောက် ကိုနှင့် တွေ့နေကြ အချိန်လေး နောက်ကျနေပြီးအသိနှင့် အဝတ်တောင် မလဲနိုင်ပဲ ဂျီတော့လေးလှမ်းကာ ဖွင့်လိုက်တော့ ထုံးစံအတိုင်း တစ်ထောက်ထောက် တက်လာနေသော စာများမှ ငြူစူသံများ။


“ဘယ်သူနှင့် ဘယ်သွားနေတာလဲ ၊ ဘယ်သဝေထိုးနေတာလဲ၊ ဒီမှာ စောင့်နေတာကြာပြီး မသိဘူးလား စသည်ဖြစ် စုံကာနေလို့။
“မေ ခုမှ ရုံးက ပြန်ရောက်တာပါ ကို”
“ခုချိန်မှ ပြန်ရောက်ရအောင် ဘယ်သွားနေလို့လဲ. ဒါရုံးချိန်မှ မဟုတ်တာ”
မဆုံးနိုင်သော ကိုရဲ့ ဆူပူမှုတွေကို နားထောင်ရင်း အပ်ကြောင်းထပ် မရိုးနိုင်သည့် စကားလုံတွေကို ပြန်လည်ဖြေရှင်းရင်း ပင်ပမ်းလာသည့် သူမအတွက်အတွက် မချမ်းမြေ့ဖွယ် ညလေး တစ်ည ကုန်ဆုံးရပြန်ပါပြီ။ “ကို” သူမကို ချစ်တာ သူမ သိပါသည်။ ချစ်လွန်းလို့ သဝန်တို စိတ်မချနိုင် ပူပင်နေတာကို သိပါသည်။ သို့ပေမဲ့ အနာဂတ်အတွက် သူမ ကြိုးစားရအုံးမည်။ ခုချိန် ပြန်လို့ မဖြစ်သေး။




*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*




“မေ”
ရနေကျ  BVLGARI  ရေမွှေးရနံ့ နှင့် ခေါ်သံတစ်ခုကြောင့် မော့မကြည့်ပဲနှင့် “ဘန်း” ဆိုတာ သူမ သိလိုက်ပြီ။
“ပြောပါ ဘန်း”
ပြောပါ လို့ ပြောမှ တိတ်ဆိတ်သွားသော “ဘန်း ” ကြောင့် ဘန်း မျက်နှာကို မော့ကာ ကြည့်လိုက်တော့ တစ်ခုခုကို လေးလေးနက်နက် တွေးဆနေသော မျက်နှာနှင့် ။
“တစ်ခုခု ပြောစရာ ရှိလား ဘန်း”
“အင်း ရှိတယ်
မေ..... ကျွန်တော့ကို မောင်လို့ ခေါ်ပါလား”
ရုတ်တရက် အံ့အားသင့်ကာ ဘန်းကို မော့ကြည့်လိုက်တော့ သူက ရှက်ကိုးရှက်ကန်းနှင့်ဖြူစွတ်စွတ် အသားအရေပေါ်မှာ ပါးပြင်နှင့် နားရွက်ဖျားတို့က နီစွေးလျက် ထိုနောက်မှ လေသံတိုးတိုးနှင့် ဆက်ကာ


“ဟို ကျွန်တော် မြန်မာအသိ တစ်ယောက်ကို မေးပြီး သင်ယူတာပါ”
“အင်း အဲ့ဒါဆို မောင် ဆိုတာ ချစ်သူခြင်းပဲ ခေါ်တယ် ဆိုတာ ဘန်း သိပြီးသားပေါ့”
“ဟုတ်ကဲ့”
“အင်းလေ ဘန်းနဲ့ မေက ချစ်သူတွေမှ မဟုတ်တာ”
“ဒါပေမဲ့ မောင် မေ့ကို ချစ်တယ် မေ ။ မောင့်ကို မေက မောင်လို့ ခေါ်စေချင်တယ် မေ”
ကျွန်မကတောင် မခေါ်ရသေး မောင်လို့ စတင်သုံးနေတဲ့ ဘန်းကို ကြည့်ရင်း ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ဘန်း ”
“ပြောပါ မေ”
“ကျွန်မမှာ ချစ်သူရှိတယ်.. သူက အခု ကျွန်မရဲ့ နိုင်ငံမှာပါ”
“ချစ်သူရှိတာ အဆန်းမှ မဟုတ်တာမေ ။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့ သူမှ မဟုတ်တာ။ မေ့မှာ ချစ်သူ ရှိခွင့် ရှိပါတယ်”
“မဟုတ်ဘူး ဘန်း။ ကျွန်မ သူ့ကို ချစ်တယ်။ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖို့လဲ ရည်ရွယ်ထားတယ်။ မေ သူ့တစ်ယောက်ထဲကိုပဲ ချစ်တယ် ဘန်း”
“မောင် မေ့ဆီက အချစ်ဆိုတာကို မတောင်းသေးပါဘူး။ မောင့်ကို မောင်လို့ ခေါ်ဖို့ရယ် မောင်ချစ်နေတာ အသိအမှတ်ပြုပေးဖို့ရယ်ပဲ တောင်းဆိုတာပါ”
“ဆောရီး ဘန်း မဖြစ်နိုင်လို့ပါ”


ကျွန်မရဲ့ နောက်ဆုံး စကားတစ်ခွန်းအပြီးမှာ ဘန်းက ဘာစကားမျှ မဆို ။ ကျွန်မကို ခပ်စိုက်စိုက်သာ ကြည့်နေလေသည်။ ဘန်းသည် ကျွန်မကို ချစ်စကား ပြောပြီးသည့် ထိုနေ့မှစ၍ တရားဝင် ဂရုစိုက် ကြင်နာမှုတွေ ပြခဲ့တာတော့ တစ်ရုံးလုံးပင် သိကြကုန်ပြီ။ လုပ်ဖော်ကိုင်ဖက်တို့၏ စနောက်သံတွေက ဘန်းနှင့် ကျွန်မတို့ နှစ်ဦးလုံးကို ပေါ်ပေါ်တင်တင်ပင် ။


ဘန်းရဲ့ အရိပ်တစ်ကြည့်ကြည့် ဂရုစိုက်မှုတွေသည် နေ့စဉ် တစ်ရက်မပျက်။ သူမကသာ ကို့ရဲ့ သဝန်တိုမှုတွေကို သိရှိထားသောကြောင့် ဘန်း အပေါ်ပုံမှန် ထက်မပိုသော ဆက်ဆံရေးနှင့်သာ ဆက်ဆံခဲ့သည်။ ဘန်းနှင့်အတူ နှစ်ယောက်သား တွဲသွားတွဲလာမလုပ်။ ကင်းတင်းမှာ တူတူ ထမင်းထိုင်စားတဲ့ အဖြစ်မျိုးကိုလဲ ရှောင်ခဲ့သည်။
ယုံပါ ကို ။ ကျွန်မ ကို့ တစ်ယောက်ထဲကိုသာ ချစ်တာပါ ။


*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


“မေ နက်ဖြန် ရုံးပိတ်ရက်နော်”
“အင်း”
ရုံးပိတ်ရက် ကိုများ အထူးအဆန်းလုပ် စကားထဲ ထည့်ပြောလာသည့် ဘန်း စကားကို စိတ်မဝင်စား သယောင် “အင်း” တစ်ခွန်းသာ ခပ်တန်းတန်း ပြန်ဖြေလိုက်သည်။
“မေ မနက်ဖြန် ကမ်းခြေသွားရအောင်။ မေ ကမ်းခြေသွားရတာ ကြိုက်တယ်ဆိုတာ မောင်သိတယ်”
“ကျွန်မ ဘယ်ကိုမှ မသွားချင်ဘူး ဘန်း ။ အိမ်မှာပဲ နားချင်တယ်”
မနားလို့လဲ မဖြစ်။ရုံးပိတ်ရက်တွေဆို ချစ်သူ “ကို” က အမြဲတမ်း လိုင်းပေါ်မှာ စောင့်နေလေ့ရှိသည်။ ကျွန်မ အပြင်ထွက်လို့မရပါ။ အပြင်ထွက်လျှင် “ကို ” နှင့် စကားများရလိမ့်မည်။
“ခဏလေးပါ မေ..ညနေခင်း လမ်းလျှောက်တာ ဖြစ်ဖြစ် ခဏလေး လမ်းလျှောက်ရအောင်ပါ”
“ဆောရီး ဘန်း...ကျွန်မ မလာနိုင်ဘူး ။ အိမ်မှာပဲ နေမှာပါ ”
“မေ မလာမချင်း မောင် အဲ့ဒီကမ်းခြေမှာ စောင့်နေမယ်မေ..မောင် ဆက်ဆက်စောင့်နေမယ်”
နှုတ်မဆက်ပဲ ထွက်ခွာသွားတဲ့ ဘန်း ကျောပြင်ကို ကြည့်ရင်း ထုံးစံအတိုင်း သက်ပြင်းရှိုက်ကျန်ခဲ့သူက ကျွန်မပေါ့ ။


