Followers

Tuesday 21 February 2012

မျက်ရည်စွန်းသော ပန်းတစ်ပွင့်

“ လာ မသန်းမြ..လာ..ဒီဘက်ဝိုင်းမှာ လွတ်တယ် လာထိုင်”
အလှူရှင် မမိုးရဲ့  ဖော်ရွေသော ဖိတ်ခေါ်သံနှင့် နေရာချပေးမှုကြောင့် ဒေါ်သန်းမြတစ်ယောက် အလှူရှင် မမိုးရဲ့  နောက်ကျောလေးမှ ကပ်ပါလာရင်း မမိုးညွှန်ပြရာ နေရာလေးတွင် ဝင်ထိုင်လိုက်လေသည်...။
မိမိ ဝင်ထိုင်လိုက်သည်နှင် တစ်ပြိုင်ထဲ ဝိုင်းထဲမှာ အရင်ရှိနှင့်ပြီးသား လူတွေ တစ်ယောက်ပြီး တစ်ယောက် ထထွက်သွားကြတာကို စိတ်မကောင်းခြင်းများစွာနှင့် ကြည့်နေလိုက်မိ၏.......။ရင်ထဲမှာ သိမ်ငယ်မှုများစွာနှင့်...။
အလှူရှင် မမိုးက အားနာသယောင်မျက်ဝန်းနှင့် လှမ်းကြည့်တာတွေ့ ရတော့ မမိုးအား ရင်ထဲမှ တောင်းပန်လိုက်မိ၏...။
“အားမနာပါနဲ့  မမိုးရယ်..တကယ်တမ်း မမိုးကို ကျွန်မက ပြန်အားနာရမှာပါ..။ ကျွန်မကြောင့် မမိုးရဲ့အလှူကို လာတဲ့သူတွေ ထပြန်ကုန်ပြီ”
မမိုးမကြားနိုင်အောင် ရင်ထဲမှ တိုးတိုးလေး ပြန်ပြောရင် မျက်လုံးအစုံက ကြမ်းပြင်ဆီသို့သာ စူးစိုက်ကြည့်လျှက် ခေါင်းကို ပိုတိုးလို့ ငုံ့ထားမိသည်။ မိမိကိုယ် မိမိအရမ်းကို သိမ်ငယ်ပါသည်။ ပတ်ဝန်းကျင်အများစုမှ သူများက မိမိကို မခေါ်ချင် ရှောင်ဖယ်နေတတ်ပြီး အချို့သော မမိုးကဲ့သို့ စာနာတတ်သူများကတော့ ကူညီရိုင်းပင်းကြပါသည်။ ထိုသူများကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သလို မိမိကို ရှောင်ဖယ်သူများကိုလဲ မမုန်းခဲ့ပါ။ ထိုကဲ့သို ဖြစ်ချင်းကို မိမိကသာ ဖန်တီးခဲ့ခြင်းမဟုတ်ပါလား။
အတိတ်တံခါးကို ဆွဲခါ ဖွင့်ကြည့်တော့ ..............
