Followers

Friday 24 February 2012

ချစ်သူမောင်အတွက် မေ့ရဲ့ချစ်သဝဏ်လွှာ

သူငှာတွေ အပြိုင်ရေးလို့ မြို့တော်လေးမှာ ချစ်သဝဏ်လွှာတွေထပ် ချစ်သီချင်းတွေ ပြိုင်ဆိုနေကြပြီ။ မသိချင်ယောင်ဆောင်နေတဲ့ မေ့ကို ဟိုကလေးမတွေ လက်လာကုတ်လို့ မောင့်ကို ချစ်တဲ့ အကြောင်း လူသိအောင်ပြောရတော့မယ်။
မောင့်ကို ချစ်တဲ့အကြောင်း ဖွင့်ချပြဖို့ မေ့နှလုံးသားလေး ရှက်နေတယ် မောင် ။ ပန်းနုရောင် လဲ့လဲ့ဖြာနေတဲ့ ပါးပြင်ပေါ် ရှိန်တိန်းတိန်း ဖြစ်နေတဲ့ ခံစားမှုတွေနဲ့ ခေါင်းလေးငုံ့လျှိုပြီး တိုးတိုးလေး ပြောမယ်နော်။
“မေ မောင့်ကို ချစ်တယ်”
မေ့ ရဲ့ နံဘေးမှာ မရှိတဲ့ မောင် ကြားရဲ့လားလို့ မေ မမေးတော့ပါဘူး. မေတို့တွေ အနေချင်း ဝေးပေမဲ့ နှလုံးသားချင်း နီးနေမြဲမို့ မေ့ရဲ့ မြန်ဆန်လွန်းတဲ့ ရင်ခုန်သံ အချက်တိုင်း မောင့်ရဲ့ နှလုံးသားလေးကို ရိုက်ခတ်နေတယ်ဆိုတာ ခံစားမှုတွေနဲ့ မေ သိနေတယ်မောင်။
မောင်ရေ အဆင်မပြေသေးတဲ့ ဘဝမှာ ရုန်းကန်ခြင်းတွေကို ဦးစားပေး နှလုံးသားရေးကို နောက်ချန်ထားခဲ့ရပေမဲ့ မောင့်အချစ်ကို ဘယ်တော့မှ လျစ်လျူမရှု ခဲ့ဘူးဆိုတာ ယုံတယ်မဟုတ်လားမောင်။
ကံကြမ္မာက ကျီစယ်လို့ မေတို့တွေ ရေမြေတွေခြားခဲ့ရတယ်။ မောင့်ကို အချိန်တိုင်း လွမ်းနေတယ်လို့ မေ မပြောပါဘူးမောင်ရယ်။ မေ့နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ မောင်က မေ့ရဲ့ ရင်ခုန်သံတစ်ချက်စီတိုင်းမှာ နေရာယူနေတယ်လေ။ မပြုံးနဲ့မောင်။
အခြားသူတွေ မကြားအောင် ခပ်တိုးတိုးလေး မောင်တစ်ယောက်ထဲ ကြားယုံပြောမယ်။ မောင်သေချာနားထောင်နော်။
“မောင့်နဲ့ ချစ်သူဖြစ်ပြီးတဲ့ နောက်ပိုင်း မေ ကျန်းမာရေး ညံ့ဖျင်းလာတယ်။ မေ့ရဲ့ နှလုံးခုန်သံတွေ မမှန်တော့ဘူးမောင်။ ဆရာဝန်နဲ့ ဆေးစစ်တိုင်းမှာ ဆရာဝန်က ပြောတယ် မေ့နှလုံးခုန်သံက မူမမှန်ဘူးတဲ့.
ပုံမှန် ဒုတ်.. ဒုတ် ..ဒုတ် ..ဆိုပြီး ကြားနေရမယ့် အသံက ခုဆို
မောင်...မောင်....မောင် လို့ အော်နေလို့ သူနားစည်ကြီးတောင် ကွဲတော့မယ်တဲ့”
အချစ်ဆိုတာ ကွယ်ဝှက် ဖုံးကွယ်လို့မရပါဘူးမောင်။
မေနဲ့မောင် ခွဲခွာခါနီးတုန်းက မောင့်လက်လေးကိုဆုပ်ကိုင်ပြီး မေပြောခဲ့တာ အမှတ်ရနေသေးတယ် မဟုတ်လားမောင်။