*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


နေရောင်ခြည်တန်းကြောင့် ကျိန်းစပ်နေတဲ့ မျက်ဝန်းအစုံကို တွန်းကာ ဖွင့်ရင်း နာရီ ကြည့်လိုက်တော့ မနက် (၉)နာရီ။ စောသေးတာပဲ ။ ရုံးပိတ်ရက်ဆို နောက်ကျမှ နိုးထတတ်တာ သူမ အကျင့်။ ဆက်ကာ အိပ်လိုက်အုံးမည် ။ အိပ်လိုက်အုံး မည် ဆိုကာမှ မြည်လာသော ဖုန်း massage ကြောင့် မဖွင့်ချင် ဖွင့်ချင် မျက်လုံးများနှင့် လက်က ဖုန်းကိုဖွင့်ယူကာ ကြည်လိုက်သည်။


“မင်္ဂလာ နံနက်ခင်းပါ မေ ။ မောင်စောင့်နေမယ်နော်”
စောင့် စောင့်ပေါ့။ သူမကတော့ မသွားဘူးလို့ ဆုံးဖြတ်ထားတာကြောင့် မျက်လုံးကို ပြန်မှိတ်၍ ပြန်လည်အိပ်ဖို့ကိုသာ ကြိုးစားလိုက်သည်။ နောက်တစ်ကြိမ် သူမ ပြန်လည်နိုးလာတော့ (၁၁) နာရီထိုးပြီ ။ ဆက်အိပ်နေလို့ မဖြစ်တော့။ စက်ထဲ ထည့်လျှော်ထားပြီး ဖြစ်သည့် တစ်ပတ်စာ အဝတ်တွေကို မီးပူတိုက်ရအုံးမည်။ မီးပူးတိုက်ရင် ကွန်ပျူတာ ဖွင့်ထားရင်း ကို လိုင်းပေါ် တက်အလာကို စောင့်ရမည် ။ တစ်နာရီခွဲ အချိန်ကွာခြားနေသည့် ကိုနှင့်သူမ နေထိုင်ရာ နိုင်ငံအတွက် သူမကသာ ကြိုတင် စောင့်စားရပါလိမ့်မည်။


ကော်ဖီတစ်ခွက်လောက်တော့ သောက်အုံးမှ ။ ကော်ဖီကြိုက်သည့် သူမ အတွက်မနက်မိုးလင်းသည်နှင့် မရှိမဖြစ်လိုအပ်သည့် အရာသည် ကော်ဖီ ။ အလုပ်လုပ်နေသည့် ကော်ဖီဖျော်စက် အသံတွေကြားထဲမှ သူမ ကော်ဖီသောက်တိုင်း ရှုံ့မဲ့နေတတ်သော ကော်ဖီမကြိုက်သည့် ကို့ မျက်နှာကို မြင်ယောင်ရင်း ပြုံးမိလိုက်သေးသည်။ ထိုနည်းတူစွာပဲ သူမနှင့် တူတူ ကော်ဖီလိုက်သောက်လေ့ ရှိသည့် ဘန်းရဲ့ ပြုံးချိုချို မျက်နှာ ။


အိုးးးးးးးးး ဘန်းဆိုလို့ ဘန်း ကို သတိရသွားရင်း နာရီကို အမှတ်တမဲ့ မော့ကြည့်လိုက်မိသေးသည်။ No...No...No........။ မတွေးပါဘူးလေ။ သူမ မလာဘူးလို့ ပြောထားပြီးသား ။


ဟော ကြည့်စမ်းကွယ် ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေတယ်။ မိုးရေတွေကိုတော့ သူမ ချစ်သည်။ အထူးသဖြစ် အလုပ်နားရက်မှာ ရွာသည့် မိုးကို သူမ ပိုနှစ်သက်သည်။ မိုးအေးအေးနှင့် အိမ်မှာ ကွေးနေရတာ၊သီချင်းနားထောင် စာအုပ်ဖတ်ရတာကို သူမ နှစ်သက်သည်။


သူမ မီးပူတိုက်နေချိန်တွင်ပဲ ကို လိုင်းပေါ်တက်လာသည် နှင့် ကိုနှင့်စကားပြော ။ ရုံးပိတ်ရက်တွေဆို ကိုနှင့် စကားပြောရင်း ကုန်ဆုံးသွားသည့် သူမရဲ့ အချိန်အတွက် လက်ဖက်သုတ် တစ်ပန်ကန်ထဲ ထမင်းဖြူထည့်ရင်း ကွန်ပျူတာရှေ့ထိုင်စား ကိုနှင့် စကားပြောဖြစ်သည့် သူမ၏ နေ့လည်စာသည် မရိုးတမ်း အမြဲတမ်း။ သူမ ကွန်ပျူတာ ရှေ့မှာ မထချက်နိုင်အားပါ။ သူမ၏ နေ့လည်စာ အတွက် ထပြီး ချက်ပြုတ်မည်ဆိုလျှင် ကိုက မေးတတ်သည်။


“ကိုနှင့် တွေ့သည့် အချိန်နှင့် ထမင်းဟင်းကောင်းကောင်းတစ်ခွက် မည်သည်က ပို၍ အရေးကြီးသနည်း။”
ထိုမေးခွန်းအတွက် အဖြေနှင့် နောက်ဆက်တွဲ စကားများရခြင်းကို သူမ မဖြေရှင်းချင်၍ သူမ၏ နေ့လည်စာကို ဖြစ်သလိုသာ ဖြေရှင်းသည်။ထိုခဏတွင် မိုးသဲသဲနှင့် ဘန်းကိုလဲ သူမ ခဏမေ့ပျောက်ထားလိုက်ပြီ။ ကိုသည်သာ သူမရဲ့ ကမ္ဘာ ။


တစ်နေ့တာ  ကုန်ဆုံးလို့ တစ်နေဝင်မိုးပင်ချုပ်ခဲ့ပြီ။ မှားလို့ ထိုနေ့က မိုးတွေ ရွာနေလို့ နေမဝင်ခဲ့ပါ။ ဝင်စရာ နေလုံး မရှိခဲ့သောကြောင့် နေဝင်သည်လို့ ပြော၍ မရနိုင်ပါ။ သို့သော် မိုးတော့ ချုပ်ခဲ့ပြီ။


ကလင်းးးးးးးးး ကလင်းးးးးးးးးး


သူမ အခန်းရှေ့မှ မြည်လာသော ဘဲလ်သံကြောင့် နာရီကိုကြည့်လိုက်တော့ (၁၀) နာရီတောင် ထိုးနေပြီ။ ဘယ်သူများပါလိမ့် ။သူမဆီ ဧည့်သည်လာလေ့ မရှိပါ။ ယခုလို ညဉ့်နက်ချိန်ဆို ပို၍ဝေးသည် ။


ကလင်းးးးးးးးးး ကလင်းးးးးးးးးးးး


နောက်ထပ်တစ်ချက် မြည်လာသော ဘဲလ်သံကြောင့် သူမ အတွင်းတံခါးကို ဖွင့်ကြည့်လိုက်တော့ သံဇကာအပြင်ဘက်မှာ ရပ်နေသည့်
အိုးးးး ဘန်း ရယ်လေ ။ တစ်ကိုယ်လုံး မိုးရည်တွေ စိုရွှဲလို့ ။မိုးရေစက်တွေ ခိုတွဲနေတဲ့ သူ့ဆံပင်တွေ အောင်က မျက်ဝန်းညိုတွေ။ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ပြာလဲ့လဲ့ နှုတ်ခမ်းသားတွေ။ သူဝတ်ထားတဲ့ ရှပ်အကျီ င်္ ဖြူဖွေးဖွေးက သူ့ခန္ဓာမှာ ကပ်လို့။


“မေ မောင်စောင့်နေခဲ့တယ် ။ မောင့်ဆီကို ရောက်မလာခဲ့ဘူးနော်”


တစ်ခွန်းထဲသော စကားကိုသာ ပြောပြီ ဘန်း လှည့်ထွက်သွားခဲ့သည်။ သူမ ကြက်သေ သေကာ ဘန်း ရဲ့ ကျောပြင်လေး ကိုသာ ငေးမောကြည့်နေမိသည်။
ဘန်းရယ်...။ ဒီအချိန်ထိ မိုးရေထဲမှာ ရှိနေခဲ့တာလား ။မေ မလာဘူးလို့ ပြောထားတာ ဘာလို့ စောင့်နေခဲ့သလဲ ဘန်းရယ်။


*~*~*~*~*~*~*~&&&&*~*~*~*~*~*~*~*


နောက်နေ့ ရုံးကိုရောက်တော့ ဘန်းကို မတွေ့မိ။ မနေ့က အရှိန်နှင့်များ ဖျားလေ သလား။ မတွေ့ဘူးဆိုမှ တွေ့ ချင်စိတ်နှင့် ဘန်းကို တိတ်တိတ်လေး ရှာဖွေနေမိသည်။