တစ်နေ့လုပ် တစ်နေ့စား မိသားစုလေးတစ်စုရဲ့ စားဝတ်နေရေးကို တစ်ဦးတည်း ဒိုင်ခံဖြေရှင်းသူက လင်ယောင်္ကျား ဘမောင်။ သားသမီး (၈)ယောက် နဲ့ ဇနီးမယားကို ထမင်းနပ်မောင်အောင် ရှာကျွေးနေရတဲ့ ဘမောင်ရဲ့ အလုပ်က သစ်စက် တစ်ခုရဲ့ ဝိုင်းဆရာ။ တစ်ရက် အလုပ်လုပ်မှ တစ်ရက်ပိုက်ဆံရ ။ ကိုဘမောင် ပြန်လာလို့ ပါလာတဲ့ ပိုက်ဆံလေးနဲ့ တစ်ရက်စာ ဆန်လေးပြေးဝယ် ပိုလျှံသည် ပိုက်ဆံလေးကို ငါးပိတို့စရာ ဝယ်ရင်း တစ်နေ့ဝမ်းစာ တစ်နေ့ ဖြေရှင်းရတဲ့ ဘဝ။
နုံခြာတဲ့ ဘဝမှာ ကြမ္မာဆိုးက ဒီတိုင်းမနေခဲ့ပါ ။ တစ်နေ့ ကိုဘမောင်ရဲ့ လက် သစ်ခွဲနေရင်း လွှဝိုင်း ထိလို့ လက်ချောင်း (၃) ချောင်း ပြတ်သွားခဲ့ပြီ။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် မိသားစုအတွက် ကုစရာ ပိုက်ဆံကမရှိ ။ အနီးအနားက ဗိန္ဓောဆရာတွေဆီက ဆီမန်း ၊ရေမန်းတွေနဲ့ ကုနေရင်း အနာက ရင်းသထက်ရင်းလာကာ ကိုဘမောင်တစ်ယောက် မေးခိုင်ပိုးဝင်ကာ ဆုံးသွားပါလေရော ။
မပဋာမြေလူးဆိုတဲ့ အဖြစ်ကမှ တော်ကာကျအုံးမည်။ မသန်းမြအဖို့ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျပြီးလား ထင်ရောက်လောက်အောင် အတိဒုက္ခတွေ ဝိုင်းလို့ပေါ့။
ဩော် မသန်းမြ...။ ဆိုးလိုက်သည့် အဖြစ် ။တောမှာမွေး တောမှာကြီးပြင်း အတန်းပညာက မတတ်။ လက်မှုပညာကလဲ မကြွယ် ။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျ။ ဗဟုသုတတွေကလဲမရှိ။သားဆက်ခြားရမှန်းလဲ မသိခဲ့လေသမျှ တစ်နှစ် တစ်ယောက် မှန်မှန်မွေးရင်း ခု ကိုဘမောင်ဆုံးတော့ အငယ်ဆုံး သမီးလေးကမှ တစ်နှစ်တောင် မပြည့်တတ်သေး ။
အရွယ်လေးရောက်တာနဲ့ အိမ်ထောင်ကျအပြီး ကလေးတွေ တစ်ပြွတ်ပြွတ်ထိုင်မွေးရင် ကိုဘမောင် လုပ်စာ ထိုင်စားနေခဲ့တဲ့ သူမအဖို့ ခုမှ ဘာလုပ်လို့ ဘာကိုင်ရမလဲပင် မသိတော့။ ကိုဘမောင် အသုဘကိုတော့ အရပ်ကောင်းမှုနဲ့ ပြီးသွားခဲ့ပြီ။ နောက်တစ်နေ့က စလို့ ဆာလောင်မွတ်သိပ်စွာ ငိုတော့မည့် သားသမီးတွေရဲ့ အငိုကို မည်သို့ တိတ်အောင် ပြုလုပ်ပေးရမည်နည်း။
