Followers

Thursday 27 September 2012

သီးစုံပဲဟင်း ချက်ကြမယ်



ဒီနေ့တော့ စိတ်လိုလက်ရ သီးစုံပဲဟင်းလေး ချက်ဖြစ်တယ်။ ချက်ရသည်မှာလဲ လွယ်ကူသည့်ဟင်းဖြစ်သောကြောင့် ဒီလိုပဲသီးစုံဟင်းကိုတော့ ချက်နိုင်ကြမှာပဲတွေးပြီး “ချက်ကြမယ်ဟေ့ကောင်းကောင်း” အစီအစဉ်မှာ မတင်တော့ဘူးလို့ တွေးပြီး မေစားချင်နေတဲ့ သီးစုံပဲဟင်းလေးကိုပဲ အာရုံစိုက်ပြီး ချက်နေလိုက်တယ်။
သိတယ်မဟုတ်လား ..။ လူကသာ ဟင်းချက်နေတာ ကွန်ပျူတာလေးဖွင့်ပြီး ဟိုဆိုဒ်လေးဖွင့်ကြည့်လိုက်၊ ဒီဆိုဒ်ကို လှည့်ချောင်းလိုက် လုပ်နေတုန်း(PC လေးကို မီးဖိုထဲသွင်းပြီး ဖွင့်ထားတတ်သူ) မေ့ ဂျီတော့လေးထဲက ဗီဒီယိုချက်လေးကို ခေါ်ဆိုသူပေါ်လာခဲ့တယ်။
အမေရိကန်ရောက် သူငယ်ချင်း“နေမင်းခိုင်” ။
မေလဲ အသီးအနှံလေးတွေ လှီးလက်စဖြစ်နေသောကြောင့် ဒီတိုင်း ဆက်လှီးနေရင်းစကားပြောဖြစ်တယ်။

“မေရေ မင်းဘာလုပ်နေတာလဲ”
“မတွေ့ဘူးလား..ဟင်းချက်ဖို့လုပ်နေတာ”
“ဘာဟင်းချက်ဖို့လဲ”
“သီးစုံပဲဟင်း ချက်စားဖို့လေ”
“နင်လဲ အတော်လေး အား နေတာပဲနော်။ ခဏကြာ ဟိုဟာလေးချက်လိုက်၊ဒီဟာလေးချက်လိုက်နဲ့ ငါ့မှာတော့ ဖြစ်သလိုစားနေရတာ”
“ငါက စားချင်လို့ ချက်တယ်ဆိုတာထက်၊ ချက်ရတာကို နှစ်သက်လို့ ချက်နေတာ..။ အဲ့ဒါကြောင့်ပဲ ကြည့်ပါလား ငါခန္ဓာက တဖြည်းဖြည်း ဝိတ်တွေတက်လာတာ..အဟီးးး ”
သူနဲ့ ပြောနေရင်းနဲ့ပဲ လှီးစရာအသီးအနှံတွေကုန်တော့ ဆီလှမ်းသတ်ကာ သီးစုံပဲဟင်းကို ဆက်တိုက်ချက်နေလိုက်သည်။
“မေ မင်းကိုကြည့်ရတာဟုတ်နေတာပဲ..စကားလဲပြော ဟင်းလဲချက်။ ငါတောင် နင်ချက်တဲ့ဟင်းစားချင်လာပြီ..နင့် “ချက်ကြမယ်ဟေ့ ကောင်းကောင်း” အစီအစဉ်မှာ ချက်ပုံချက်နည်းတင်ပေးလိုက်..ငါအလုပ်အားတဲ့နေ့ချက်စားမယ်”
“အားးးငါက ချက်တောင်ချက်နေပြီ..ငါ့ဟင်းက ကျက်နေပြီး..ပုံတွေမရိုက်ထားရဘူး”
“မရိုက်ထားတော့ ဘာဖြစ်လဲ ..ငါဟင်းချက်နည်းတောင်းတာ ..ဟင်းချက်ထားတဲ့ပုံတောင်းတာမဟုတ်ဘူး”
“ပဲဟင်းချက်တာများ အလွယ်လေး..နင်မချက်တတ်ဘူးလား”
“အေး မတတ်လို့ နင့်ကိုပြောနေတာပေါ့”
“ပြီးရော...ပြီးရော တင်ပေးလိုက်မယ်”

ထိုနေ့ကတော့ ချက်ထားတဲ့ ဟင်းအိုးလေး ပွက်ပွက်ဆူနေပုံကို သူကို အရသာခံကြည့်ခိုင်းလိုက်တယ်။
သူတောင်းဆိုမှုကြောင့်ပဲ သီးစုံပဲဟင်း ချက်ပုံချက်နည်း တင်ပေးလိုက်ပါတယ်။ အခြားသော သူငယ်ချင်းတွေလဲ ချက်ရအောင်ပါ။

