Followers

Saturday 22 September 2012

(၅)မိနစ်နှင့် ပြင်ဆင်စားသောက်ခဲ့သည့် ထမင်းတစ်နပ်

မိုးတွေကလဲ သဲသဲမဲမဲရွာနေလိုက်တာ။
စနေနေ့ နားရက်ကလဲဖြစ်၊မိုးတွေကလဲ အငြိုးတကြီးနှင့်ရွာနေတော့ အပြင်ကိုသွား လှုပ်လှုပ်ရှားရှားနေရန်ထက် အိပ်ရာထက်မှာ ခွေလဲနေဖို့ရန် စိတ်အားထက်သန်ခဲ့ပါသည်။
လူက ငြိမ်နေပေမယ့် အငြိမ်မနေနိုင်သည့်အရာတော့ ရှိခဲ့သည်။ ထိုအရာတွေသည် အစာခြေအင်္ဂါတွေထင်ရဲ့။ သူတို့၏ လှုပ်ရှားမှုကြောင့်ပင် ဗိုက်က ဆာလှပြီ။
မလှုပ်ချင် လှုပ်ချင်နှင့် အပျင်းကြီးနေသော ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ဆွဲထူကာ စောင်ပုံအောက် ကွေးနေသောအနေအထားမှ ရုန်းထလိုက်သည်။
ခန္ဓာရှိနေသေးသရွေ့ စားရအုံးမည်။သောက်ရအုံးမည်။ စွန့်ရပါအုံးမည်။
လေးပင်နေသော ခြေလှမ်းများနှင့်ပင် စားသောက်စရာများသိုလှောင်ရာ ရေခဲသေတ္တာဆီသို့ လျှောက်သွား၍ တံခါးဆွဲဖွင့်လိုက်တော့......................
ပြောင်သလင်းခါနေသော ရေခဲသေတ္တာသည် စပ်ဖြဲဖြဲမျက်နှာနှင့် သူမအား လှောင်ပြောင်နေသယောင်။
ဟုတ်ပါရဲ့။ ဒီနေ့စနေနေ့။ တစ်ပတ်တစ်ခါ ဈေးဝယ်သည့် သူမအတွက် စနေနေ့သည့် သူမလိုအပ်သည့် အရာမှန်သမျှ ဝယ်ယူရမည့်နေ့။ သို့ပေမဲ့ အပြင်မှာမိုးတွေ သည်းထန်စွာရွာသွန်းနေသည်။ အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ချင်ခဲ့ပါ။
ဒီနေ့အဖို့ ရှိတာလေးနှင့် စားတော့မည်ဟု ဆုံးဖြတ်ကာ စပ်ဖြဲဖြဲလှောင်ပြောင်ပြနေသည့် ရေခဲသေတ္တာထဲသို့ ခေါင်းပြူးဝင်ရင်မွှေနှောက်ရှာဖွေပြန်တော့ ညက ချက်ထားပြီး စား၍ မကုန်သေးသည့် ထမင်းအကျန် တစ်ဗူး (ဗူးလေးထဲ ထည့်ကာ ရေခဲသေတ္တာထဲတွင် သိမ်းထား၍) ပဲပင်ပေါက် လက်တစ်ဆုပ်စာမျှ လောက်သာ မယ်မယ်ရရတွေ့သည်။
ရပါပြီ။
မြန်မာလူမျိုးအဖို့ ထမင်းသည် အဓိက။ အခြားသူတော့ မသိ။ မေ့အဖို့ ထမင်းရှိလျှင် ပြည့်စုံပြီ။ ထမင်းနှင့် ပဲပင်ပေါက်ကို အတူတူသုတ်စားရန် စိတ်ကူးလိုက်ပြီး ဆွဲထုတ်နေချိန်တွင်း စိတ်ကပြောင်းသွားကာ ထမင်းကို သီးသန့်သုတ်ပြီး ရှိနေသည့် ပဲပင်ပေါက်ကို ဟင်းခါးချက်သောက်လိုက်လျှင် အနည်းငယ် ပိုစိုပြေလာနိုင်သည်။ (တစ်ယောက်ထဲသမားများ၏ ဘဝ)
တစ်ခါတစ်ရံ မေ့လိုပင် အိမ်ဝေး၍ တစ်ယောက်ထဲဖြစ်နေသည့် သူငယ်ချင်းများ ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါသည်။
ထိုအခါမျိုးတွင် အလွယ်တကူဖြေရှင်းနိုင်၍ ရသာကောင်းမွန်သည့် ထမင်းတစ်နပ်ဖြစ်စေရန် မျှဝေလိုက်ပါသည်။
မေ့မီးဖိုချောင်ထဲတွင် ငရုတ်သီးမှုန့်၊ပဲမှုန့်၊ဆီချက် အဆင်သင့် အမြဲရှိနေတတ်သည်။ ဒါတွေက ခုလို နေ့မျိုးတွင် အထိရောက်ဆုံး ကူညီမှုဖြစ်သည်။ အလုပ်အားနေချိန် ဆီချက်များချက်၍ လေလုံပုလင်းထဲထည့်ကာ အမြဲအဆင့်သင့်ထားသည်။ပဲမှုန့်များလဲ ထိနည်းတူစွာ။
ထမင်းကို စပြီးသုတ်တော့မယ်နော်။
ပါဝင်သော ပစ္စည်းများ
ထမင်း ပန်းကန်လုံးတစ်လုံးစာ
မြေပဲမှုန့် စားပွဲတင်ဇွန်း (၂)ဇွန်း
ကြက်သွန်နီတစ်ဥ (ပါးပါးလှီး)
မန်းကျည်းရည်(သို့) သံပုရာရည် အနည်းငယ်
ငံပြာရည် စားပွဲတင်ဇွန်း (၁)ဇွန်း
ကြက်သွန်ဖြူဆီချက် စားပွဲတင်ဇွန်း (၁)ဇွန်း
အားလုံးကို ဇလုံတစ်လုံးထဲ စုပေါင်းထည့်၍ သမအောင်နယ်လိုက်လျှင် ရသာရှိသည့် ထမင်းသုတ် တစ်ပန်ကန်ရရှိပါပြီ။

