Followers

Tuesday 9 October 2012

အသည်းကိုဟင်းချက် စားချင်တယ်

ကြက်သဲ ၊ဝက်သဲ စသည့်တိရိစ္ဆာန်တွေရဲ့ အသည်းတွေကို မစားဖြစ်တာကြာပါပြီ။ အသည်းမှာပါဝင်တဲ့ ကိုလက်စထရောတွေကြောင့်ရော ၊ အသည်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးက အင်္ဂါတွေ အလုပ်လုပ်နိုင်ဖို့ အဓိကအကျဆုံးသော အင်္ဂါဖြစ်တာကြောင့် အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အသည်းဟာရောဂါပိုးပါဝင်မှုအများဆုံးဖြစ်တယ်။
ထို့ကြောင့်ပဲ ပြည်ပမှာ အသည်းကို စားသုံးမှုနည်းကြတယ်။ မြန်မာနိုင်ငံမှာတော့ အသည်းသည်အသားတွေထဲမှာ ဈေးအမြင့်မားဆုံးသော စားသောက်ကုန်ဟု ပြော၍ရနိုင်လောက်သည်။ အသည်းစားသုံးခြင်းကိုနှစ်သက်ကြသည်။
အသည်းစားသုံးခြင်းသည် ကောင်းကျိုးကိုမပေးနိုင်ဘူးလား ဆိုလာလျှင်တော့ ရိုးသားစွာ ပြောပါရစေ။ အသည်းသည် သက်ကြီးရွယ်အိုးများစားသုံးရန် မသင့်တော်လှသော်လည်း ကလေးများနှင့် မိန်းမပျိုလေးများစားသုံးရန်သင့်သောအစားအစာများတွင်ပါဝင်ပါသည်။ အသည်းတွင် ဗီတာမင်အေပါဝင်မှုနှုန်းများစွာ ရှိပါသည်. ဗီတာမင်အေသည် မှတ်ဥာဏ်ထက်မြက်ခြင်း၊အရိုးသန်မာခြင်း၊ခုခံအားစနစ်ကောင်းမွန်ခြင်း၊မျိုးပွာမှုဖြစ်စဉ် အောင်မြင်မှုတို့တွင် အဓိကအခန်းကဏ္ဍအဖြစ်ပါဝင်ဆောင်ရွက်ပေးပါသည်။
 ကလေးငယ်များ ဥာဏ်ရည်ထက်မြက်စေရန်နှင့် မျက်စေ့အားကောင်းစေရန်၊သွေးအားနည်းခြင်းဝေဒနာလက္ခဏာအများဆုံး ခံစားရသော အမျိုးသမီးငယ်များအသည်းကို စားသုံးပေးသင့်ပါသည်။ သွေးအားနည်းလွန်းရင် ဝက်အသည်းကို ချက်စား၊ပြုတ်စားပေးခြင်းဖြစ် လျှင်မြန်စွာ သက်သာကောင်းမွန်စေပါသည်။
မစားတာကြာလှနေပြီးဖြစ်တဲ့ အသည်းဟင်းလေးကိုစားချင်စိတ်ဖြစ်လာတာနဲ့ ဟင်းတစ်ခွက်စာအသည်းကိုဝယ်ပြီးချက်ပြုတ်စားရန် စီစဉ်လိုက်သည်..။

အသည်းဟင်းအတွက် ပါဝင်သောပစ္စည်းများ

၁။အသည်း (၁၅)ကျပ်သားခန့်
၂။ခရမ်းချဉ်သီး (၂)လုံး
၃။ကြက်သွန်ဖြူ၊နီ
၃။နံနွင်းမှုန့်အနည်းငယ်
၎။ငရုတ်သီးအစိမ်းမှုန့်
၅။ဆား သင့်တင့်ယုံမျှ
၆။ဂျင်းအနည်းငယ်
၇။ဟင်းချက်ရန်ဆီ




