Followers

Saturday, 27 August 2011

အငှားခန္ဓာနဲ့  ဝင်ကစွပ်ကောင်ဘဝ .....

တစ်ခါတစ်လေကျတော့ စာရေးသူ တစ်ယောက်ရဲ့  အဖြစ်ကလဲ မလွယ်ပါဘူး....။ တွေးနေ ရေးနေရတာ...။ စိတ်ကူးထဲမှာ စာတွေရေးနေရင်း အပြင်မှာ ကိုယ်လုပ်နေတဲ့ အလုပ်က ကပေါက်တိကပေါက်ချာဖြစ်ကုန်ရော...။ အတွေးထဲမှာ ဇာတ်ကွက်ဆင်နေရင်း အပြင်မှာ အပေါင်းအသင်း နည်းလာခဲ့ရော..။

စကားပြောချင်စိတ် တော်ယုံမရှိတော့ ..။ စကားများပြောလိုက်ရင် ကိုယ်တွေးထားတဲ့ အတွေးအာရုံတွေများ လွင့်ပြယ်သွားမလား.....။ တွေးနေတဲ့ အတွေး ကိုယ့်ရှေ့ မှာ လူတစ်ယောက်လဲ ဖြတ်သွားလဲ သတိမထားမိလိုက်တဲ့ အဖြစ်က အကြိမ်ကြိမ်...။

ကိုယ့်ရှေ့ မှာ ဖြစ်ပျက်နေသမျှ ၊ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ ဇာတ်လမ်း ကိုယ့်ဇာတ်လမ်းပဲ..။ ကိုယ်ကိုတိုင်ကို ဝင်ရောက်ခံစားပေးနေမိရင်း ကိုယ်ချင်းစာနာတတ်တဲ့ စိတ်တွေတော့ ပိုပြီး ရှင်သန်လာသလိုပါပဲ...။

အသဲကွဲနေသူကို တွေ့ တော့လဲ ရင်ဘတ်ငှား ကိုယ်ကိုတိုင်ပါဝင်အသဲကွဲခံစားကြည့်ရင် ဒီအသဲက အကြိမ်ကြိမ် ကွဲခဲ့ဖူးသွားပြီ...။ (အပြင်မှာ ဟုတ်ဘူးနော်..စာထဲမှာ)

ကိုယ့်ပတ်ဝန်းကျင်က လွမ်းဆွေးနေသူတွေကို မြင်ရလေတိုင်း ဒီရင်ဘတ်ကြီးက အငြိမ်မနေနိုင် ဝင်လွမ်းနေတော့ စာရေးသူတွေရဲ့  အဖြစ်က လွမ်းငွေ့ တဝေဝေ ဆိုတဲ့ သံသယာမှာ တဝဲလည်လည်...။

မလွမ်းတတ်လဲ လွမ်းရ..။ မချစ်တတ်လဲ ချစ်ရ..။ မမုန်းတတ်လဲ မုန်းရ..။ ခံစားချက်တွေအမျိုးမျိုးနဲ့  ရင်ဘတ်ကြီးငှားပြီး ခံစားနေလိုက်တာ.....။

တစ်ခါတစ်လေ ကိုယ်ရေးတဲ့ စာကို ကိုယ်ပိုင်ခံစားချက်လား ၊ကိုယ်တွေ ဇာတ်လမ်းလားမေးရင် ဘယ်လို ဖြေပေးရမလဲ...။ အင်း ..ကိုယ်ပိုင်ခံစားချက် ၊ကိုယ်တွေ့ ဇာတ်လမ်းပေါ့...။ ဟုတ်တယ်လေ...ဒီရင်ဘတ်ကြီးနဲ့  ဝင်ခံစားလာခဲ့ပြီး စကားလုံးတွေရဖို့  ဒီရင်ဘတ်ထဲကပဲ ပြန်လည်မွေးထုတ်လာခဲ့ရတာ ရင်တွင်းဖြစ် ကိုယ်ပိုင်ခံစားချက်ပေါ့...။

ဒါပေမဲ့လဲနော်.....။ စာရေးသူရဲ့ ဘဝက ဝင်ကစွပ်ကောင်လေးတွေလိုပါပဲ..။ အငှားခန္ဓာနဲ့  ဝင်ကစွပ်ကောင်တွေ ခန္ဓာတစ်ခုအတွက် ဟိုဝင်ဒီထွက်....။ စာရေးသူတွေဆိုတာလဲ သူတစ်ပါးအတွေးတွေထဲ ထိုးထွင်းဖောက်လို့  ဟိုဝင်ဒီထွက် ဝင်ရောက်လေ့လာပြီး ခံစားချက်တွေ ရေးချပြနေခဲ့သူ..။

အမှားများစွာတွေထဲက ထွင်းဖောက်နိုင်တဲ့ လမ်းပြခေါ်ဆောင်သူ သူရဲကောင်းအဖြစ်လဲ ကြိုးစားရတာပါပဲ..။ အရက်သမားတွေကို အရက်ဖြတ်ဖို့  ကိုယ်ကိုယ်တိုင် အရက်သောက်ကြည့်ရသလို လိမ္မာအောင်သွန်သင်ဆုံးမတတ်ဖို့  တစ်ခါတစ်လေလဲ ဝင်မိုက်ကြည့်ရတာပါပဲ..........။

ရင်ထဲက ခံစားချက်နဲ့  ဆန့် ကျင်ပြီးလဲ အများအကျိုးအတွက်ရေးရတာရှိသလို..အများပြုံးဖို့  ရင်ထဲက အပူတွေဖုံးပြီး ရေးနေရတဲ့ အဖြစ်တွေကလဲ အကြိမ်ကြိမ်..။ ဒါပေမဲ့ ဝါသနာကို အရင်ခံပြီးရေးရတာမို့  ပျော်ပါတယ်..။ ဒီလို စာလေးတွေ ရေးနေရတာကိုပဲ နှစ်သက်ကြည်နူးမိပါတယ်....။

ဝင်ကစွပ်ကောင်ဆိုလဲ ဝင်ကစွပ်ကောင်ပေါ့...။ ရရှိနေတဲ့ ဘဝလေးကို မြတ်နိုးပြီး စာရေးခြင်းအလုပ်ကိုတော့ တတ်စွမ်းသရွေ့ ..ရေးနိုင်နေသေးသရွေ့  ရေးနေမိအုံးမှာပါပဲ...။

ခုလို ခံစားချက်လေးတွေကို ကောက်ယူရေးနေတဲ့ရတဲ့ ဝင်ကစွပ်ကောင်ဘဝလေးကို နှစ်သက်တယ်...။ တက်မက်တယ်....။ ရှေ့ ဆက်လဲ ကြိုးစားနေအုံးမှာပါပဲ....။

************မေသဇင်*************



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်