သီးစုံပဲဟင်းချက်ရန် ပါဝင်သော ပစ္စည်းများ

၁ ။ ကုလားပဲခြမ်း ၂၅၀ ဂရမ်
၂။ ဗူးသီးတစ်စိပ်(သို့) တစ်လုံး (ပြည်ပက ဗူးသီးတွေက သေးသေးလေးတွေ)
၃ ။ခရမ်းသီးကြီး တစ်လုံး
၎။ရုံးပတီသီး (၁၀)တောင့်ခန့်
၅။ပဲသီး တစ်စည်း (၁၀)တောင့်ခန့်
၆။ပျဉ်းတော်သိမ်ရွက်(ခေါ်)ဆီသတ်ရွက် အနည်းငယ်
၇။ဟင်းချက်မာဆလာ ကော်ဖီဇွန်းတစ်ဇွန်း
၈။မန်းကျည်းသီးမှည့် စားပွဲတင်ဇွန်း တစ်ဇွန်း(ရေဖျော်ထားပါ)
၉။ ကြက်သွန်ဖြူ၊နီ၊ ဂျင်း
၁၀။နံနွင်းမုန့်အနည်းငယ်
၁၁။ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်
၁၂။ဆား စားပွဲတင်ဇွန်း တစ်ဇွန်း (သို့) မိမိနှစ်သက်သော အတိုင်းအတာ

အချိုမုန့် ထည့်ဝင်လိုက ထည့်ဝင်နိုင်ပါသည်။

ဟင်းချက်ရန်ပြင်ဆင်မယ်

သီးစုံပဲဟင်း ချက်တော့မယ်လို့ စိတ်ကူးရှိရင် ပဲတွေကို ကြိုပြီးရေစိမ်ထားလိုက်တာက ချက်ပြုတ်ရာမှာ မြန်ဆန်အောင် ကူညီရာရောက်ပါတယ်။ ညလုံးပေါက် စိမ်းထားလိုကလဲ ရပါသည်။ ရေစိမ်မထားပဲ ချက်ချင်းချက်ပါက အနည်းငယ်အချိန်ပိုပေး၍ ပြုတ်ရပါမည်။
သင့်မီးဖိုချောင်ထဲမှာ မုန့်ဖုတ်ဆိုဒါ ရှိနေပါက ဆိုဒါအနည်းငယ် ထည့်ဝင်ချင်းဖြစ် (ကော်ဖီဇွန်း တစ်ဝက်စာမျှ) ပဲများနူးလွယ်ကာ အချိန်ကုန်သက်သာစေပါသည်။

၁။ ရေစင်စင်ဆေးထားသော ပဲများကိုမီးဖိုပေါ်တင်၍ နူးအောင်ပြုတ်ထားရပါမည်။
၂။ ပဲပြုတ်နေစဉ်တွင်း မိမိထည့်ဝင်လိုသော အသီးအနှံများကို မိမိစိတ်ကြိုက်အရွယ်အစား လှီးထားပါ။
၃။ ကြက်သွန်ဖြူ၊နီ၊ဂျင်းများကို ညှက်အောင်ထောင်း၍သော်လည်းကောင်း၊ သေးငယ်သော အပိုင်းစများဖြစ်အောင် ဓားနှင့်စဉ်း၍သော်လည်းကောင်း အဆင်ပြေသည့်နည်းနှင့် အသုံးပြု၍
မီးဖိုပေါ်တွင် ဒယ်အိုးတင် ၊ ဒယ်အိုပူလာလျှင် ဆီအနည်းငယ်ထည့် ၊ ဆီကျက်လောက်သည့် အချိန်တွင် နံနွင်၊ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်၊ဖြူနီ၊ဂျင်း တို့ကို ထည့်၍ကြော်ပါ။
ကြက်သွန်ဆီသတ် ကျက်လုကာ ရနံ့များမွှေးလာသည့်အချိန်တွင် ဆီသတ်ရွက်ကို ထည့်ကြော်ပါ။
၎။မိမိစိတ်ကြိုက်အရွယ်အစား လှီဖြတ်ထားသော အသီးအနှံများကို ထည့်၍ မွှေပြီး ပူနွေးလာလျှင် ရသာထည့်ပါ။(ဆားအချိုမုန့်ကဲ့သို့သော)
ချက်ပြုတ်ရာတွင် မိမိချက်သည့် အသီးအရွက်၊ အသားငါးများအား မချက်ရသေးခင် ရသာများ နယ်လိုက နယ်ထား၊ မနယ်ထားပဲ ချက်ပါက စိတ်ချရသည့် မီးအပူချိန်ရပြီး ဆူပွက်လာသည်အထိ စောင့်ပြီး ရသာများထည့်ဝင်ပါ။ သို့မဟုတ်ပါက ဟင်းရသာပြောင်းသွားနိုင်၏။
၅။ ကြိုတင်၍ ပြုတ်ထားသော ပဲများ လောင်းထည့်၍ အတူတူရောမွှေနိုင်ပါပြီ။
 ဟင်းအိုးလဲဆူပွက် ၊သီးနှံတွေလဲနူးပြီးဆိုရင် အပေါ့အငံမြည်းပြီး သင့်ဟင်းအိုးလေး မီးဖိုပေါ်မှ ဖယ်နိုင်ပါပြီ။


 မေကတော့ ကြက်ဥတွေပါ ပြုတ်ပြီးထည့်ထားတယ်။

ရသာရှိတဲ့ သီးစုံပဲဟင်းပူပူလေးကို မြိန်ရည်ရှက်ရည် စားသုံးလိုက်ကြအုံးစို့လားကွယ်။








..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်