ရှေ့ရေးကို တွေးတွေးပြီး အိပ်မပျော်နိုင်ခဲ့ပါ။ ညလုံးပေါက် မအိပ်နိုင်ပဲ လူးလိမ့်ကာ စဉ်းစား နောက်ဆုံး အဖြေက တစ်ခုထဲ ။ဘာလုပ်ရမည်နည်း ။ သူမ ထိုအလုပ်ကို မလုပ်ဝံ့ပါ ။ သို့သော် အပြစ်ကင်းစင်စွာ အိပ်ပျော်နေသော သားနှင့် သမီး မျက်နှာကို ကြည့်မိပြန်တော့ ရင်ထဲမှာ မချိပြန် ။ နောက်ဆုံးတော့ မျက်ရည်တွေ တွင်တွင်ကျရင် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုနှင့်သူမ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည် ။
အဘယ်ကြောင့်ဆိုသော သူမ သားသမီးတွေကို သူမ အငတ်မထားနိုင်ပါ။သားသမီးတွေ ထမင်း နပ်မှန်ရရှိရေး သူမ စိတ်ကူးမပြောင်းခင် အကောင်အထည်ဖော်မှ။ တစ်နေ့လုပ်မှ တစ်နေ့ စားရသည့် ဘဝမှာ လင်ယောင်္ကျားသေတော့ သူမမှာ ကျန်ရစ်ခဲ့သည့် အရင်းအနှီးက သူမ၏ ခန္ဓာ။
သူမ ထိုခန္ဓာကိုယ်ကို ရောင်းစား၍ သူမ သားသမီးတွေကို ထမင်းခွံရတော့မည်။
“ခွင့်လွတ်ပါ သားနှင့် သမီးတို့ရယ်။ ကလေးတို့ရဲ့ အနာဂတ်ကို အမေအိုးမဲ သုတ်မိပြီး။ ပညာမတတ်တဲ့ အမေ ဒီအလုပ်ပဲ လုပ်တတ်လို့ပါကွယ်”
မျက်ရည်တွေ တွင်တွင်ကျရင်း သားနှင့် သမီးကို ရင်ထဲမှ တောင်းပန်လိုက်မိ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“သမီးကြီးရေ သမီး ညီမလေးကို ခဏကြည့်ထား အမေ အပြင်ခဏသွားလိုက်အုံးမယ်”
မနေ့ကမှ အဖေရက်လည်ပြီးတယ် ဒီနေ့ သနပ်ခါးတွေ ဖုံအောင် လိမ်းထားပြီး အပြင်ထွက်ဖို့ ပြင်နေသည့် သူမအား သမီးကြီးက အကဲခတ်သော အကြည့်နှင့်ကြည့်နေသည်။ကြည့်လဲ ကြည့်ချင်စရာ။ ကလေးတို့ အဖေရှိတုန်းက သူမ အပြင်သို့ ထွက်လေ့မရှိ။သို့သော် (၁၀)နှစ်ဝန်းကျင်သာ ရှိသေးသည့် သမီးကိုအကြောင်းစုံ ရှင်းမပြနိုင်ပါ။
“သမီးရေ အမေ အလုပ်လုပ်ဖို့ သားကောင်အရှာထွက်တယ်”
လို့ မပြောနိုင်ခဲ့ပါ။သူမ လက်တွေ့မှာ အထာတွေပေးရင်း သားကောင်အရှာထွက်ရတော့မည်။ သားကောင်တွေ ရလာပြန်တော့ ညှိနှိုင်းပြီး အိမ်ပြန်လာ။
“သမီးရေ သမီး မောင်လေးတွေ ညီမလေးတွေကို အပြင်ခေါ်သွားပြီး သွားကစားနော် အိမ်မှာ ဧည့်သည်တွေ လာမယ်။ဧည့်သည်တွေ မပြန်မချင်း အိမ်ကို ပြန်မလာနဲ့နော် သမီး”
“ဟုတ်ကဲ့ အမေ”
ကလေးတွေကို ခေါ်၍ ထွက်ခွာသွားသော သမီးကြီးကိုကြည့်ရင်း သူမ ငိုကျွေးနေမိပြန်သည်။ဒါဟာ သူမ ဘဝ ချောက်နက်နက်ထဲသို့ ခုန်ဆင်းလိုက်သည့် နေ့ပဲ။ ဒီချောက်ကို သူမ ဘာသာ ဖန်တီးခဲ့တာပါ။ ဒီလိုနဲ့ပဲ သူမ ဖောက်သည်ရလျင် ရသလို နေ့ခင်းပိုင်းဆို ကလေးတွေကို အပြင်မှာ သွားကစားခိုင်းလိုက် ညပိုင်းဆို ကလေးတွေ အိပ်နေချိန် အပြင်ခိုးထွက်ပြီး အဆင်ပြေတဲ့ နေရာတစ်ခုမှာ အလုပ်ကို ဖန်တီးရင်း သူမရဲ့ အိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရသည်။