ဘန်းရယ် ကျွန်မ မှားခဲ့ လေသလား ။ဘန်းကိုငှဲ့ကွက်ခြင်းမရှိ မိုးရေထဲမှာ ပြစ်ထားခဲ့မိလေသလား။
တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတဲ့ ရက်တွေမှာ ဘန်းကို တွေ့ဖို့ သူမ မျှော်လင့်နေမိသည် ။သူမအနားမှာ အမြဲရှိနေတတ်သည် ဘန်းကို သတိရနေမိသည်။ပြုံးပြုံးရွှင်ရွှင်နှင့် သူမနား အမြဲတမ်း ရှိနေတတ်သည့် ဘန်းရဲ့ လစ်ဟာမှုကို သူမ ခံစား တတ်လာပြီ။ ဒါဟာ သူမ နံဘေး ရှိနေတတ်သည့် သူငယ်ချင်း မိတ်ဆွေ တစ်ယောက် မရှိတော့သည့် လစ်ဟာမှုလို့ သူမ ဘာသာ ဘယ်လိုနာမည် တတ်တတ် ဘန်းကို သတိရတဲ့စိတ်နဲ့ တမ်းတနေတာတော့ အမှန်ပါ။


သူမရင်ထဲ မသိမသာ ဝင်ရောက်လာတော့မယ့်... မဟုတ်ဘူး... ဝင်ရောက်လာစ ပြုနေပြီး ဖြစ်တဲ့ ခံစားမှု တစ်ခုကို သူမ လျစ်လှူရှူတတ်ရတော့မည် ။
ဘန်း ကို သတိရတဲ့ စိတ်ကြောင့် ဘန်းရဲ့ ဖုန်းနံပတ်လေးကို နှိပ်လုနှိပ်ခင် ဖြစ်နေသည့် သူမရဲ့ လက်ချောင်းလေးတွေကို သူမ မကြာခဏ ဆုပ်နယ်နေမိရင်း မခေါ်မိဖို့ အကြိမ်ကြိမ် သတိပေးနေမိ၏ ။ တစ်ရုံးထဲနေ လုပ်ဖော်ကိုင်ဖက်များ၏ ပန်းစည်းလေးများ ၊ သစ်သီးဝလံ ခြင်းလေးများ ၊ မုန့်ထုပ်ပါကင်လေးများ သယ်ဆောင်ပြီး ဘန်းကို လူနာသတင်း သွားရောက်မေးမြန်းမှုအပေါ် သူမ မသိကျိုးကျွံ ပြုခဲ့မိ၏။


တစ်ပတ်မြှောက်အကြာမှာတော့ ကျွန်မ မြင်တွေ့နေကြ ဘန်း မျက်နှာလေးကို မြင်တွေ့ခွင့်ရပြီ ။အနည်းငယ် ချောင်ကျသွားသော မျက်နှာပေါ်တွင် ခပ်နွမ်းနွမ်း အပြုံးနှင့်ဘန်းကပဲ အလျင်ဦးစွာ
“Morning may”
လို့ စနှုတ်ဆက်တော့ သူမကလဲ
“မောနင်း ဘန်း နေကောင်းသွားပြီလား”
“အင်း ကျေးဇူး ကောင်းသွားပါပြီး”
နှစ်ဦးသား ငြိမ်၍ ခေတ္တ ခဏ တစ်ယောက်မျက်နှာ တစ်ယောက်ငြိမ်သက်ကြည့်နေမိသည်။ ထိုခဏတော့ လောကကြီး တစ်ခုလုံး တိတ်ဆိတ်နေသယောင်။ ကျွန်မရင်ထဲမှာ ဝမ်းနည်းခြင်းတစ်ချို့က လှိုက်တက်လာသယောင်။


“မေ”


ဘန်းရဲ့ ခေါ်သံနောက်မှာ ဆွံ့အတဲ့ နှုတ်ခမ်းတစ်စုံက သံစဉ်မဲ့ ကာ မှိုင်းညို့ညို့ မျက်ဝန်းတစ်စုံကသာ ဘန်း မျက်နှာကို မော့ငေးကြည့်လိုက်သည်။


“မေ မောင့်ကို ပြောစရာ စကား တစ်ခွန်းရှိမနေဘူးလား မေရယ်”
ကနဦးစက ပြိုမလို မျက်ဝန်းတစ်စုံမှ လိမ့်ဆင်းလာတဲ့ မျက်ရည် တစ်စ ကို သူမရဲ့ ခေါင်းကို အစွမ်းကုန် ခါလိုက်ရင်း ကာကွယ်လိုက်မိသည်။
“ဆောရီး ဘန်း မေ့မှာ ပြောစရာ ဘာစကားမှ မရှိဘူး ”
“ဘာကြောင့်လဲ မေ..ဘာကြောင့်လဲ ။ မေ့ရင်ထဲကို မောင် မြင်နေသလိုပါပဲ မေ”
“ဘန်း အထင်မှားနေတာ နေမှာပါ ဘန်းရယ်။ မေ့ရဲ့ ဘန်းအပေါ် စိုးရိမ်ပူပင်မှူက သူငယ်ချင်း တစ်ယောက် လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ပူပင်စိုးရိမ်မှုပါ ဘန်း”
“မေရယ် ဟန်ဆောင်မနေပါနဲ့တော့ ။ မောင့်ကို ချစ်တယ်လို့ ပြောလိုက်ပါတော့ မေရယ်”
“မဟုတ်ဘူး ဘန်း။ ဘန်းလဲ သိပြီးသားပဲ မေ့မှာ ချစ်သူရှိတယ်ဆိုတာ။ မေ့ချစ်သူကို မေ ချစ်တယ် ဘန်း”
“မေရယ် မေ့ရင်ထဲကို မောင်မြင်နေရပါတယ်”
သူမ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချရင်း ဘန်းရဲ့ မျက်နှာတစ်ဝ ခက်စိုက်စိုက် ကြည့်လိုက်သည်။ ပြီးမှ လေကို တစ်ဝ ရှူသွင်းကာ
“ဘန်း..မေပြောမယ် သေချာနားထောင်”
“ပြောပါ မေ”
“ မေ ဘန်းကို မချစ်ဘူး..။ဟုတ်တယ် မချစ်ဘူး ဘန်းရယ်။ နောက် ဘန်းကို မေ မချစ်ဘူး... ချစ်ခဲ့တယ် ဆိုရင်တောင် ဘန်းကို မေ မချစ်သင့်ဘူး ဘန်း... မေ့မှာ ချစ်သူရှိတယ်... မေ့ချစ်သူအပေါ် မေ သစ္စာရှိရမယ် ဘန်း... အဲ့ဒီထက် ပိုတာက မေ့ နိုင်ငံအပေါ် မေ သစ္စာရှိရမယ် ဘန်း... မေ မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘယ် လူမျိုး တစ်ယောက်ကိုမှ လက်တွဲဖော် အဖြစ်မရွေးဘူး ဘန်း.. မေ ဟာ မြန်မာပြည်သာ မြန်မာလူမျိုးပါ... မေ့ရဲ့ မျိုးဆက်သစ်အတွက် ဘယ်သွေးမှ အရောမခံဘူး ဘန်း။ မေ့ကို နားလည်ပေးပါ။ မေ ဘန်းကို မချစ်ဘူးဆိုတာ ကိုလဲ ဘန်း ယုံကြည်ပေးပါ ”


“မေ.... မေ့ရဲ့ ခံစားချက်ကို ဒီတိုင်း လစ်လျူရှူ့မှာလား မေရယ်”


“Ben Please..........”
“ဟူးးးးးးးးး OK မေရယ် မေ စိတ်ချမ်းသာ သလို နေပါ။ မေ့ ဆုံးဖြတ်ချက်အတိုင်း မေ ဆောင်ရွက်ပါ..မောင်ဖြည့်ဆည်းပေးပါ့မယ်..ဒါပေမဲ့ တစ်ခုတော့ ခွင့်ပြုပါမေ..မောင့်ကို “မောင်” လို့ သုံးခွင့်ပြုပါ..မေနဲ့ ချစ်သူ ဖြစ်ခွင့် မရခဲ့ဘူးဆိုတာတောင် မေနဲ့  ရင်းနှီးတဲ့ အသုံးအနှုန်းလေး တစ်ခု မေချစ်တဲ့ နိုင်ငံလေးက ချစ်သူခြင်း ခေါ်ဝေါ်တဲ့ အသုံးနှုန်းလေး တစ်ခု မောင့်ကို ပိုင်ဆိုင်ခွင့် ပေးပါ မေ.. ပြီးတော့ မေ အရင်လို ပြုံးနေပါ..။ မေ့နှုတ်ခမ်းထက်က အရင်လို အပြုံးကို မောင်အမြဲတမ်း မြင်နေချင်တယ်မေ။ မေ ပြုံးနေမယ်ဆိုရင် မောင် ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်..။မေ့ရဲ့ အပြုံးတွေကိုပဲ မြင်တွေ့ချင်တယ်..မေ့နှုတ်ခမ်းထက်က အပြုံးပန်း ထာဝရ လန်းဆန်းနိုင်အောင် ကြိုးစားပါမေ”


