Followers

Monday 24 September 2012

ရွှေရောင်ဝင်းဝင်း ရွှေဖရုံသီးဟင်း



အသီးအရွက်တွေစားရတာကို ကြိုက်နှစ်သက်သောကြောင့် အသီး၊ အနှံ၊ အရွက် ချက်စားရသည်ကို အသားဟင်းထက်ပို၍ ခံတွင်းတွေ့ပါသည်။ (အမှန်တော့ အသားက ဈေးကြီး၍ မဝယ်နိုင်သည်ကို အရှက်ပြေ ပြောခြင်းဖြစ်နိုင်သည်)
ဒီနေ့ အသီးအရွက်တွေထဲက ဘာချက်စားရင်ကောင်းမှာလဲ၊ ဘယ်လိုချက်စားရင်ကောင်းမှာလဲ တွေးမိပြန်တော့ အသိမောင်လေးတစ်ယောက်က မမမေ ကျွန်တော်က ချက်စား၊ ပြုတ်စားမတတ်ဘူး။ အိမ်မှာနေတုန်းက အမေနဲ့ အစ်မတွေချက်တာစားတယ်။ ဒီရောက်တော့ ကိုယ့်ဘာသာကိုယ် ချက်စားနေရတာ။ ကိုယ်တိုင်လဲ မချက်တတ်တော့ ဖြစ်သလိုပဲ စားနေရတယ်ဗျာ။ ဟင်းချက်နည်း လွယ်လွယ်လေးတွေ ရှိရင် ရေးပြီးပို့ပေးဆိုတာလေး သတိရလိုက်တော့ ဘဝတူ အိမ်ဝေးသူငယ်ချင်းများကို အလွယ့်တကာ အလွယ်ကူဆုံးလေးတွေ ချက်ကျွေးမယ်လို့ တွေးလိုက်တယ်။
အသီးအနှံများ ထားသိုရာ ရေခဲသေတ္တာဆီ လက်လှမ်းကာ ဖွင့်ကြည့်လိုက်တော့ အရောင်တောက်တောက်နှင့် လှပနေသည့် အဝါရောင် ရွှေဖရုံသီးတစ်စိပ်က မေ့ကို ချိုမြမြလေး ပြုံးပြနေသည်။

ဟမ်းးး  yumm.............!!!

ရွှေဖရုံသီးလေးပဲ ချက်စားတော့မယ်။ အင်းး  ချက်စားတာတော့ ဟုတ်ပြီး ဘယ်လိုချက်စားရမှာလဲ။ ဝက်သား(သို့) ကြက်သားနဲ့ ရောပြီးချက်မလားလို့ တွေးလိုက်သေးပေမယ့် အသားဝယ်ဖို့ ပိုက်ပိုက်မရှိတာကြောင့် (ကြွားပြန်ပြီ) ရွှေဖရုံသီးလေးကို ဒီတိုင်း အရံဟင်းလေးချက်ပြီး ရွာက အမိုး ”တစ်ဒုန်းဒုန်း” ထုထားခံရတဲ့ ငါးရံခြောက်ဖုတ်လေးနဲ့ပဲ စားလိုက်တော့မယ်။
ရွှေဖရုံသီးချက်တော့မယ်။
ပါဝင်ပစ္စည်းများ
ရွှေဖရုံသီး တစ်စိပ်
စပါးလင် တစ်ပင်ခန့်
ရှားနံနံရွက်
ဆား (သို့) ငန်ပြာရည်
ကြက်သွန်ဖြူ ၊နီ
နနွင်းမှုန့်
ဆီ အနည်းငယ်

ရွှေဖရုံသီးကို ဘာအသားမှ မထည့်တာက တစ်ကြောင်း၊ မေက ဟင်းချက်ရာမှာ အချိုမုန့်မသုံးသည်က တစ်ကြောင်းကြောင့် ယိုးဒယားမှလာသည့် ကြက်သားအရသာ ခနောတုံးလေးတစ်တုံး ထည့်သွင်းချက်ပြုတ်ပါသည်။