ထိုနောက် သူမရဲ့ လုပ်ရပ်တွေကို ပတ်ဝန်းကျင်က တဖြည်းဖြည်း သိလာပြီး သူမနှင့် သူမရဲ့ သားသမီးတွေကို ဖယ်ကျည်းလာခဲ့ကြသည်။ ထိုအတွက် သူမ စိတ်မကောင်းသော်လည်း သူမ မမှုခဲ့ပါ ။သူမ သားသမီးတွေ ထမင်းနပ်မှန်ဖို့က အရေးကြီးပါသည်.သူမ သားသမီးတွေကို သူမ အငတ်မထားနိုင်ပါ။နားလည်စ ပြုလာပြီး ဖြစ်တဲ့ သမီးကြီးကလဲ သူမကိုမပြောဝံ့လို့ မပြောပေခဲ့ပေမဲ့ သမီးရင်ထဲ ခံစားနေရတာ အမေ တစ်ယောက်အနေနှင့် နားလည်ခဲ့ပါသည်။
တစ်နေ့ ........။
ထိုတစ်နေ့သည်တော့ သူမဘဝမှာ အထိတ်လန့်ဆုံး။ သူမအိမ်တွင် ဧည့်သည် ရှိနေစဉ် အိမ်နီးချင်း ပတ်ဝန်းကျင်က သူမ၏ ခနိုခနဲ့ အိမ်လေးကို ခဲမိုးတွေရွာ အော်ဟစ် ဆဲရေးနေကြတော့ သူမရှက်ရွံ့ ကြောက်လန့်ကာ တစ်ကိုယ်လုံးပင် တစ်ဆတ်ဆတ် တုန်ခဲ့သည်။ ဧည်သည်ကတော့ ကြက်ပျောက်ငှက်ပျောက် ပြေးပြီ။ ထိုအချိန် မထင်မှတ်ပဲ နောက်ဘက်မှ ဆွဲပွေ့ဖက်ထားတာ ခံရ၍ ငှဲ့ကြည့်လိုက်တော့ သမီးကြီး။
“သမီး အိမ်ကို ဘာပြန်လာလုပ်တာလဲ.သွား အခု အပြင်ထွက် ခဲတွေက လွတ်အောင်ရှောင် သမီးရယ်”
“ဟင်အင်း အိမ်မှာ အမေတစ်ယောက်ထဲ သမီးမသွားဘူး။ အမေရယ် ဒီအလုပ်ကြီး မလုပ်ပါနဲ့တော့။ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရတယ် အမေရယ်”
“အမေလဲ ဘယ်လုပ်ချင်ပါ့မလဲ သမီးရယ်။ဒါပေမဲ့ အမေ့သားသမီးတွေ ထမင်းတစ်လုတ်စားရဖို့ အမေ တခြားအလုပ်မလုပ်တတ်ဘူး သမီးရယ်။ အမေ့ကို နားလည်ပေးပါ။ သမီးအမေ လူတုံး လူညံ့ကို ခွင့်လွတ်ပေးပါ သမီးရယ်..အမေ့ရဲ့သား သမီးတွေလာဖြစ်ရတာ သမီးတို့ ကံဆိုးတယ်ကွယ်”
“အမေ....... အဟင့်... အဟင့်”
ထိုနေ့ညက သားအမိတွေ မျက်ရည်တွေ လည်ရွှဲ ငိုချင်းရှည်လို့ ညတစ်ညလဲ အိပ်မရပဲ ညတာ ရှည်ခဲ့ပါသည်။ သမီးကြီးသည် ထိုနေ့မှ စ၍ စကားကို အပိုမပြော သူမကိုလဲ အပိုစကားမဆို ဧည့်သည်လာတာတွေ့လျင် သူဘာသာ သူမ အငယ်တွေ ကောက်ချီကာ ထွက်သွားလေ့ရှိသည်..။
