Followers

Tuesday 2 October 2012

ဝက်သားကရင်ချက်(သို့) ဝက်သားဟင်းလေး

မေရေ ဝက်သားဟင်းကို ကရင်ချက် ချက်တာလေး စားချင်တယ်။ ချက်ပေးပါလားလို့ တောင်းဆိုသူတွေအတွက် ကရင်ဝက်သားချက်နည်းလေးကို တင်ပေးလိုက်ပါတယ်ရှင်။




ကရင်လူမျိုးအတော်များများက ဝက်သားကြိုက်ကြတယ်။ ဝက်သားဟေ့ဆို အသားတုံးကိုတောင် ကောက်ကိုင်ချင်ကြသူတွေမဟုတ်။ ဝက်သားစားပြီဟေ့ဆို ဝက်ဆီတုံးကြီးဆွဲလိုက်ရမှ ကျေနပ်ကြသူတွေဖြစ်သည်။
အလှူမင်္ဂလာပွဲများတွင် ဝက်သားသည် အဓိကဟင်းလျာ။ သာရေး၊နာရေး ၊မင်္ဂလာဆောင်မှစ၍ အရိုးကောက်ပွဲ၊ ပြုလုပ်ကျင်းပသည်အထိ ဝက်သားဟင်းသည်သာ ပင်တိုင်ဟင်း။
ထိုအလှူပွဲများတွင် ချက်သည့် ဝက်သားဟင်းကို ဝက်သားဟင်းလေး ဟု ခေါ်ဆိုသည်။ အဘယ်ကြောင့် ဝက်သားဟင်းလေးဟု ခေါ်တွင်ခဲ့သည် မသိပါ။ လေးလေးပင်ပင်နှင့် အရသာရှိသောကြောင့်ဟုသာ မှတ်ယူလိုက်ပါသည်။

ဝက်သားဟင်းလေး ချက်ရန် ပါဝင်သော ပစ္စည်းများ

၁။ ဝက်သား အစိတ်သားခန့်
၂။ ငရုတ်သီးအစိမ်းမုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
၃။ နံနွင်းမုန့် အနည်းငယ်
၎။ ဆီစာပွဲတင်ဇွန်း တစ်ဇွန်း (ဝက်သားအဆီများနေလျှင် မထည့်ပါနှင့်)
၅။ကြက်သွန်ဖြူ၊နီ
၆။ဂျင်း လက်တစ်ဆစ်ခန့်
၇။ မာဆလာ
၈။ မန်ကျည်းသီးမှည့် ကွမ်းသီးလုံးခန့် (ရေဖျော်ပြီးအသင့်ပြင်ထားပါ)
၉။ မျှင်ငါးပိ(ခေါ်) ငါးပိစိမ်းစား အနည်းငယ်
၁၀။ ပဲငံပြာရည်အနောက်(သို့) ပဲဆီ စားပွဲတင်ဇွန်းတစ်ဇွန်း
၁၁။ ဆား


ပြင်ဆင်ချက်ပြုတ်နည်း

၁။ ပထမဦးစွာ ဝက်သားတုံးကို ရေစင်စင်ဆေး၍ မိမိစိတ်ကြိုက် အရွယ် တုံးထားပါ။ (ရေဆေးပြီးတုံးတော့ ရေထပ်ဆေးစရာမလိုတော့ ခြောက်သွေ့နေကာ အသားနယ်ရာတွင် အသားထဲသို့ ရသာစိမ့်ဝင်နိုင်မှုအားပိုကောင်းသည်)

၂။ တုံးထားပြီးသော ဝက်သားကို ချက်မည့်အိုးတွင်သော်လည်ကောင်း၊ အခြားဇလုံကြီးထဲတွင်လည်းကောင်း ထည့်၍ 

ဆီ၊ နံနွင်းမုန့်၊ မျှင်ငါးပိ၊ ဆား၊ ပဲဆီ ၊မဆလာ အနည်းငယ် စသည်တို့ကို ထည့်၍ သမအောင်မွှေပေးပါ။ အသားထဲသို့ ရသားများစိမ့်ဝင်နိုင်အောင် နာနာလေးနှင့် ကြာကြာလေး နယ်ပေးပါ။ (အလှူပွဲများအတွက်ဆို ထမနဲထိုးသလို ဘယ်၊ညာ တစ်ဖက်ဆစ်ချက်စီ ယောက်မကြီးနှင့် ထိုးမွှေပေးသည်ကို တွေ့နိုင်ပါသည်)

