Followers

Thursday, 28 July 2011

သီချင်းတစ်ပုဒ်ကို ပေါက်ကွဲမိခဲ့ခြင်း...........

မေလဲ အလုပ်တွေ မအားတာနဲ့  ခုတလော စာရေးတဲ့ဆီ မရောက်ဖြစ်ခဲ့ဘူး..။ အတွေးထဲမှာတော့ တစ်ပုဒ်ပြီးတစ်ပုဒ်ရေးနေပေမဲ့ တစ်ကယ်တမ်းလက်တွေ့ ရေးဖို့ က အချိန်မပေးနိုင်ခဲ့ဘူး...။ လုံးဝမအားတဲ့ကြားထဲကမှ ရေးချင်စရာအကြောင်းလေးတစ်ခုက ရုတ်တရက် ရောက်လာခဲ့လို့  လေးလံနေတဲ့ မျက်လုံးကို အနိုင်နိုင်ကြိုးစားဖွင့်ရင်း စာရေးဖို့  အားယူလိုက်မိ၏...။

တခြားကြောင့်တော့ မဟုတ်ပါဘူး..။ သီချင်းတစ်ပုဒ်ကြောင့်ပါ...။ ကြားဖူးကြမယ် ထင်ပါတယ်..“လအက္ခရာ” ဆိုတဲ့သီချင်းလေးအကြောင်းပါ..။ ဒီသီချင်းကို ဘယ်သူကရေးတာလဲ မေ မသိခဲ့ဘူး... မူရင်းဘယ်သူဆိုတာလဲ မသိခဲ့ပါဘူး.. အွန်လိုင်းထဲမှာ ဟိုလူကပို့ ..ဒီလူကပို့ နဲ့  ကြားလာရတဲ့ သီချင်းပါ...။

ဒီသီချင်းရေးသူဟာ ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ အတော်လေးကို ဘာသာရေးမှာညံ့ဖျင်းတဲ့ သူ လို့  မေ ပြောလိုက်ပြစေ..။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဒီသီချင်းကို ရေးတာလဲ မေ မသိနိုင်ပေမဲ့ သေချာစစ်လို့  တွေးမိရင် ဗုဒ္ဓဘာသာကို အတော်လေးထိခိုက်အောင် လုပ်ချနေတာပဲလို့ မြင်ပါတယ်..။

ဒီသီချင်းမှာ ဘုန်းကြီးတစ်ပါးနဲ့  ဒကာတစ်ယောက်နဲ့  စကားပြောပုံကို သီချင်းရေးဖွဲ့ ထားပါတယ်..။ သီချင်းစာသားတွေထဲမှာ ဘုန်းကြီးက ဒကာလုပ်သူကို မေးတာ ဟိုချောင်းရိုးက တောက ဘာတောလဲ..မျှောလာတဲ့ ခွေးသေကောင်ပုတ်ရဲ့ အပေါ်မှာ ဘာကောင်လဲ ဆိုပြီး..ဖြေလာတဲ့ အဖြေတွေက “လ” နဲ့ စတာတွေကြီးပါပဲ..။ ကြားဖူးကြမှာပါနော်..။ သီချင်းရဲ့ တစ်ဝက်မှာ ဟာမိုနီလိုက်သွားတာကလဲ “လ”နဲ့ စတဲ့ စကားလုံးတွေကြီးပဲမို့  မသိရင်ဆဲနေသလားတောင် ထင်ရတယ်..။

ဒီသီချင်းကို ဘုန်ကြီးတစ်ပါးစကားပြောတာနဲ့ တော့ ဘယ်လိုမှ မရေးသင့်ဘူးလို့ မေထင်ပါတယ်..။ သူငယ်ချင်း နှစ်ယောက်စကားပြောသလိုမျိုးလေး ရေးရင်တောင် နည်းနည်းရိုင်းပေမဲ့ ခွင့်လွတ်နိုင်ပါသေးတယ်..။ ခုဟာက သံဃာတော်တစ်ပါးကို ရှေ့ မှာထားပြီး ရှိသမျှ “လ”နဲ့ ပတ်သက်ပြီးဆိုသွားတာ နားမထောင်ဝံ့စရာပါ..။

ထားလိုက်အုံး အဲ့ဒီအထိ....။နောက်ထပ် ဘုန်းကြီးကိုပါ စကားပေးပြောလိုက်သေးတယ်..။ ဘာတဲ့
“ဒီမှာ လဒကာ.. လမွန်းတည့်တော့မယ် လကွာ..လဆွမ်းကပ်တော့ လကွာ...လဒကာကြီးလားဆိုပဲ”
မေတို့ ဗုဒ္ဓဘာသာမှာ ဒကာတွေဆွမ်းမကပ်ရင် သံဃာတွေက ဒီလိုတောင်းဆိုခွင့်မရှိဘူးဆိုတာ ဝိနည်းနဲ့ ကျင့်ကြံအားထုတ်နေတဲ့ သံဃာတော်တွေမဆိုထားနှင့်  ဗုဒ္ဓဘာသာဝင်လူမျိုးတိုင်းက သိပါတယ်..။ ဒါကို ဒီသီချင်းရေးတဲ့သူ မသိဘူးလား..။(သူသာဗုဒ္ဓဘာသာဝင်ဆိုရင်နော်)...။