သူမရဲ့ ခရီးကတော့ အဆီတစ်ဝင်းဝင်းနဲ့ အရောက်လက်နေတဲ့ မျက်နှာပေါင်းစုံ၊ ရမ္မကာနံ့တွေ လှိုင်သင်းတဲ့ လေတွေရှုရှိုက်ရင်း အခိုးအငွေ့တစ်ဝေဝေ ယစ်မူးနေတဲ့ မျက်လုံးများအောက်မှာ သူတို့အလိုကျ ဖန်တီးပေးရင်း ညီစို့စို့ အနံ့တွေကြားမှာ ဆက်လျှောက်နေတုန်းပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“အမေ သမီး အလုပ်သွားလုပ်မယ်”
မထင်မှတ်စွာ ကြားလိုက်ရသည့် သမီးဆီမှ စကားကြောင့် သူမ အံ့အားသင့်သွားကာ
“ဘာ အလုပ်သွားလုပ်မှာလဲ သမီး”
“သမီး ဒေါ်အေးဖြူတို့နဲ့ ဟိုဘက်နိုင်ငံ လိုက်သွားမယ် အမေ”
“မဟုတ်တာ သမီး မသွားရဘူး။ အမေ စိတ်မချဘူး”
“ဒီမှာနေပြီး အမေ့ခန္ဓာနဲ့ ရင်းကျွေးနေတဲ့ ထမင်းကို နေ့တိုင်း သမီးစားမဝင်ဘူးအမေ..မောင်လေးတွေ ညီမလေးတွေလဲ အရွယ်ရောက်လာတော့မယ်..။ သူတို့တွေ တစ်ဖြည်းဖြည်း ရှက်တတ်လာမယ်အမေ။ သမီး အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်ပြီး သမီးအလုပ်သွားလုပ်မယ်အမေ။ ဒေါ်အေးဖြူတို့ကလဲ သမီးကို ခေါ်မယ်တဲ့.လမ်းစရိတ်စိုက်ထားပေးမယ် နောက်မှ လစာထဲက ဖဲ့ဆပ်တဲ့”
သူမ တားနေသည့် ကြားမှပင် သမီးက သွားမည်ဆိုကာတကဲကဲ လုပ်တာနှင့် သူမ ခွင့်မပြုချင်ပဲ ခွင့်ပြုလိုက်ရသည်။သူမ မျက်စေ့ထဲမှာ ကလေးသာ ရှိသေးသည် (၁၅) နှစ်စွန်းစွန်း သမီးလေးမှာ လောကဓံ အထုအထောင်းကြောင့် အရွယ်နှင့်မမျှအောင် ခံစားချက်တွေ ပိလို့။ ကိုဘမောင် ဆုံးပြီး (၅)နှစ်ကျော် ကာလအတွင်းမှာ သူတို့ ဘဝတွေက ခုချိန်ထိ ဖရိုဖရဲ။
ပုဆစ်တုတ် ထိုင်ကာ သူမအားကန်တော့ နေသည့် သမီးကြီးအားကြည့်ရင်း သူမရဲ့ မျက်ရည်တွေက တာတမံကျိုးသည့်အလား။ ဒါ ပထမဦးဆုံး အကြိမ် သမီးဆီက ရသည့် ကန်တော့ခြင်း။ သူမလို အပျက်မတစ်ယောက် သားသမီးတွေ ကန်တော့တာတောင် ကန်တော့ မခံရဲခဲ့ပါ။
“သမီး ကန်တော့တယ် အမေ။ သမီးကို စိတ်ချပါ။ အပျက်မရဲ့ သမီး အပျက်မဖြစ်တာပါပဲ ဆိုတဲ့ အဖြစ်မျိုးမရောက်အောင် သမီးကို သမီး ထိန်းသိမ်းပါ့မယ်။ ပြီးတော့ အမေဟာ ပတ်ဝန်းကျင်မှာ အပျက်မဖြစ်တယ်ဆိုရင်တောင် သမီးတို့အတွက် မိခင်ကောင်းပါ အမေ။သမီးတို့ရဲ့ ဘဝအတွက် အမေ့ဘဝကို စတေးခဲ့တာပါ။မောင်လေးတွေ ညီမလေးတွေကိုသာ စာကြိုးစားခိုင်းပါ အမေ”