သူမ၏ ပြန်ပြောလာမည့် မည်သည့်စကားကိုမျှ မစောင့်ပဲ ဘန်း က ညင်သာစွာ ကျောခိုင်းထွက်သွားသည် ။
ဒီအချိန်မှာ ဘန်း လှည့်ကြည့်ခဲ့ရင် သူမ ပါးပြင်ပေါ်က မျက်ရည်တွေကို ဘန်း တွေ့မှာပါ ။ ဒါပေမဲ့ ဘန်းရယ် ဖြစ်ပေါ်လာတဲ့ ခံစားချက် တစ်ခုနဲ့ စိတ်ရဲ့ သာယာမှုနောက်ကို ကျွန်မ လိုက်လို့ မရဘူး ။ခံစားချက်တွေ ၊ သာယာမှုတွေ နောက်ကွယ်က လိုက်လာမဲ့ သစ္စာတရားတွေ ကို ဖောက်ဖျက်ရမှာကို ကျွန်မ သတ္တိမရှိခဲ့ပါဘူး။


သစ္စာဖောက်မှု တစ်ခုက ကျွန်မ ချစ်သူကို ကျွန်မ သစ္စဖောက်တာထက် ကျွန်မချစ်တဲ့ နိုင်ငံကို ဖောက်မိသွားမဲ့ သစ္စာက ပိုကြီးသွားနိုင်ပါတယ်။ ခဏတာ သာယာဖို့ ကျွန်မ သစ္စာ မဖောက်နိုင်ဘူး ဘန်း..။
သစ္စာတရား အတွက် ကျွန်မ နှလုံးသားကို ကျွန်မ စတေးရဲပါတယ်။
မေ ဘယ်တော့မှ နောက်တ မရပါဘူး ဘန်းရယ်။ ဒီခံစားမှုကို ခဏတာ စိတ်ယိမ်းယိုင်မှုလို့သာ အမည်တပ်လိုက်ပါတော့မယ် ဘန်း ရယ်။


မျက်ဝန်းမှာ အဆက်မပြတ် ကျလာသည့် မျက်ရည်များကိုတော့ မသုတ်တော့ပဲ ခဏတာ ဒီတိုင်း စီးဆင်းခွင့် ပေးလိုက်ပါတော့မယ်..။ ချုပ်တည်း မထားချင်တော့ပါ။ နှလုံးသား တစ်ခုလုံးကို သစ္စာတရားအတွက် ထိန်းသိမ်းထားပြီးမှတော့ ဒီမျက်ရည်တွေကို ပြိုချင်တိုင်း ပြို စီးဆင်းခွင့် ပေးလိုက်ပါတော့မည်။
ဒီတစ်ကြိမ် ငိုပြီးရင် ဘန်း ဖြစ်ချင်တဲ့ အတိုင်း မေ အမြဲတမ်း ပြုံးနေတော့မှာပါ..ဘန်း ရဲ့ တစ်ခုတည်းသော ဆန္ဒကို မေ ဖြည့်ဆည်းပေးမှာပါ ဘန်း ရယ်...။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




















Sunday, 22 January 2012

ဖော့တုံးနှင့် ကပ်ချည်ခံရသောသူ ဖြစ်ပါစေ

စိတ်ဖိစီးမှုတွေ များနေတဲ့ သူမ စိတ်ခံစားမှု သက်သာလို သက်သာငြား ကမ်းခြေဘက်သို့  လမ်းလျှောက်ထွက်လာခဲ့သည် ။


“ဟူးးးးးးးးးးးးးးးးးး”


လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ပင်လယ်ပြင်မှ ဖြတ်တိုက်လာတဲ့ ဆားငွေ့ တစ်သင်းသင်း လေလှုံးကြီးကို တစ်ချက် ရှိုက်ကာ ရှုလိုက်ရင်း မျက်နှာမူရာ ဆီသို့  ရည်ရွယ်ချက်မဲ့  ဆက်လျှောက်နေခဲ့မိ၏ ။ ဘာကြောင့် အဆင်မပြေမှုတွေ များနေတာလဲ ။


သူမရင်ဆိုင်နေရတဲ့ ကျဆုံးမှုတွေ.............။


ထိုကျဆုံးမှုတွေနှင့် ကပ်ပါလာတဲ့ အထီးကျန်ခြင်းတွေ............။


ဘယ်မှာလဲ တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အောင်မြင်မှုတွေ.............။


ဘယ်မှာလဲ သူမအနားမှာ ရစ်သီခဲ့တဲ့ ခြွေရံသင်းပင်းတွေ..........။ ခုချိန်မှာ တစ်ခုမှ မရှိတော့............။


မွန်းကြပ်မှုတွေနှင့် အတူ လှမ်းလာနေသော သူမခြေထောက်တစ်စုံက ရှေ့ မ ကလေး နှစ်ယောက်ရဲ့  ငြင်းခုန်နေမှုကြောင့် ရပ်တန့် သွားကာ ထိုကလေး နှစ်ယောက်ရဲ့  တစ်ပိုင်းတစ်စ အငြင်းအခုန် အလောင်းအစားပွဲလေးဆီသို့ ငေးကြည့်နေမိ၏..........။


“မင်းမယုံဘူးလား ငါရေထဲ ပစ်ချလိုက်လို့  ဒီဓား ရေထဲ မမြုပ်ရင် မင်း ရှုံးပြီနော်”
“မဖြစ်နိုင်တာ မပြောပါနဲ့ ..ပြီးတော့ ဒီဓား ရေထဲနှစ်မြုပ်သွားရင် ငါ့မေမေ ဆူလိမ့်မယ်...မဖြစ်ပါဘူးကွာ”
“မင်း ငါ့ကို ယုံစမ်းပါ ..ငါရေထဲ ချပြမယ် ကြည့်နေ ဒီဓားကို ရေထဲမမြုပ်အောင် စေရဘူး“
“မလုပ်ပါနဲ့ ကွာ..ငါ့အမေ ငါ့ကို ရိုက်လိမ့်မယ်ကွ”
“ခဏလေးကွာ မင်းကြည့်နေ..ကဲ ပြောရင် ကြာတယ်ဒီမှာကြည့်”


ကောင်လေးက ပြောပြောဆိုဆို တစ်ဖက်ကောင်လေး လက်ထဲမှ ဓားကို ဆတ်ခနဲ့  ဆွဲကာယူရင်း အနီးမှာ အသင့်ရှိနေတဲ့ ဖော့ပြားကြီးနှင့် ကပ်ချည်ကာ ရေထဲ ပစ်ချလိုက်သည်......။ ဖော့ပြားနှင့် ကပ်ချည်ထားသော ဓားလေးမှာ ဖော့ပြားရဲ့  အရှိန်နှင့် ရေထဲသို နှစ်မြုပ်မသွားပဲ ဖော့ပြားနှင့်အတူ ရေထဲတွင် ပေါလောလေး ပေါ်နေလေ၏........။


“တွေ့ တယ် မဟုတ်လား ။ မင်းဓားရေထဲ နှစ်မြုပ်မသွားပါဘူးဆို”
“ဒါတော့ မင်းက ဖော့ပြားနဲ့  ချည်ထားတာကိုးကွ”
“မင်းကို ငါက ဒီဓား ရေထဲမှာ မမြုပ်ဘူးလို့ ပဲ ပြောတာလေ ဘယ်လိုကြောင့် နှစ်မြုပ်မယ် မနှစ်မြုပ်ဘူး မပြောဘူးလေ။ မမြုပ်ဘူး ပေါ်စေရမယ်လို့ ပြောတာ မင်းမှ လက်မခံတာ ။ ခုတော့ မင်းရှုံးပြီး”


တစ်ဖက်ကလေး၏ စကားအရာကျွမ်းကျင်စွာ မလိမ့်တပတ်အနိုင်ယူမှုနှင့် အရှုံးအတွက် ရှုံ့ မဲ့ နေသော ကလေး နှစ်ဦးရဲ့  မျက်နှာကို  သူမ ငေးကြည့်ရင်း သူမ တွေးနေမိ၏ ။
လောကမှာ ဒီလို မလိမ်တပတ်နှင့်လှည့်စားနေသူတွေ ဘယ်လောက် များနေပါသလဲ...။ ရှုံးနိမ့်သူတွေကလဲ ထောင်သောင်းမကလား ။ သေးငယ်သော ဆုံးရှုံးမှုလား ၊ကြီးစွာသော ဆုံးရှုံးခြင်းတွေလား ။ သူမ မသိနိုင်တော့ပါ ။ သူမ လိုက်၍ မမှီနိုင်ပါ ။ သူမ တစ်ခု သိလိုက်သည်က ဖော့တုံးနှင့်အတူ ရေထဲ ပစ်ချခံလိုက်ရသည့် ဓားတစ်ချောင်း ။
ဒီတိုင်း ပကတိ ပစ်ချလိုက်လျင် ဆုံးရှုံးသွားမည်ဆိုတာ သေချာနေသော ဓားတစ်ချောင်း ။ဖော့တုံးနှင့် တွဲချည်ခံထားရ၍ ရေထဲတွင် ပေါလော ပေါ်ခွင့်ရခဲ့သည်......။