နောက်တစ်ချက်က ဒီသီချင်းကို ကြားလိုက်တာနဲ့ တင် ကလေးကအစ ဘာကို ပြောချင်တာလဲဆိုတာ အတွေးပေါက်ချိန်မှာ ပိဋိကသုံးပုံ အာဂုံဆောင်နေတဲ့ သံဃာတော်အရှင်မြတ်တွေက ဘာကိုမှ မသိနားမလည်တဲ့ ပုံစံနဲ့  “လ” ကြီးပဲ ထပ်အောင်ပြောမှာတဲ့လား..။ သံဃာတော်တွေကို နှိမ်ချထားတယ်ဆိုတာ ဒီသီချင်းက ပြောနေပါတယ်...။ဒီသီချင်းလေးကို ရုတ်တရက်နားထောင်ရင် ဘာမှ မဟုတ်လောက်ဘူးဆိုပေမဲ့ သီချင်းတစ်ပုဒ်လုံးကို သေချာတွေးပြီး နားထောင်ကြည့်ရင် ဘာသာတရားတစ်ခုလုံးကို ဆွဲချနေတာနဲ့  တူတယ်လို့  မေတော့ ခံစားမိတယ်..။

ဒါကိုပဲ မေတို့ ဗုဒ္ဓဘာသာဝင် လူငယ်တွေက အရမ်းရယ်ရတဲ့ ဟာသသီချင်းလေးပါဆိုပြီး နားထောင်နေကြတယ်...။ ဒီအွန်လိုင်းစာမျက်နှာပေါ်မှာ တစ်ယောက်ကိုတစ်ယောက် မျှဝေနေကြတယ်...။ တစ်ချို့ များဆို စာသားတွေကို ကော်ပီယူပြီး သူတို့ ကိုယ်တိုင်ပဲ ရေးသလိုလိုနဲ့  ဟာသပို့ စ်လေးလို့ ခေါင်းစဉ်တပ်ပြီး ပို့ စ်တောင်တင်လိုက်သေးတယ်..။

သေချာတွေးရင် ရင်လေးစရာတွေပါပဲ...။ လူမျိုးတစ်မျိုး ၊ဘာသာတရားတစ်ခုပျောက်ကွယ်တယ်ဆိုတာ အဲ့ဒီလူမျိုး အဲ့ဒီဘာသာတရားတွေထဲမှာကို အသားထဲက လောက်ထွက် သစ္စာဖောက်သူတွေရှိနေသောကြောင့်ပါ..။ သူခိုးဓားရိုးကမ်း မသိနားမလည် ကူညီမိတဲ့ အခြေအနေတွေကြောင့် လုံးပါး ပါးခံနေရသလို သိသိရက်နဲ့  မိုက်ခဲ့သူတွေကြောင့်လဲ မပျောက်ကွယ်သင့်တာ ပျောက်ကွယ်သွားခဲ့ရတာတွေပါ...။

တိုးတက်အောင်လဲ ထိုသူတို့ ပဲ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ကြသလို ဆုတ်ယုတ်အောင်လဲ ထိုသူတို့ သာလျှင် ချေဖျက်ကြကုန်၏..။

မေ ခုလိုပြောလို့  မေ့ကို ကန့် ကွက်မဲ့သူတွေလဲ ရှိနိုင်ပါတယ်..။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်..။ အမြင်ချင်းမတူသူတွေကို ဖြေရှင်းချက်ပေးမှာ မဟုတ်ပါဘူး..။ တကယ်လို့ များ ဒီသီချင်းကို တစ်နေရာရာက ကြားခဲ့ရင် သေချာ ပြန်နားထောင်ပြီး ပြန်တွေးကြည့်စေချင်ပါတယ်...။ ကိုယ့်ဘာသာရေးကို ဘယ်လောက်ထိ ထိုးချနေသလဲဆိုတာ.....။

မေ သီချင်းကို ထည့်ပေးပြီး နားထောင်စေချင်ပေမဲ့ မေ ဖျက်ပြစ်လိုက်ပြီး ဘယ်မှာ ပြန်ရှာပေးရမလဲ မသိလို့ ပါ..။ မေတို့ ဗုဒ္ဓဘာသာဝင်လူငယ်လေးတွေ ဒီသီချင်းရဲ့ အဓိပ္ပါယ်လေးကို သေချာတွေးမိပြီး ဟာသအဖြစ်နားဆင်သုံးစွဲခြင်းမှ ကင်းဝေးကြပါစေနော်...။ ကိုယ့်ရဲ့ ဘာသာတရားကို နှစ်သက်မြတ်နိုး အလေးထားတတ်ကြပါစေလို့  မေ ဆန္ဒပြုခဲ့ပါတယ်....။

မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်