သူမပိုင်ဆိုင်တဲ့ အဝတ်လေး တစ်စုံနှစ်စုံလေးကို ခပ်နွမ်းနွမ်း အိတ်လေးထဲထည့်ဆွဲကာ ကိုင်သွားသည့် သမီးရဲ့ ကျောပြင်ကိုကြည့်ရင်း သူမ မျက်ရည်က တားဆီးမရ။သို့သော် သူမမှာ တားပိုင်ခွင့်မရှိပါ.။ဓနဂုဏ်မရှိသည့် အပျက်မတစ်ယောက်အနေနှင့် သားသမီးတွေကို တင်းမာစွာ မပြောရဲလောက်အောင်ပင် သူမကိုယ်သူမ သိမ်ငယ်ခဲ့ရသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမီးထွက်သွားပြီး မကြာခင်မှာ လူကြုံနှင့် ရောက်ရှိလာသည့် (၆) တန်းထိသာ ကျောင်းနေခဲ့ရသည့် သမီးလက်ရေးစောင်းစောင်းလေးနှင့် စာ ရောက်လာတော့ သူမ ပျော်လိုက်တာ။ သမီးဘာရေးထားတာလဲ ဆိုတာ ဖတ်မတတ်ပေမဲ့ သမီးရဲ့စာကို ရင်မှာပိုက်ရင်း ငိုကြွေးနေမိသည်။
“သမီးချို အမေ့ကို သမီးအစ်မရဲ့ စာ လာဖတ်ပေးစမ်းပါ။သမီးအစ်မ ဘာရေးထားလဲ အမေသိချင်တယ်၊”
စာဖတ်ပြနေတဲ့ ဒုတိယ သမီးလေးနား ကိုယ်တိုတိုးကိုင်းကာ နားစွင့်ရင်းကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ခုံနှင့်သုတ် ရင်ထဲက တိုးတိုးလေး နှင့်
“အမေ မငိုဘူး သမီးရယ်”
အမေ
သမီး အဆင်ပြေပါတယ်။ဒေါ်အေးဖြူက စိတ်ကောင်းရှိပြီး အမှန်တစ်ကယ်ကို ကူညီတဲ့ လူကောင်းပါ အမေ။ အခုသမီး မော်တာနဲ့ စက်ချုပ်တတ်နေပြီး ဒေါ်လေးအေးဖြူလုပ်တဲ့ စက်ချုပ်ရုံထဲမှာပဲ စက်တွေ ချုပ်နေတယ်။မကြာခင် အမေတို့ဆီ ပိုက်ဆံပို့နိုင်တော့မယ်အမေ။ သမီးပိုက်ဆံတွေ အများကြီး ရှာနိုင်ရင် အမေ ဒီအလုပ်မလုပ်ရတော့ဘူးနော်။မောင်လေး ညီမလေးတွေကို စာကြိုးစားခိုင်းပါ အမေ၊

သမီးကြီး

အိုးးးးးးးးးး သမီးရယ်။ အမေ့သမီး ကျန်းမာပါစေ ချမ်းသာပါစေ ။လူတော်လူကောင်းတွေနဲ့ တွေ့ပါစေကွယ်။ သမီးကို ကူညီစောင့်ရှောက်ပေးသည့် မအေးဖြူလဲ ကျန်းမာချမ်းသာ ဘုန်ကြီးလို့ သက်ရှည်ပါစေ။ သူမ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျရင်းဆုတွေသာ အထပ်ထပ်ပေးနေခဲ့သည်။
သမီးကြီးသည် ဘဝနာခဲ့၍လား မဆိုနိုင် အလုပ်ကိုကြိုးစားသည်။ ရိုးသားကြိုးစားသည့် သမီးကို အလုပ်ရှင်ကလဲ ချစ်ကာ ယုံကြည်ခဲ့သည်။ ဖြတ်သန်းသွားရသည့် ကာလတစ်ခုအောက်မှာ ပါးနပ်တဲ့ သမီးကြီးရဲ့ အစီအမံအောက်မှာ အောက်က အရွယ်ရောက်ပြီးတဲ့ ညီမငယ်တွေကိုသူမရှိတဲ့ တစ်ဖက်ကမ်းက ထိုင်းနိုင်ငံလေးသို့ခေါ် အလုပ်ထဲ ခေါ်သွင်းရင်း မောင်နှမတွေ တက်ညီလက်ညီ အလုပ်ပြီး နောက်မှာ ကျန်နေသေးသည့် အငယ်တွေကိုရဲ့ ကျောင်းစရိတ်ကို ထောက်ပံပေးလာကြသည်။