ဒီဓားတစ်ချောင်း နေရာမှာ လူသားတစ်ဦးဆိုလျှင်ရော.........။ စုန်စုန်မြုပ်နိုင်တဲ့ အခြေအနေနှင့် မလိမ့်တစ်ပတ် နစ်မြုပ်ခံထားရလျှင်ရော ပေါ်နိုင်မည်လား.......။ သူလဲ ပေါ်နိုင်တာပေါ့........။


ဖော့တုံးလေး တစ်တုံးနှင့် ဥပမာတူတဲ့ အရာတွေကို ပိုင်ဆိုင်ထားလျှင် သူလဲ ကျရှုံးနေမှုတွေထဲက လွတ်မြှောက်ရုန်းထွက်ပေါ်နိုင်တာပေါ့...။ ဖော့တုံးလေးမှာ တစ်စေ့ခြင်း ပူးကပ်ထားသည့် ဖော့စေ့လေးတွေ နည်းတူ သူမရဲ့  စွမ်းရည် ၊ ခံနိုင်ရည် ၊ အသိအလိမ္မာ ၊ကြံခိုင်ခြင်းတွေ အားလုံး စုစည်းပြီး ပူပေါင်းလိုက်မယ် ဆိုရင် သူမ ကျဆုံးခြင်းတွေ များစွာထဲက လွတ်မြှောက်နိုင်ပြီ.........။


သူမ ကျဆုံးခြင်းတွေ အတွက် ဘာကြောင့် စိတ်ထိခိုက်နေရတော့မလဲ.......။ အောင်မြင်မှု တစ်ခုကို ရှာဖွေ ရုန်းထွက်တော့မယ်....။ ရှင်သန်ခွင့်တွေ အတွက် စွမ်းဆောင်ရတော့မယ်............။


သူမ ကိုယ်ကို ရေထဲ ပစ်ချခံလိုက်ရသည့် ဓားတစ်ချောင်းအဖြစ် မှတ်ယူကာ ဖော့တုံးလေးနှင့်တူသော စိတ်နှလုံးနဲ့  ကပ်ချည်ပြီး သူမ အချိန်တိုင်း ထာဝရ ထူးချွန်စွာ ပေါ်နိုင်အောင် ကြိုးစားသွားပါအုံးမည်...........။








..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Friday, 2 December 2011

သိမ်ငယ်မှုများနှင့် ကျွန်မ

တစ်ခါတစ်ရံတော့ သူမအပေါ်ရက်စက်လွန်းတဲ့ ကံကြမ္မာအပေါ် သူမ အပြစ်တင်ရိုးမယ်ဖွဲ့ ချင်ခဲ့သည်...။ အထူးသဖြစ် ငယ်ရွယ်စဉ်က ရွယ်တူ သူငယ်ချင်းများကဲ့သို့  စိတ်သွားတိုင်း ကိုယ်ပါကစားခွင့်မရသည့် အခါမျိုး ၊ အရွယ်ရောက်လာတော့လဲ သူများတကာလို သွားလာခွင့်မရတဲ့ အခါမျိုးတွေတိုင်း ကိုယ့်ဘဝကို မကျေနပ်မိခဲ့..........။

ဘာကြောင့်များ ဘယ်လိုအကြောင်းကြောင့်များ သူမ ဒီလို ဝေဒနာကို ခံစားနေရတာပါလိမ့်...။ ဝဋ်ကြွေးတွေကြောင့်များလား..........။ မပြည့်စုံတဲ့ သူမဘဝလေးကြောင့် စိတ်အားငယ်ခြင်းတွေက အချိန်ပြည့် နေရာယူထားပြီး သိမ်ငယ်စိတ်ကို အဖော်ပြုရင်း သူမ၏ ဘဝကို ဖြတ်သန်းလာခဲ့သည်...။

သူမ သိတတ်စအရွယ်ကတည်းကနေ သူမမှာ အခြားကလေးတွေလို လှုပ်ရှားသွားလာခွင့် မရရှိခဲ့............။ သူမမှာ ခန္ဓာကိုယ်နှင့် မလိုက်ဖက်လှသည့် သေးငယ်ပိန်လှီနေသော ခြေထောက်တစ်စုံကို ပိုင်ဆိုင်ခဲ့သည်...။ ပတ်ဝန်းကျင်က ကြည့်ကြသည့် သနားစရာ အကြည့်နှင့် ခေါ်ဝေါ်ကြသည့် ဂရုဏာသံနှင့် အခေါ်အဝေါ် ခန္ဓာကိုယ်အောက်ပိုင်းသေနေသည့် ကောင်မလေး...။

သူမပိုင်ဆိုင်သည့် ထိုခြေထောက်တွေနှင့် သူမ တည့်မတ်အောင် မရပ်တည်နိင်ခဲ့....။ ချိုင်းထောက်အကူအညီမပါပဲ သူမ လမ်းမလျှောက်နိုင်ခဲ့ ...။ ရွယ်တူသူငယ်ချင်းတွေလို တစ်ယောက်ထဲ ကျောင်းသို့  သူမ မသွားနိုင်ခဲ့...။ သူမအတွက် အကူအညီ အဖော်တစ်ဦး အမြဲလိုအပ်နေခဲ့သည်..။ သူမ၏ဘဝကို သူမ မကျေနပ်ခဲ့ပါ...။ သူမသည်လဲ အခြားသူများကဲ့သို့ သွားလာလှုပ်ရှားချင်ခဲ့ပါသည်...။

ရွယ်တူ သူငယ်ချင်းတွေ၏ “ငချိမ” ဟု နောက်ပြောင်ခေါ်ဝေါ်မှုအပေါ် သူမရှက်ရွံ့ ခဲ့ပါသည်...။
“ငချိမ နင်က ငါတို့ နဲ့  ကစားချင်လို့ လား”
“ငချိမ နင်ကစားလို့ ရတာလဲ မဟုတ်ပဲနဲ့  မကစားနဲ့ ..နင်ထိုင်နေရတဲ့ အတူတူ ငါ့ကို အိမ်စာဝိုင်းကူလုပ်ထားပေး..”
အတန်းဖော်သူငယ်ချင်းများရဲ့  သူမအပေါ် ပြောဆိုဆက်ဆံမှုတွေ ကြုံရတိုင်း သူမ အားငယ်ခဲ့သည်...။ သူတို့ တွေနှင့် ကစားခွင့်မရခဲ့သည့်အခါတိုင်း ဝမ်းနည်းခဲ့ပါသည်...။ သူမ၏ စိတ်အားငယ်မှုတွေကို ဖြေသိမ့်ပေးသောအရာတွေကတော့ စာအုပ်တွေပဲပေါ့...။ သူမရဲ့  အားလပ်ချိန်တိုင်းမှာ အများသူငှာလို ကစားခွင့်မရလေတိုင်း သူမ စာအုပ်ဖတ်ချင်းဖြစ်သာ သူမ၏ အချိန်တွေကို ကုန်ဆုံးစေခဲ့သည်...။ထိုစာအုပ်တွေကသာ သူမ၏ဘဝအတွက် ခွန်အားဖြစ်စေပြီး မဝံ့မရဲ အားငယ်တတ်သည့်သူမ စိတ်ဓာတ်ခွန်အားတစ်ချို့ နှင့် ရရှိထားသည့် ဘဝကို ရင်ဆိုင်ရန် သူမရဲ ရင့်လာခဲ့သည်...။

အွန်လိုင်းဆားဗစ်ဝန်ဆောင်မှုကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ရင်း သူမရဲ့  ဘဝကို ဖြတ်သန်းလာခဲံသည်..။ သူမအလုပ်ရခဲ့သည့် နေ့ က ဖြစ်ပေါ်လာသည့် ကြည့်နူးမှုက ဘယ်အရာနှင့်မျှမလဲနိုင်ခဲ့ပါ..။ သူမအတွက်ပထမဆုံးအလုပ်.. သူမရဲ့  အောင်မြင်မှု.. သူမရဲ့  ကြိုးစားအားထုတ်မှု..။ ထိုအလုပ်ကြောင့်ပဲ သူမကိုယ်သူမ ယုံကြည်မှုတွေပိုတိုးလားခဲ့သည်..။

အင်တာနက်ကို အသုံးပြုရင် လုပ်နေရသည့် အလုပ်တစ်ခုကြောင့် သူမ အွန်လိုင်းထဲမှ လူပေါင်းများစွာကိုကြုံတွေ့ ခဲ့ရသည်..။ ထိုထဲမှ သူငယ်ချင်းပေါင်းများစွာကို သူမရရှိခဲ့သည်..။ ထိုသူငယ်ချင်းများနှင့် ပြောဆိုရလေတိုင်း သူမရဲ့  စိတ်တွေ လွပ်လပ်ပေါ့ပါးခဲ့ပါ၏...။သူမ၏ လက်ရှိအခြေအနေကို သူတို့ တွေမှ မမြင်ရတာပဲ...။ထို့ ကြောင့် အားငယ်စိတ်တို့ မဖြစ်ခဲ့ပါ..။ ထိုအရာက သူမအထင်သာ....