၃။ နယ်ထားပြီးသော ဝက်သားများကို မိမိချက်လိုသည့် အိုးထဲသို့ ပြောင်းထည့် (ဇလုံးထဲ ထည့်၍ နယ်ထားမိပါက) ဝက်သားမြုပ်ယုံ ရေထည့်ပေး၍ မီးဖိုပေါ် တင်ကာ စတင်ချက်နိုင်ပါပြီ။

ဝက်သားအိုးမီးဖိုပေါ်သို့ တင်ကာ ချက်ပြုတ်နေချိန် အဖုံးအုပ်ထားပေးပါ။

 အသားဟင်း ကောင်စွာ ဆူ၍ ပါဝင်ပစ္စည်းများ ကျက်သည့် အချိန် ရောက်မှသာ ဟင်းအိုးအဖုံးဖွင့်ချင်က ဖွင့်ပါ။ မည်သည့်ဟင်းမဆို ကောင်းစွာ မကျက်နိုင်သေးခင် အဖုံးဖွင့်မိပါက ဟင်း၏ အနံ့မှာ ပြောင်း၍ ၊ရသာပြောင်းနိုင်ပါသည်။ (ဆီစိမ်း၊ ငရုတ်သီးစိမ်းနံ့ နံတာမျိုး)
၎။ ထိုသို့ ဟင်းအိုးတည်ထားချိန်တွင်ပဲ ကြက်သွန်နီများကို လေးစိပ်စိပ် ထားခြင်း၊ ကြက်သွန်ဖြူများကို ထက်ခြမ်းခွဲ၍ အမွှာလိုက် ထားခြင်း၊ ဂျင်းများကို လှီးထားခြင်း မန်းကျီးသီမှည့်ရည် ဖျော်ထားခြင်းဖြစ် အသင့်ပြင်ထားပါ။

၅။ မိမိတည်ထားသော ဟင်းအိုးမှ ပထမရေ ခမ်းပြီးချိန်လောက်တွင် ဝက်သားဟင်းအိုးကိုဖွင့်ကြည့်၍ အသားနူး၏၊။ မနူး၏ကို စစ်ဆေးပြီး မနူးသေးလျှင် ရေထပ်ထည့်၍တည်ထား ၊ နူးပြီဆိုပါက အသင့် ဖျော်ထားသော မန်းကျည်းသီးမှည့်ရည် လောင်းထည့်၊ ကြက်သွန်၊ဖြူနီ၊ဂျင်း စသည်တို့ကို ထည့်မွှေ၍ မီးအေးအေးဖြစ် နှပ်ထားပါ။

 
ဆရာကြီး မင်းသိင်္ခရေးသားသည့် ပုဂံသားဘမော် ဝတ္တုလေးထဲမှ အပျိုကြီး၏ ဝက်သားချက်နည်းအတိုင်း မီးခဲအေးလေးနှင့်သာ နှပ်ထားပေတော့ဗျို့။ ဟီးးးး
၆။ အနည်းငယ်သော မီးအရှိန်နှင့် နှပ်ထားသော ဝက်သားဟင်းအိုးလေးမှာ ရေကုန်၍ ဆီပြန်လာချိန်တွင် ဝက်သားမှာလဲ နူးအိနေလေပြီ။ အသားထဲမှ အဆီများမှာလဲ ဟင်းအိုးထဲသို့ ရောက်ကာ ဟင်းအနှစ်ထဲ စိမ့်ဝင်နေလေပြီ။
ထိုအချိန်တွင်မှာပဲ နူးနူးအိအိ ဝက်သားဟင်းလေးတစ်ခွက်သည် သင့်ပန်းကန်ထဲသို့ ခုန်ဝင်လာပြစေဟု တောင်းဆိုနေသောကြောင့် ပန်းကန်လေးအသင့်ပြင်ကာ ဟင်းအိုးထဲမှ ဟင်းများ ပန်းကန်ထဲသို ပြောင်းထည့်ကာ မြိန်ရည်ယှက်ရည် စားသုံးလိုက်ကြအုံးစို့လားရှင်။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

1 comment:

  1. ကရင်ဝက်သားချက်နည်းလေး ဖတ်ရင်း ကြို့ကုန်းက အစ်မအစ်ကိုတွေကို သတိရသွားတယ် မေသဇင်ရေ။
    တီတင့်က ခေါင်းကြီးကိုက်ရောဂါကြောင့် ဝက်ရှောင်ထားတဲ့ ကရင်လေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်