မေတို့ ခွဲခွာရတာ ခဏတာအတွက်ပါ။မေတို့ ကျခဲ့တဲ့ မျက်ရည်တွေကို အရင်းတည်ပြီး ရှေ့ဆက်အောင်မြင်အောင်ကြိုးစားကြမယ်။ အောင်မြင်ခြင်း လှေခါးထစ်တွေ တစ်ထစ်ခြင်း လှမ်းနိုင်စေဖို့ မေတို့ စိတ်တွေ ခဏတာ ပင်ပမ်းခြင် ပင်ပမ်းနေလိမ့်မယ်။ မေတို့ရဲ့ ဘဝတွေလဲ လှေခါးထစ်တွေ အဖြစ် ပေးဆပ်ခြင် ပေးဆပ်ရလိမ့်မယ်။
မေတို့ကျောပြင်တွေနေလောင်နေပေမဲ့ နှစ်ယောက်တစ်ဘဝ ဆိုတဲ့ စိတ်ကူးလေး တစ်ခုကို သယ်ဆောင်နေတာကြောင့် မေ့တို့ရင်ထဲ အေးချမ်းနေမှာပါမောင်။
မောင်ရေ အလုပ်ဒဏ်ကြောင့် မေတို့ လက်ဖဝါးလေးတွေ ကြမ်းတမ်းခြင် ကြမ်းတမ်းနေလိမ့်မယ်..။ မောင့်ကိုချစ်တဲ့ နှလုံးသားက ချိန်ခါမရွေး နူးညံ့ဆဲပါမောင်။
အနေဝေးပေမဲ့ မောင့်ရဲ့ အချစ်ကို မေယုံကြည်ပြီးသားပါ။တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရန် ခက်ခဲနေတဲ့ အချိန်တွေမှာ မောင့်ဆီက စာလွှာတွေ မလာလဲ နောက်တစ်ယောက်နှင့်များလားဆိုတဲ့ သံသယ မေထားပြီးမတွေးဘူးမောင်။
သံသယဆိုတာ ချစ်သူနှစ်ဦးကို နောက်ကျောက ထိုးတဲ့ ဓားထက်ထက်တစ်ချောင်းမို့ သူခိုးဓားရိုးကမ်း မေ့ရင်ဘတ်ထဲ မေကိုယ်တိုင် ဓားနောက်ပြန်မသွင်းဘူးမောင်။
သစ္စာရှိတဲ့ မောင့်အတွက် သစ္စာတရား လက်ကိုင်ထားတဲ့ ချစ်သူမေ အဖြစ် တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်သွားတော့မည့် ပြက္ခဒိန်စာရွက်တွေကို တူတူစုတ်ကြရအောင်နော်။
မောင်ရေ ဆင်စီးမြင်းရံစေချင်တဲ့ မိဘနဲ့ သားသမီးကြားမှာ မပြေလည်တာတွေရှိရင် မိဘစိတ်ချမ်းသာအောင် ခဏထားပြီး ယုံကြည်ခေါင်းငြိမ့်လာတဲ့ထိ မေတို့ တစ်ဦးလက်တစ်ဦးကိုင် တူတူရှေ့ဆက်ကြမယ်နော်။
ဝေးနေတဲ့ အချိန်တွေမှာမောင်ပြောခဲ့ဖူးတဲ့ စကားလုံးတိုင်းကိုလဲ အမှတ်ရနေဆဲပါ။
ဆိုပြဖူးတဲ့ မောင့်အသံနဲ့ သီချင်းသံတွေကိုလဲ နားထဲ ကြားယောင်နေဆဲပါ။
အခဲခက်တွေရှိတိုင်း မျှဝေခံစားပေးတတ်တဲ့ မောင့်ရဲ့ အကြင်နာတွေကို တမ်းတဆဲပါ။
အားငယ်တတ်တဲ့ မေ့ကို အားပေးစကားတွေ ပြော နှစ်သိမ့်ပေးတတ်တဲ့ မောင့်ရဲ့ ဂရုဏာတွေကို လွမ်းတယ်မောင်။