အွန်လိုင်းသူငယ်ချင်းတွေထဲမှ“ မိုးညို” ဆိုသည့် သူနှင့်ဆုံတွေ့ ခွင့် မရချိန်ထိပေါ့.........။ မိုးညိုဆိုသည့် ကောင်ကလေးနှင့် နေ့ စဉ်အွန်လိုင်းထဲမှာ ဆုံတွေ့ ကြရင်း စကားတွေ ပြောကြရင်း ရင်းနှီးမှုတွေက တစ်ရစ်ပြီးတစ်ရစ် ပိုးတိုးလာလျှက်..........

သူမ မိုးညိုကို ချစ်မိနေပြီးဆိုတာ သိလိုက်ရချိန်မှာ သူမအရမ်းကိုတုန်လှုပ်ခဲ့မိပါသည်...။ မချစ်သင့်... သူမလို ဒုက္ခိတ တစ်ယောက်က လူတစ်ယောက်ကို ဘယ်လိုမှ မချစ်သင့်..။ သူမအတွက် လူတစ်ယောက်ကို ချစ်မိတာဟာ သူမချစ်သော ထိုသုကို ဒုက္ခတွေ ပေးနေတာနှင့်အတူတူပါပဲ...။ သူမကိုယ် သူမမှ မရပ်တည်နိုင်ခဲ့တာပဲ...။ သူမရဲ့  တွေဝေမှုတွေကို ဆွဲငင်ခေါ်ဆောင်ခဲ့သူကတော့ မိုးညိုကိုယ်တိုင်ပါပဲ...။

“ကြွေကိုချစ်တယ်”
ဆိုတဲ့ စာတမ်းလေးကို လေလှိုင်းကြားက ပို့ သနေတဲ့ မိုးညိုကြောင့် သူမ ဆန္ဒကို ခဏတာလောက် ကြည်နူးခွင့်ပေးပြစေ...။ အပြင်မှာတွေ့ ဆုံခြင်းမရှိတဲ့ အွန်လိုင်းချစ်သူဘဝနဲ့  မိုးညိုကို မြတ်မြတ်နိုးနိုးချစ်ပြစေ...။ ခဏတာ ဖြစ်ဖြစ်ပါ..။ မိုးညိုကို ချစ်နေခွင့်ရခဲ့တယ်ဆိုရင်ပဲ သူမ ကျေနပ်ပါပြီ...။
“မိုးညို ကြွေမှာ  အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုရှိနေခဲ့တယ်”
“ပြောလေကြွေ”
“ကြွေလဲ မိုးညိုရဲ့  ချစ်သူ ဖြစ်ချင်တယ်..မိုးညိုရဲ့  ချစ်သူအဖြစ် ခဏတာ ဖြစ်ဖြစ် ရပ်တည်ချင်တယ်”
“မဟုတ်ဘူးကြွေ..မိုးညိုက ကြွေကို ခဏတာအတွက် အွန်လိုင်းဇာတ်လမ်း လုပ်နေခဲ့တာ မဟုတ်ပါဘူး..ကြွေ့ ကို အမှန်တကယ်ချစ်ခဲ့တာပါ..ရိုးသားအေးဆေးတဲ့ ကြွေ့ ကို မိုးညို အမှန်စင်စစ် ချစ်ခဲ့တာပါ ကြွေ“

မိုးညိုရဲ့  စကားအောက်မှာ သူမငြိမ်သက်နေမိသည်..။ သူမ အမှန်တကယ်ရိုးသားခဲ့သူလား..။ သူမ၏ ခန္ဒာကိုယ်မသန်စွမ်းမှုကို ခုချိန်ထိ သူမ ဖွင့်မပြောခဲ့ရသေး.........။ မိုးညိုသာ သိသွားခဲ့လျှင်............................။

ထိုနေ့ ရောက်မှာကို သူမ ကြိုတွေးကာ စိုးရိမ်ခဲ့ရသည်မှာ အကြိမ်ကြိမ်....။ ထိုနေ့ အတွက် သူမ ရင်မဆိုင်ရဲခဲ့..........။ သူမ မိုးညိုကို ချစ်နေခွင့်ရချင်နေသေးသည်............။ သို့ ပေမဲ့ ...သူမအကြောက်ရွံ့ ဆုံးစကားတစ်ခွန်းကို မိုးညိုသယ်ဆောင်လာခဲ့ပေပြီ....။

“ကြွေ ကိုယ်တို့ တွေ ချစ်သူဖြစ်နေတာလဲ လအတော်ကြာပြီ အပြင်မှာတွေ့ ကြရအောင်ကွာ”
“ဟင်အင်း ဟင်အင်း ကြွေ မိုးညိုကို မတွေ့ ချင်သေးဘူး”
“ကြွေ ကိုယ့်ကို မတွေ့ ချင်တာ ဘာကြောင့်လဲ ..ကြွေက ကိုယ့်ကို တစ်ကယ်မချစ်တာလား”
“မဟုတ်ပါဘူး မိုးညိုရယ်..ကြွေ မိုးညိုကို ချစ်ပါတယ်...အရမ်းချစ်ပါတယ်.ဒါပေမဲ့ တွေ့ လို့ မဖြစ်လို့ ပါမိုးညိုရယ်“
“ဘာကြောင့်လဲ ..ဘာကြောင့်လဲကြွေ...ကိုတို့ တွေ့ ကြမယ်လေ....လက်ထပ်ဖို့ တွေ တိုင်ပင်ကြမယ်..နက်ဖြန်ညနေ ကြွေနဲ့  ကိုယ်တွေ့ ကြမယ်..ကြွေလာခဲ့.. လာခဲ့ရမယ်နော်ကြွေ”

မိုးညိုရဲ့  “လာခဲ့ရမယ်နော်ကြွေ” ဆိုတဲ့ စကားအဆုံးမှာ သူမ ပြိုဆင်းသွားခဲ့ရသည်...။ သူမစိတ်တွေ ဆောက်တည်ရာမဲ့ တစ်စဆီလွင့်ပျံ့ သွားလေပြီ...။ ဒီချွတ်.ွင်းချက်နှင့် သူမ အကြိမ်ကြိမ်အခါခါ သိမ်ငယ်ခဲ့ရသည်..။ ထိုသိမ်ငယ်မှုတွေထဲမှ ချစ်သူရှေ့ ကို ထွက်ပြရမည့် သူမရဲ့  သိမ်ငယ်မှုကတော့ အဆိုးရွားဆုံး ဖြစ်နေမှာ အမှန်ပါ...။

သူမ မည်သို့ ဆုံးဖြတ်ရမည်နည်း....။ မိုးညိုကို သွားတွေ့ ရမည်လား..။ မတွေ့ ဘဲနေကာ ဒီဇာတ်လမ်းကို အဆုံးသတ်လိုက်ရမည်လား ...။ အကယ်၍များ မိုးညိုဆီက ပြင်းထန်တဲ့စကားလုံးနှင့် ထိုးနှက်ချက်တွေ ထွက်ရှိလာပါက သူမ မည်သို့ ရင်ဆိုင်ရမည်နည်း...။

တွေ့ မည် ၊ မတွေ့ မည်ကို ဆုံးဖြတ်ချက်တွေ အကြိမ်ကြိမ်ချရင် ထိုညကတော့ သက်ပြင်းရှိုက် လူးလွန့် ရင်းနှင့်သာ မိုးစင်စင်လင်းခဲ့ရသည်...။ ကွယ်ပျောက်သွားခဲ့သည့် အမှောင်ထုနှင့် ထိုးဖောက်လာသည့်အလင်းတန်းတို့ ကြား မပီဝိုးးတဝါး ဆုံးဖြတ်ချက်တို့ ကို ပီပြင်အောင် အကောင်အထည်ဖော်လိုက်ရင်း သူမ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်သည်................။

သူမရဲ့  ဆုံးဖြတ်ချက်ကို သူမအကောင်အထည်ဖော်မည်.........။ သူမရဲ့  သိမ်ငယ်စိတ်တွေကို သူမအပြီးမောင်းထုတ်လိုက်ပြီး အနာဂတ်နေ့ သစ်တွေအတွက် လမ်းစ ရှာဖွေတော့မည်..။ တစ်စုံတစ်ယောက်ရဲ့  အဆုံးအဖြတ် နောက်မှာပေါ့............................။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