ထိုထမင်းသုတ် ပြင်ဆင်နေချိန်မှာပဲ ဓာတ်ဗူးထဲက ရေနွေးကို အိုးထဲထည့်။ မီးဖိုပေါ်တင်ပြီး ဆူအောင်တည်။ ပုဇွန်ခြောက်ထည့် စောစောက လက်တစ်ဆုပ်စာ ပဲပင်ပေါက်ထည့် ၊၇သာမှုန့် အနည်းငယ်ထည့် ငရုတ်ကောင်းမှုန့်လေး ဖြူးထည့်လိုက်တော့ ထမင်းသုတ်နှင့် ပဲပင်ပေါက်ဟင်းခါး ပူပူလေးကို စားချင်စဖွယ် ရရှိသွားပါပြီ။

ထမင်းသုတ်ထဲသို့ အချိန်ရလျှင် အားလူးပြုတ်အနည်းငယ်၊ဂေါ်ဖီအနည်းငယ်၊ပုဇွန်ခြောက်မှုန့်၊မြေပဲမှုန့်များ ပါဝင်ထည့်သွင်းနိုင်ပါသည်.။ မေကတော့ ရှေ့မှာ ဝန်ခံထားသည့်အတိုင်း ဘာမျှ မရှိတော့သည်က တစ်ကြောင်း၊ မိုးအေးအေးနှင့် ပျင်းရိနေသည်က တစ်ကြောင်း ၊ ထိုနေ့ နေ့လည်စာကို (၅)မိနစ်နှင့်ပင် အမြန် ပြင်ဆင်၍ သုံးဆောင်ခဲ့ပါသည်.။ ထိုပေမဲ့ လက်စိမ့်ရှိသူမို့လားမသိ သုံးဆောင်ရသည်မှာ ရသာရှိလွန်းလှပါသည်။ (ကိုယ့်လက်ရာမို့ ကိုယ့်ဘာသာကိုယ် မြှောက်ပြောတာ) မကောင်းလဲ ဘာမှမရှိ၍ စာရတော့မည့်အတူတူ။
ဩော် မေ့ကျန်ခဲ့သည်။ မေ့အိမ်လေးမှာ ပူဇီနံ၊ပင်စိမ်း၊ ငရုတ်သီးစိမ်း ၊ရှောက်ရွက်များကို အိုးလေးများနှင့် စိုက်ထားသည်။ ရှောက်ရွက်ကိုလဲ အသီးမရလျှင်လဲနေပါစေ ၊ အရွက်စားရယုံ ပန်းအိုးသေးလေးထဲ ကိုင်းကူးနည်းဖြစ် စိုက်ထား၍ လိုအပ်လျှင် အချိန်မရွေး ခူးယူစားသုံးရန်အသင့်ရှိနေခဲ့သည်။ ရှောက်ပင်မရှိသည့် စကာင်္ပူနိုင်ငံတွေ(ရုက္ခဗေဒဥယျာဉ်မှလွဲ၍) ရှောက်ပင်ကို မြန်မာနိုင်ငံမှ သယ်လာခဲ့သည်။
အသုတ်ကြိုက်သော မေ့အတွက် ထိုအရွက်လေးမျာက များစွာ အထောက်အကူပြုပါသည်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


1 comment:

  1. ဟိ ကြည့်ရင်းတောင်စားချင်လာပြီ :P

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်