Followers

Wednesday 3 October 2012

ပန်းဂေါ်ဖီအချဉ်သုပ် (သတ်သတ်လွတ်)

ခုတစ်လော ချက်လိုက်၊ စားလိုက်နဲ့ လူလဲ အတော်လေး ဝလာပြီ။ ဒီနေ့တော့ ဘာမှ မချက်စားဖြစ်တော့ဘူး။ ချက်နေရင်စားဖြစ်နေအုံးမယ်လေ။ အတော်လေးတက်လာတဲ့ ကိုယ်အလေးချိန်ကြောင့် ညနေပိုင်းဆို အသီးအရွက်တွေကိုပဲစားတော့တယ်။ ထမင်း၊ပေါင်မုန့်၊ခေါက်ဆွဲ ၊ပါစတာ (Pasta) စသည်တို့ကို ညနေစာအတွက် စွန့်လွတ်ထားလိုက်ပြီ။
ဒီညနေစာကိုတော့ အစိမ်းရောင်ပန်းဂေါ်ဖီ (Broccoli) ကို စားမယ်လို့ စိတ်ကူးမိတယ်။ Broccoli ဟာ အမျှင်ဓာတ်တွေ များတဲ့ အသီးအနှံထဲမှာ ပါဝင်တယ်။ ဗီတာမင်စီတွေ ကြွယ်ဝတယ်။ Broccoli ကိုပုံမှန်စားသုံးပေးခြင်းအားဖြစ် ကင်ဆာရောဂါ ဖြစ်နိုင်ခြေမှ များစွာကာကွယ်ပေးတယ်။ နှလုံးနှင့် ဆက်နွယ်ပတ်သက်နေသည့် ရောဂါများကို ကာကွယ်ပေးသည်။ အသက်ကြီးပိုင်းတွေမှာ ရရှိလာတတ်သည့် မှတ်ဥာဏ်အာရုံချွတ်ယွင်းမှုကို ကာကွယ်ပေးသည်ဟုတော့ အကြမ်းအားဖြစ် သိထားနိုင်ပါသည်။ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ အတော်လေး အကျိုးအာနိသင် ထိရောက်သည့် အသီးအရွက် ဖြစ်ပါသည်။
ဒီနေ့ Broccoli ကို ချက်စားမယ်လို့ စိတ်ကူးမိတော့ ဘယ်လိုပုံစံမျိုးလေး လုပ်စားရမှာလဲ။ Broccoli က အရမ်းကို နူးညံ့တဲ့ အမျိုးအစားဖြစ်တာကြောင့် အချိန်ကြာကြာ ချက်လိုက်လျှင် စားရသည်မှာနူးအိနေပြီး အရသာကင်းမဲ့နေသလိုလိုဟု စိတ်က ထင်တတ်သည်။ထိုကြောင့် အချိန်များများမပေးရသည့် ချက်ပြုတ်နည်းနှင့် ထိုပန်းဂေါ်ဖီစိမ်း (ခေါ်) Broccoli ကို သုပ်စားရန် စိတ်ကူးမိလိုက်သည်။
ချက်ပြုတ်ဖို့ကို အချိန်များများလဲ မပေးချင်တာနဲ့ အချဉ်သုတ်လေးသုတ်စားရန်တွေးလိုက်မိပြီ ပိုးတီသုတ်လေး သုတ်စားဖို့ကိုပဲ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။ မုန်လာဥပိုးတီသနပ်၊ပဲပင်ပေါက်ပိုးတီသနပ်၊ပဲတောင့်ရှည်ပိုတီ သနပ် စသည်ဖြစ် သုတ်စားနေသကဲ့သို့ ပန်းဂေါ်ဖီအဖြူ ၊ အစိမ်းရောင်ပန်းဂေါ်ဖီတို့ကိုလဲ သုတ်စားလေ့ရှိပါသည်။
ပြုလုပ်ရသည်မှာ အလွန်ကို လွယ်ကူလွန်းပါသည်။ သတ်သတ်လွတ်စားသူများအတွက် အရံဟင်းလျာအဖြစ် သုံးဆောင်နိုင်ပါသည်။

ပန်းဂေါ်ဖီသုတ်ရန် ပါဝင်ပစ္စည်းများ

၁။ ပန်းဂေါ်ဖီတစ်ထုပ်
၂။ ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
၃။လှော်ထားပြီးသော နှမ်း စားပွဲတင်ဇွန်း ၂ ဇွန်း
၎။ ကြက်သွန်နီ ကြွပ်ကြွပ်ကြော်
၅။ဆီ စားပွဲတင်ဇွန်း ၁ဇွန်း
၆။ဆား အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်



၁။ ပထဦးစွာ ပန်းဂေါ်ဖီများကို ရိုးတံမှ ဖယ်ရှားပေးပြီး ရေစင်စင်ဆေးပါ။

၂။ ဆူပွက်နေသော ရေနွေးအိုးထဲသို့ ပန်းဂေါ်ဖီများ ထည့်၍ ၂ မိနစ်ခန့် ပြုတ်လိုက်ပါ။ အချိန်ကြာလွန်စွာ ပြုတ်လိုက်ပါက ထို Broccoli မှာ ပျော့သွားနိုင်သည်။ ထိုအခါ ပျော့စိစိနှင့် စးရသည်မှာ ပိုးတီသနပ်နှင့် မတူတော့။ အချိန်ကြာမြင့်စွာချက်သည့် အသီးအရွက်များမှာလဲ မီးအပူရှိန်ကြောင့် ထိုအရွက်ထဲရှိ ဗီတာမင်ဓာတ်များ ပျက်စီးဆုံးရှုံးသွားနိုင်သောကြောင့် အသီးအရွက်များကို အချိန်ကြာမြင့်စွာ မချက်ပြုတ်သင့်ပေ။


၃။အလွန်ဆုံး ၂ မိနစ်ခန့် အချိန်ပေး ပြုတ်ထားသော(ပြုတ်နေစဉ် အပူနှံအောင် မွှေပေးပါ) ပန်းဂေါ်ဖီကို မီးဖိုပေါ်မှာ ဖယ်ရှား၍ ရေအေးအေးနှင့် လောင်းပြီးဆေးလိုက်ပါ။ အပူရှိန် မကျန်အောင်ဖြစ်ပါသည်။


၎။ ထို ပန်းဂေါ်ဖီထဲသို့ ဆား၊ ကြက်သွန်ကြော်၊ဆီ၊ နှမ်း၊ ရှာလကာရည် စသည်များထည့်၍ သမအောင်နယ်ပြီးလျှင် အစိမ်းရောင်မပျက် ပန်းဂေါ်ဖီသနပ် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီရှင်။


အဲ့ဒီပန်းကန်လေးက မေ့ရဲ့ ဒီည ညစာပါရှင်။ သူငယ်ချင်းတွေ စားချင်တယ်ဆိုရင်လဲ ခွဲဝေပြီး ကျွေးပါ့မယ်။
ဒါလေးက အသုတ်ရိုးရိုးလေးပါ။ အခြားနည်းများနှင့် ကြော်စား၊ ချက်စား၍ ရနိုင်သလို cheese တွေနဲ့ bake တာမျိုး၊ အခြားနည်းနဲ့ ချက်ပြုတ်စားချင်သေးတယ်ဆိုရင်တော့ အခွင့်သင့်ရင် တင်ပေးပါ့မယ်ရှင်။
ခုလောလောဆယ်တော့ အစားရှောင်နေလို့ ရိုးရိုးလေးပဲ စားတော့နော်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်