Tuesday, 1 November 2011

ကျေးဇူးရှင်တွေထဲမှ ကျေးဇူးရှင်

ခွဲခွာနေရတာ ကြာပြီး ဖြစ်တဲ့ ရွာလမ်းကလေးကို လျှောက်ကာ ဝင်လာရင်း မိုးသူရင်ထဲ ပျော်ရွှင်ခြင်းတွေနှင့် မျက်နှာပြင်တစ်ခုလုံးက ပြုံးရွှင်နေသည်...။

ဒီရွာကလေးကို ခွဲခွာနေရတာ ကြာပြီး...။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရွာကလေးကို စွန့် ပြီး နယ်မြေခြားမှာ ဘဝကို ခြိုးခြံချွေတာ ရုန်းကန်နေခဲ့ရတာ...။ ကာလတစ်ခုရဲ့  အပိုင်းခြားအောက်မှာ ရင့်ကျက်မှုတစ်စုံတစ်ရာကိုတော့ သူ ပြောင်းလဲ ပိုင်ဆိုင်ခဲ့သည်ဟု ထင်ပါသည်...။

သို့ ပေမဲ့ ဒီရွာကလေးကို ချစ်တဲ့စိတ်၊ အမေ့ကို ချစ်တဲ့စိတ်ကတော့ ပြောင်းလဲမှု ရှိမည်မထင်..။အမေလို့  တွေးမိကာမှ အမေ့ကို သတိရတမ်းတစိတ်တွေကပိုလို့  တိုးလာသလိုလိုပင်....။

“အမေ”

ရင်ထဲမှာ အမေလို့  တိုးတိုးဖွဖွ ခေါ်ငင်ကြည့်လိုက်မိသည်..။

“အမေ ကျွန်တော်ပြန်လာပြီးအမေ..။အမေ့ရင်ခွင်ထဲက ထွက်ခွာပြီး သူစိမ်းတွေ အလည်မှာ ဘဝကို ရုန်းကန်ခဲ့တဲ့ အမေ့သား ခုတော့ အမေ့ရင်ခွင် ပြန်လည်ခိုလှုံဖို့  ပြန်လာခဲ့ပြီ အမေ...”

မိုးသူတစ်ယောက် နှုတ်မှ တစ်ဖွဖွ တီးတိုးရွတ်ဆိုရင်း ခြေလှမ်းတွေက တစ်ချိန်က သူနေထိုင်ခဲ့တဲ့ ခြံဝိုင်းလေးထဲ သုတ်ခြေတင်နေမိသည်..။ ရင်တွင်းမှလဲ အတွေးများစွာ ပလပွနှင့်သာ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
               အမေနေထိုင်တဲ့အုပ်ဆိုင်းဆိုင်းခြံဝင်း.....။ ထိုခြံဝင်းထဲက တရုတ်စကားပင်အောက်မှာ အမေ့ရဲ့  ခမ်းနားခြင်းမရှိတဲ့ တဲလေး ရှိသည်..။ သူနှင့် အမေ ထိုခြံဝင်းထဲမှာ ပျော်ရွှင်ခဲ့ဖူးသည်..။ အမေ့ရဲ့ သား မောင်ညိုနှင့်သူက လည်ပင်းဖက်ကစားဖော်..။ ဒီိလိုပြောလို့  သူကရော အမေ့ရဲ့ သား မဟုတ်ဘူးလား...။ ဟုတ်ပါသည် ...။ မိုးသူသည်လဲ အမေ့ရဲ့ သားပါပဲ..........။ သို့ သော် သားအရင်းမဟုတ်.........။ အမေ့ရဲ့  မွေးစားသား........။

သူ့ ရဲ့  မမြင်ဖူးခဲ့တဲ့ မိဘများက အမေ့ရဲ့  ခြံထောင့်လေးက တရုတ်စကားပင်အောက်မှာ လာရောက်စွန့် ပစ်ထားခဲ့ကြောင်း  ဘကြီးဖြိုးပြောခဲ့၍ သူသိခဲ့ရသည်..။ သားငယ်မောင်ညိုလေးကို နို့ ချိုတိုက်ကြွေးနေသော သားသည်အမေသည် သူ့ ကိုလဲ နို့ ချို တိုက်ကြွေးခဲ့သည်..။

မိဘမရှိတဲ့သူ အမေဆိုတာ ခေါ်ငင်စရာမရှိခဲ့တဲ့သူ့ အဖြစ်၊ ခိုလှုံစရာ ရင်ခွင်မရှိခဲ့တဲ့သူ အမေ့ကိုသာ အမေလို့  မြတ်မြတ်နိုးနိုးခေါ်ငင်ပြီး အမေ့ရင်ခွင်ခိုလှုံခဲ့သည်..။ အမေချီပိုးရာကို တစ်ကောက်ကောက်လိုက်ခဲ့သည်...။ အမေ့အလုပ်ထဲသို့ လဲ လိုက်ပါခဲ့ဖူးသည်..။ အမေသည် အလုပ်ကို ကြိုးစားလုပ်ကိုင်သူလဲ ဖြစ်သည်..။ တစ်ခါတစ်ရံ အမေ့ရဲ့  သူ့ အပေါ်ချစ်မြတ်နိုးမှုအပေါ် မနာလို မရှုဆိတ်တဲ့ မောင်ညိုနှင့် ရန်တွေဖြစ် တွန်းကာ တိုက်ကြရင်း စကားများသည့်အခါများ ၊ကျီစယ်သည့်အခါ ကျီစယ်နှင့် သူ့ ရဲ့ ကမ္ဘာလေး ပျော်မွှေ့ ခဲ့ဖူးသည်...။သူ ရေမြေခြားကို ထွက်မသွားခင်ချိန်ထိပေါ့.......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့သည့်နှစ်က ဘကြီးဖြိုး ရေးလာသော စာထဲတွင် အမေသည်အတော်လေး အိုမင်းလာပြီးဖြစ်ကြောင်းနှင့် အရင်လို အလုပ်မလုပ်နိုင်တော့ပဲ အနားယူနေရကြောင်း စတဲ့ သတင်းတွေပါလာတော့ သူဝမ်းနည်းခဲ့ရသည်..။ ဩော် ..အမေသည်လဲ အသက်ကြီးပြီပဲ....။

“ဇရာဖုံးနေတဲ့ အမေ့ရဲ့  အရေပြားတွေ တွန့် ကြေနေပြီးလား....အမေ့ရဲ့  မျက်နှာပေါ်က အပြုံးတွေ အရင်လို တောက်ပနေဆဲလားအမေ...... သားပြန်လာတာတွေ့ ရင် ကြည်နူးပီတိပြုံးနဲ့  ကြိုနေမှာလား အမေ”

အတွေးတွေ ပြည့်သိပ်စွာနှင့် ခြံထဲလှမ်းဝင်လိုက်သည့် မိုးသူခြေလှမ်းများက ခြံထဲမှာ မြင်ကွင်းတစ်စုံတစ်ရာကြောင့် ရပ်တန့် သွားသည်...။ ဘာတွေ ဖြစ်နေကြတာလဲ...........။
ဘာတွေ လုပ်နေကြတာလဲ..........။
အမေ့နားမှာ လူတွေဝိုင်းလို့ ............။
သူတို့ .....
သူတို့ ....................................
အမေ့ကို............................................။

အမေသည် ထိုသူတို့  ကြားထဲတွင် ရုန်းရင်ဆန်ခတ်............။ အမေ့ကို ဆွဲကာခေါ်သူတို့ ရဲ့  လက်ထဲတွင် ပြန်လည်ရုန်းကန်ရင်း ထိုသူတို့ နောက်မလိုက်ဖို့ အရေး ခွန်အားရှိသလောက် ပြန်လည်ရုန်းကန်ရင်း အမေခုခံကာကွယ်နေသည်...။ အမေ့ကို သူတို့  ကြိုးတုတ်ထားသည်....။ ရိုက်နှက်ကာ ခေါ်ဆောင်နေသည်...။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေနှင့်...။ အမေ့ရဲ့ မျက်ရည်စတွေက အမေ့ပါးပြင်တစ်လျှောက်....။ မိုးသူ တစ်ခဏ ကြက်သေသေကာ ရပ်ကြည့်နေရင်းမှ

“မလုပ်နဲ့ .......... ကျွန်တော့်အမေ့ကို အဲ့ဒီလို မရိုက်နှက်ကြပါနဲ့ ဗျာ...။ ကျွန်တော့်အမေကို မခေါ်သွားကြပါနဲ့ ဗျာ...”

သူ့ ရဲ့  အလန့် တကြားအော်သံကြောင့် အမေ့ကို ဖမ်းဆီးခေါ်ဆောင်နေကြသူများက ခဏမျှရပ်တန့် သွားကြသလို အမေ့ရဲ့  မျက်ဝန်းတွေက ပိုပြီး အရောင်တောက်လာသယောင်ယောင်..။ မတွေ့ မြင်ရတာ ကြာပြီးဖြစ်တဲ့ သားကို မှတ်မိနေသေးတဲ့ ဟန်...။ ဖမ်းဆီခေါ်ဆောင်သူတွေရဲ့  ရန်မှ လွတ်ကင်းရန် အားကိုးတစ်ကြီး အကူအညီတောင်းလို ဟန်.....။ အဓိပ္ပယ်တွေများစွာ ပြည့်နှက်နေတဲ့ အမေ့ရဲ့  မျက်ဝန်းတွေ...။ ခဏနေတော့ အမေ့ရဲ့  နှုတ်ခမ်းများဆီမှ ဝမ်းသားအားရ ထွက်ပေါ်လာသော တစ်စုံတစ်ရာအသံ............