မောင့်ရဲ့ စကားသံတွေ မကြားရတဲ့ ရပ်ဝန်းမှာ မောင့်ကို တမ်းတလာတဲ့ အချိန်တိုင်း စိတ်ကူးနဲ့ရူး မောင့်လက်ဖျားလေးတွေကို ဖွဖွ ဆုပ်ကိုင်ဖူးတယ်မောင်။
ခြေဖျားလေးထောက် မောင့်ရဲ့ ပါးပြင်ကိုလဲ ဖွဖွလေး စိတ်ကူးနဲ့ ခိုးနမ်းခဲ့ဖူးတယ်။
မောင့်ကို လွမ်းလို့ ကျခဲ့ဖူးတဲ့ မျက်ရည်တွေကို မေ့ရဲ့ ခေါင်းအုံးလေးက အသိဆုံးပါ။ မေ့မျက်ရည်တွေ သိမ်းထုတ်ထားတဲ့ ခေါင်းအုံးလေး  “လွမ်းခြင်းသက်သေ  မေ့မျက်ရည် ”အဖြစ် ပြန်ဆုံတဲ့ တစ်နေ့ မောင့်ကို မေ လက်ဆောင်ပေးမယ်နော်။
မောင်ရေ လွမ်းတဲ့ အကြောင်းတွေ ရေးနေရင် ခွဲခွာနေရတဲ့ရက်တွေ ရှည်ကြာနေတဲ့ မေတို့ နှစ်ယောက်အတွက် ကိန္နရီ ၊ကိန္နရာထက် လွမ်းချင်းတွေ ပိုရှည်နေမှာမို့ မောင့်ကို လွမ်းတိုင်း အလွမ်းတွေကို အသုံးချ မေ အလုပ်တွေ ကြိုးစားနေပါတယ်။ မောင်လဲ မေနဲ့ ထပ်တူဆိုတာ မောင်မပြောပဲ မေ သိနေတယ်မောင်။
ဘဝတစ်ခု အောင်မြင်ဖို့ ၊ အနာဂတ် တစ်ခု လှပဖို့ အလွမ်းတွေကို ခဏသိမ်း မေတို့ ဆက်ကြိုးစားကြမယ်မောင်။
လက်ခံရရှိလာတဲ့ ကံကြမ္မာ..ဘဝက ပေးလာတဲ့ တာဝန်တွေမှာ မေတို့နှစ်ဦး ကိုယ်စီ မိသားစု ဝန်ကို ထမ်းလို့ တာဝန်ထမ်းဆောင်ရင်း မိဘတွေ စိတ်ချမ်းသာအောင် ပေဆပ်ဖွင့်ရတုန်း ပေးဆပ်ကြတာပေါ့မောင်ရယ်။
ဖန်တီးလာတဲ့ အခြေအနေတွေကြောင့် ကြမ္မာက ပေးတဲ့ ရာထူးနဲ့ မေတို့ ပုခုံးမှာ တာဝန်တွေက ပါလာခဲ့တာကိုး။ ဒီတာဝန်တွေ ကျေချိန်အထိ မငြီးမငြူပဲ ပြုံးပြုံးလေး ထမ်းဆောင်ကြမယ်နော်။
မောင့်ကို လွမ်းတဲ့ အချိန်တိုင်းမှာ အလွမ်းတွေကို ခေတ္တသိမ်းဖို့ မေ အလွမ်း ခရီးသည် လေးကို ဖန်တီးရင်ဖွင့် ငိုကြွေးရင်း မောင်နဲ့ ဆုံတွေ့ဖို့ မှန်းမျှော်နေလျှက်ပါ။
ပြန်ဆုံမဲ့ တစ်နေ့အတွက် စကားတစ်ခွန်း တိုးတိုးလေး ထပ်ပြောမယ်။
“မောင့်ကို အရမ်းချစ်တယ်”
အခြားသူတွေ မကြားပါဘူးနော်။ မေ ရှက်သွေးတွေ ဖြာနေတယ် မောင်။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


















 

2 comments:

  1. ယခုအချိန်ထိ ဂျူ ပီတာရင်မောင်လည်း အလွမ်းခရီးသည်ပါဘဲ

    ReplyDelete
  2. ယခုအချိန်ထိ ဂျူ ပီတာရင်မောင်လည်း အလွမ်းခရီးသည်ပါဘဲ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်