ရင့်ကျက်တည်ငြိမ်နေပြီး ဖြစ်သည့် သမီးကြီးကပဲ သူမကို လက်ရှိသူမ လုပ်နေသည့် အလုပ်ကို ရပ်နားပါတော့ အမေရယ်ဟု ညင်သာစွာ ဆိုလာပြန်တော့ သူမ လက်ခံခဲ့ပါသည်။
အစထဲကနေ ဝါသနာ ပါ၍မှ မဟုတ်ခဲ့တာပဲ။ ထမင်းတစ်လုပ်အတွက် မျက်ရည်တွေ စတေးပြီး လုပ်ခဲ့ရတဲ့ ရနံ့ပေါင်းစုံ ညီစို့စို့ အနံ့တွေကို အလုပ်တစ်ခုအတွက် သူမ လက်ခံခဲ့ရတာပါ။ဘယ်တုန်းကမှ သူမဆန္ဒအမှန်နှင့် လုပ်ချင်ခဲ့တာမှ မဟုတ်တာပဲ။
တစ်လျှောက်လုံး အပြစ်မကင်းစွာ ခံစားနေရတဲ့ စိတ်ကြောင့် သွားလေသူ ကိုဘမောင်ရဲ့ မျက်နှာကိုတောင်မကြည့်ဝံ မတွေးဝံ့ခဲ့တဲ့ အဖြစ်ပါ။ ခုတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ သားသမီးတွေရဲ့ အတုံးအလှည့် ကြည့်ရှူမှုအောက်မှာ သူမ စိတ်ပုတီးလေးကိုင်ရင်း အေးချမ်းစွာ နေထိုင်နိုင်ခဲ့ပြီ။
အတိတ်ဘဝက ဝဋ်ကြွေးတွေကြောင့် စိုးခဲ့ရသည့် ကံကြမ္မာတွေ နောင်သံသရာ မပါဖို့အရေး သူမ ကြိုးစားအားထုတ်ရပါအုံးမည်။
သိုကအတွက်သူမ၏ တစ်ချိန်က အလုပ်ကို ရွံ့ရှုတ်သူတွေအပေါ်လဲ နားလည်ခွင့်လွတ်နိုင်ရမည်။ သူမ၏ ခဏတာ အလုပ်အပေါ်ကို စာနာနားလည်စွာ တွေးပေးခဲ့သူ မမိုး မအေးဖြူတို့လို လူတွေအပေါ်လဲ ကျေးဇူးတွေ တင်ရင်း ထိုသူတို့ ပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်နေရမည်။
မည်သူမပြု မိမိမှူပါ။ သူမရွေးချယ်ခဲ့သည့် အလုပ်တစ်ခုရဲ့ ရလဒ် ကောင်းခြင်းဆိုးခြင်းကို သူမရဲရဲဝံ့ဝံ့ ခံနိုင်ရပါမည်။


4 comments:

  1. မရောက်တာတောင် ကြာပါရော အားပေးခဲ့ပါတယ်ဗျာ

    ReplyDelete
  2. ကိုယ့်ဘ၀ ကိုယ်သာ သိတာပါကွာ...ပတ်ဝန်းကျင်ကို ကြည့်နေရင် နေစရာတောင်ရှိမှာဟုတ်ဘူး.. ကိုယ့်သားသမီးတွေအတွက် မိခင်ရဲ့ မေတ္တာနဲ့ လုပ်ခဲ့ရတဲ့အလုပ်.. အလုပ်ကောင်းမဟုတ်ပေမယ့် မွန်မြတ်ပါတယ်။... လက်ရာကောင်းလေး တစ်ပုဒ်ပဲ ချစ်တုံး.. :)

    ReplyDelete
  3. ရင်ဘတ်နဲ့ဖတ်သွားတယ်အစ်မ.. တကယ်ခံစားရပါတယ်..။
    ဆက်ကြိုးစားပါ..။

    ReplyDelete
  4. ဒီလိုပါပဲမိဘဆိုတာ သားသမီးငတ်နေတာကိုတော့ထိုင်ကြည့်နေမှာမဟုတ်ပါဘူး
    မဖြစ် ဖြစ်တဲ့နည်းနဲ့ရှာဖွေကျွေးမှာပါပဲနော်
    ဒီလိုလူမျိုးတွေတွေ့ခဲ့ရင် နားလည်နိုင်ပါစေလို့
    ခင်မင်တဲ့ jasmine

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်