“ဘွတ်အဲ”

“အမေ..ကျွန်တော် ပြန်လာပြီ အမေ...အမေ့ရဲ့ သားပြန်လာပြီ... အမေ့ကို ဘယ်သူမှ မခေါ်သွားစေရဘူး...”
အမေ့ဆီသို့  လျှောက်ခါသွားရင်း အမေ့ရဲ့ ဦးခေါင်းကို ရင်ခွင်တွင်းသို့  ဆွဲကာသွင်း၍ ပွေ့ ဖက်လိုက်မိသည်...။

“ကျွန်တော့်အမေကို မခေါ်သွားကြပါနဲ့ ဗျာ...ဘကြီးဖြိုးရယ် အမေ့ကို ဘာလို့ များ ဒီလူတွေရဲ့  လက်ထဲကို ထည့်ရတာလဲ ဘကြီးဖြိုးရယ်...။

တစ်ချိန်တုန်းက ဘကြီးဖြိုးကို အမေ အလုပ်အကြွေးပြုခဲ့ပါတယ် ဘကြီးဖြိုးရယ်..”

“မေ့နေတာလား...ဘကြီးဖြိုး အမေ့ရဲ့  ကျေးဇူးတွေကို မေ့နေတာလား..အမေ အလုပ်ကြွေး ပြုခဲ့တာကို မေ့နေတာလား ဘကြီးဖြိုးရယ်”



“နေပူမရှောင်မိုးရွာမရှောင် ဘကြီးဖြိုးအတွက် အလုပ်လုပ်ပေးခဲ့တာပါ...။ အမေ့ရဲ့ သား မောင်ညိုကြီးလာတော့လဲ အမေနဲ့ တူတူ ဘကြီးဖြိုးရဲ့  လယ်ထဲမှာ ရုန်ကန်ပေးခဲ့ကြတာပဲ မဟုတ်လား..ခုချိန်မှာ အမေအလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ အမေ့ကို သားသတ်ရုံကို ရက်ရက်စက်စက် မပို့ ပါနဲ့ ဗျာ...”

“အမေဟာ မောင်ညို့ ရဲ့  ကျေးဇူးရှင် ချစ်မြတ်နိုးရတဲ့ အမေ”


“ဘကြီးဖြိုးတို့ ကို နေပူမရှောင် မိုးရွာမရှောင် မညီးငြူပဲ အလုပ်ကြွေးပြုခဲ့တဲ့ ကျေးဇူးရှင်......။
ဘကြီးဖြိုးကိုသာမက အမေ့ရဲ့  ခွန်အားနဲ့  လူပေါင်းများစွာရဲ့  ဝမ်းတစ်ထွာကို ဖြည့်ဆည်းပေးနိုင်တဲ့ လူပေါင်းများစွာရဲ့ ကျေးဇူးရှင်...”

“အထူးသဖြင့် မိဘမဲ့ ကျွန်တော့်ရဲ့  မွေးစားမိခင်....။ကျွေးမိခင်.....။
အမေတိုက်ကျွေးခဲ့တဲ့ နို့ ရည်တွေနဲ့  ကျွန်တော်ရှင်သန်လာခဲ့ရတာပါ ဘကြီးဖြိုးရယ်...”


“အမေဟာ ကျွန်တော်တို့  အားလုံးရဲ့ ကျေးဇူးရှင်...အမေ့ရဲ့  ခွန်အားတွေနဲ့  ကျွန်တော်တို့  ဝမ်းဖြည့်ခဲ့ကြတယ်..ခွန်အားတွေ ကုန်ခမ်းတော့ အသွေးအသားတွေကို စားသောက်ကြမယ်ဆိုရင် ကျွန်တော်တို့ ဟာ ကျေးဇူးရှင်တွေကို ကျေးစွပ်တဲ့ ရက်စက်တဲ့ လူသားတွေ ဖြစ်မနေဘူးလား ဘကြီးဖြိုးရယ်...”

“အမေ့မျက်နှာကို ကြည့်ပါအုံး ဘကြီးဖြိုးရယ်...အမေကြေကွဲနေရှာတယ်..။အမေ မသွားချင်တဲ့ သားသတ်ရုံကို အမေ့ကို မပို့ ကြပါနဲ့ ဗျာ.. ကျွန်တော် အမေ့ကိုယ်စား ဘကြီးဖြိုးတို့ ကို အလုပ်ကြွေးပြုပါ့မယ်.. အမေ့ကို လွတ်ငြိမ်းချမ်းသားခွင့်ပေးပါဗျာ..”

“ဟူးးးးး
ခက်တာပဲ...ငါလဲ ပို့ ချင်လွန်းလို့ တော့ မဟုတ်ပါဘူး.... ကဲပါ..ထားလိုက်ပါတော့...
ကဲ..ကဲ.. မင်းအမေကို ငါမရောင်းတော့ဘူး...။ ဟုတ်တယ် သူဟာ မင်းအမေ..မင်းကိုနို့ ချိုတိုက်ကြွေးခဲ့တဲ့ မိခင်...ငါ့တို့ ကို ခွန်အားတွေနဲ့  အလုပ်အကြွေးပြုခဲ့တဲ့ ငါ့တို့ အားလုံးရဲ့  ကျေးဇူးရှင်...။ ငါ့ကျေးဇူးရှင်ကို ငါ လက်လွတ်စပယ်လုပ်မိတော့မလို့ ပါလား...။ သွားပေအုံးတော့ သားသတ်သမားတို့ ရေ...”
ဘကြီးဖြိုးရဲ့  စကားသံ အဆုံးတွင်တော့ အမေက နားလည်သည့်အလား ဝမ်းခေါင်သံကြီးနှင့် အသံရှည်ဆွဲလျှက်

“ဘွတ်အဲ”


“အမေ...အမေမသွားရတော့ဘူးအမေ..အမေ ကျွန်တော်တို့ နဲ့  သက်တမ်းကုန်တဲ့ထိ နေရတော့မယ်အမေ...”
သူ ပြောဆိုနေတာ အမေက နားလည်နေသည့်အလား ခေါင်းတညိတ်ညိတ်...။
အမေ့ရဲ့  အမြီးက သူ့ ကျောပြင်ကို လာရိုက်ပုတ်နေသည်...။ အမေသူ့ ကို နှစ်သိမ့်ပေးနေတာများလား...။ ထိုသို့ တွေးနေချိန်မှာပဲ အမေ့ရဲ့  လျှာက သူ့ မျက်နှာပြင်အနှံ လာလျှက်လို့ နေသည်...။

အိုးးးးးးးးးးး အမေ ပျော်ရွှင်စွာနဲ့  သူကို နမ်းနေတာများလား...။
အမေ စကားမပြောတတ်ပေမဲ့ ခံစားမှုတွေက နားလည်နေသယောင်...။ အမေ့မှာ လူသားတွေလို အသိဥာဏ်မရှိပေမဲ့ လူသားအားလုံးရဲ့  ကျေးဇူးရှင်.....။

အမေ့ရဲ့  မျက်ဝန်းတစ်လျှောက် မျက်ရည်တွေ စီးဆင်းကျနေသည်...။

သေချာပါသည် ထိုမျက်ရည်သည် ကြွေကွဲ၍ ကျသော မျက်ရည်တော့ မဖြစ်နိုင်တောပြီ...............။

ဒီတစ်ခါ ကျဆင်းနေတဲ့ အမေ့ရဲ့  မျက်ဝန်းထဲမှ မျက်ရည်တွေက ပီတိမျက်ရည်...။ ကြည်နူးမှုကြောင့် ကျသော မျက်ရည်...။

အမေ့ကို သိုင်းကာ ဖက်ရင်း မိုးသူ ပါးပြင်တစ်လျှောက်မှာလဲ မျက်ရည်များက စီးဆင်းလျှက်...။

သေချာတာပေါ့ သူ့ ပါးပြင်ပေါ်မှာ စီးဆင်းနေတဲ့ မျက်ရည်တွေကလဲ ပီတိမျက်ရည်ဆိုတာ......။

ကျေးဇူးရှင် အမေ့ရဲ့  အသက်ကို ကယ်တင်နိုင်ခဲ့၍ ရသော ပီတိ...။ ကျေးဇူးဆပ်ခွင့်ရခဲ့သောပီတိ...။  ပီတိတွေ လျှံကာ ကျဆင်းနေသော မျက်ရည်စက်များပါ ကျေးဇူးရှင်မေမေ............။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်