ပြုလုပ်ပုံအဆင့်ဆင့်
ရွှေဖရုံသီးကို ရေဆေး ၊အခွံနွာပြီး အတုံးလေးတွေ တုံးမယ် (အတုံးကြီးရင် ချက်ရသည့် အချိန်ကြာမြင့်၍ တစ်လက်မအရွယ်လောက်သာ တုံးလိုက်ပါသည်။
အပေါ်မှာ ပြထားသည့် ရှားနံနံရွက် အရောင် ညိုနေသည်ကို တွေ့မြင်ရလိမ့်မည်.။ အကြောင်းမှာ ....
တစ်ခါတစ်ခါ မြန်မာစာလေးတွေ ချက်စားဖို့က ပါဝင်ပစ္စည်းတွေက အလွယ်တကူမရနိုင်ဘူး။ မြန်မာဆိုင်တွေ သွားပြီး ဝယ်မှ ရတယ်။ အဲ့ဒီကို သွားဖို့က အနည်းဆုံး အသွားတစ်နာရီ၊အပြန်တစ်နာရီ၊ဈေးဝယ်တာနှင့် အချိန်တွေ အများကြီး ကုန်လို့ တစ်ခါဝယ်လာပြီးရင် ရေခဲသေတ္တာထဲ သိမ်းလိုသိမ်း၊အခဲထားချင်ထားပြီး သိမ်းထားလိုက်တယ်။
ရှားနံနံရွက်လိုအရွက်မျိုးဆို အခြောက်လှန်းထား၍သော်လည်းကောင်း၊လေလုံအောင်ပိတ်၍ ရေခဲသေတ္တာ အခဲထပ်၌ အခဲထား၍သော်လည်းကောင်း သိမ်းလေ့ရှိပါသည်။ အခုက ရေခဲသေတ္တာထဲက အခဲထားရာက ထုတ်လာသောကြောင့် အရောင်ညိုနေပါသည်။ အနံအရသာမှာ အတူတူပင်။
 စပါးလင်မှာလည်း ထိုနည်းလည်းကောင်း။  ကြည့်လင် မြင်နိုင်ပါသည်။ ရေခဲပွင့်လေးတွေ ကပ်နေတုန်း။
ကြက်သွန်ဖြူနီကို ပါးပါးလှီးပြီး နနွင်းမှုန့်(အနည်းငယ်)နှင့်ဆီသတ်။ ကြက်သွန်များအညိုရောင်ပြောင်းလဲလာပြီး ရနံ့မွှေးလာပါက စပါးလင်ကို ထု၍ထည့်လိုက်ပါ။ ထိုနောက် ရွှေဖရုံသီးများထည့်၍ တစ်ချက်နှစ်ချက်မျှ မွှေပြီးကြော်ပေးလိုက်ပါ။
ထို့နောက် ပါဝင်လိုသည့် ရသာများ ထည့်သွင်းနိုင်ပါပြီ။ (ဆား၊အချိုမုန့်)
ထို့နောက် ရေအနည်းငယ်ထည့်၍ အဖုံးဖုံးကာ ခဏတည်ထားလိုက်ပါ။

ရွှေဖရုံသီးများ နူးလာပါက ချိုမြမြနှင့် ရသာရှိသော ရွှေဖရုံသီးဟင်းတစ်ခွက်ရလာပါပြီ။


ရွှေဖရုံသီးသည် အဝါရောင်ရှိသော အသီးအနှံဖြစ်၍ ဗီတာမင်အေ ကြီးစိုးကာ မျက်စေ့အားကောင်းသည်ဟု လူတိုင်းကိုယ်စီသိထားကြမှာပင်။ ထိုကြောင့် ကွန်ပြူတာသမားများ မဖြစ်မနေ စားသုံးသင့်သော ဓာတ်စာဖြစ်ပါသည်။
အစားလဲဆေး ၊ ဆေးလဲအစား သင့်တင့်မျှတအောင် သုံးစွဲကြပါ။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

1 comment:

  1. ရွှေ ဖရုံသီး ဟင်းချက်နည်း like

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်