ချက်ပြုတ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ အသည်းကို အရင်ဆုံးရေစင်စင်ဆေးကြောပေးပါ။ ရေဆေး၊ရေစစ်ပြီးမှ လှီးပေးပါ။ လှီးပြီးမှ ရေဆေးလျှင် အသည်းထဲရေတွေ စိမ့်ဝင်နေပြီး ချက်လိုက်သည်နှင့် ရေများပြန်ထွက်လာကာ ဟင်းချက်ရာတွင်အချိန်ကြာနေသကဲ့သို့ ရသာမှာလဲ ကောင်းမွန်မှုအား နည်းပါးပါသည်။ လှီးထားပြီးသော အသည်းများကို ဆား စသည့်ရသာများနယ်ထားပေးပါ။
၂။ ငရုတ်သီးထောင်းမယ်နော်။ ငရုတ်သီးထောင်းစရာ ဆုံမရှိရင်တော့ ကြက်သွန်ဖြူ၊နီ၊ဂျင်းတွေကို သေးငယ်သောအပိုင်းအစလေးတွေဖြစ်အောင်လှီးပေးပေါ့။
၃။ ခရမ်းချဉ်သီးတွေကို ပါးပါးလေး လှီးထားပေးပါ။
၎။မီးဖိုပေါ်ဟင်းချက်ရန်အိုးတည်။ ဆီထည့် ၊ဆီပူလာရင် ကြက်သွန်ဖြူနီငရုတ်သီးကို ဆီသတ်မယ်နော်။
၅။ငရုတ်သီးဆီသတ် အနံ့မွေးလာပြီး အညိုရောင်သန်းလာရင် ခရမ်းချဉ်သီးကို ထည့်လိုက်ပါ၊ (ခရမ်းချဉ်သီးမထည့်ချင်ရင်တော့ မှည့်ကျဉ်းသီးမှည့်သုံးပေါ့။ ခရမ်းချဉ်သီးသုံးတာက ဟင်းအနှစ်များအောင်လို့ပါ)


၆။ခရမ်းချဉ်သီးတွေ ကျက်ပြီးပျော့သွားပြီဆို အသည်းတွေထည့်ပါ။
၇။ အသည်းနှင့် ခရမ်းချဉ်သီးကို သမအောင်မွှေပြီး ရေ အနည်းငယ်ထည့်ပြီး ခေတ္တချက်လိုက်ပါ၊ ရေတွေအများကြီးမထည့်ပါနှင့်။ ရေများများထည့်လျှင် ဆီပြန်လာအောင်အချိန်ကြာကြာချက်နေရမည်။


အသည်းတို့မည်သည် အချိန်ကြာကြာချက်သည်နှင့်အမျှ အသားစများမာလာကာ ခါးသက်လာသည်။ ထိုကြောင့်ပဲ ဖြစ်မယ်နော် နှလုံးသားနှင့်ခံစားရသည့်အချစ် ကြာလာလေ ခါးသက်လာလေလို့ ပြောကြတာ။ အဟိ....ဟင်းချက်တာနှင့် အချစ်အကြောင်း ဘာမှမဆိုင်လို့ ရပ်လိုက်အုံးမယ်။
  အသည်းဟင်းတစ်ခွက် နူးနူးညံ့ညံ့နှင့်ရသာရှိရှိလေး စားနိုင်အောင် အမြန်ဆုံးနည်းနှင့် ချက်ပေးလိုက်ပါ။

ဟော အသည်းလေးတစ်ခွက်တော့ ရပြီ။

အသည်းဟင်းပူပူကို ထမင်းပူပူ သခွားသီးအေးအေးလေးနဲ့ စားကြပါသူငယ်ချင်းတို့ရေ။
တစ်ခုတော့ ကြိုပြောထားတယ်နော်။ အဲ့ဒါမေ့အသည်းမဟုတ်ဘူး။ ဝက်အသည်းပါရှင့်။






..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်