Followers
Thursday 16 June 2011
အဖေမိုက်တစ်ယောက်ရဲ့  နောင်တအသိ......
“သမီး..သမီး ကို ဖေဖေ ခဏလောက်ပွေ့ ချီချင်လို့ ပါ သမီးရယ်..ခဏလေးပါနော်..”
“ဘာခုမှ ပွေ့  ချီချင်လို့ လဲ။ မချီနဲ့ ..... ခုမှ လာပြီး မချီနဲ့ ..။ ငါ ငယ်ငယ်က ငါ့ကိုလှည့်မကြည့်ပဲ ပြစ်ထားပြီးမှ ခုမှလာမချီနဲ့ ..နင့်ကြောင့်ငါ့မှာ အဖေမရှိတော့ဘူး..အမေလဲ မရှိတော့ဘူး.အဘွားနဲ့  ပဲ နေရတယ်.. သူငယ်ချင်းတွေ ငါ့ကို အဖေမရှိ အမေမရှိလို့  နှိမ်ပြောကြတယ်..သူတို့ တွေ ငါနဲ့  မကစားချင်ကြဘူး..အဲ့ဒါနင့်ကြောင့်”
“သမီး.ဖေဖေ့ကို မုန်းရင် မုန်းပါသမီးရယ်..ဖေဖေ့ကို စကားလုံးကြမ်းကြမ်းတွေနဲ့  မပြောရဘူး.. နောက်ပြီး နင်နဲ့  ငါလို့  မပြောရဘူး..ငရဲကြီးလိမ့်မယ်.”
“ကြီးတော့ဘာဖြစ်လဲ..နင်က အဖေပီသလို့ လား.. စာမတတ်တဲ့ အမေ့ကို ညာသွားတယ်..လူမမယ် ကလေးနှစ်ယောက်ကို လှည့်မကြည့်ပဲ နောက်မိန်းမယူတယ်..ခုနင့်ကြောင့် မောင်လေးသေတာ..ဝမ်းနည်းလွန်းလို့  မစားနိုင်မသောက်နိုင် ဖျားပြီးသေးတယ်.အမေက အားကိုးရှာပြီး နောက်အိမ်ထောင်ပြုတယ်.ငါ့ကိုတော့ အဘွားနဲ့  ပြစ်ထားကြတယ်..။နင်တို့ ကြောင့် ငါ နေ့တိုင်းအပြောအဆိုခံနေရတယ်..သွား..မလာနဲ့ ...တစ်ယောက်မှ မလာနဲ့ ”
စကားလုံးတွေ ကြမ်းတမ်းစွာ သုံးရင် နားကျည်းမှုတွေ ပြည့်နှက်နေသည့် သမီးအေးမြရဲ့  မျက်နှာကို မနီးမဝေး လက်တစ်ကမ်း အကွာအဝေးကနေ လှမ်းကြည့်ရင်း ဦးအေးအောင် သက်မကို အကြိမ်ကြိမ်ရှိုက်နေမိ၏..အရာအားလုံးက မိမိအမှားပါ..။ ဘယ်သူမပြုမိမိမှု မိမိကြောင့်လျှင် သမီးလေး ယခုကဲ့သို ဖြစ်နေရခြင်းပါ..။
                    ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်သည့်မိမိ လွန်ခဲ့သော လေးနှစ်ကျော်ငါးနှစ်နီးပါးက အလုပ်တာဝန်နှင့် နယ်ပြောင်းရင်း နောက်ထပ် အိမ်ထောင်တစ်ခုကို ထပ်ထူမိ၏။ ဝန်ထမ်းတို့ ၏စည်းကမ်းအရ အိမ်ထောင် နှစ်ဆက်ပြု၍ မရကာ တစ်ယောက်သောသူနှင့် မလွဲမသွေ လမ်းခွဲမှ ဖြစ်ပေမည်.. အခြေအနေက နောက်လူမှ တိုင်မယ် တောမယ်ဖြစ်သောကြောင့် တိုင်တောခဲ့ပါလျှင် မိမိ၏ လက်ရှိ အလုပ်ကို စွန့် လွတ်ရမည် ဖြစ်သောကြောင့် မိမိ၏ ပထမ မယားအား ကွာရှင်းလက်မှတ်ထိုးပေးရန် ပူဆာရပါတော့သည်..။ စာမတတ်သော မိန်းမအား အမျိုးမျိုးမာယာသုံး၍ ကွာရှင်းပေးရန်တောင်းဆိုခဲ့သည်..။
“တစ်ချိန်အခြေအနေ တည်ငြိမ်သွားလျှင် နင်နဲ့ ပဲ ပြန်လာပေါင်းမယ်.. ခုဟာက ခြေလွန်လက်လွန် ဖြစ်သွားလို့  ပြသနာတွေ ဖြစ်လာမှာ ဆိုးလို့  ခဏလက်ထပ်ထားလိုက်မယ်”
ဆိုကာ ပြောဆို၍ ကွာရှင်းလက်မှတ် ရအောင်တောင်းခဲ့သည်..။စာမတတ်သည့် သမီး၏ အမေဆီမှ ကြက်ခြေခတ် လက်မှတ်လေး ရပြီးချိန်တွင်တော့ သူသည် တစ်ရပ်တစ်ရွာတွင်ပင် အိမ်ထောင်သစ်နှင့် နေထိုင်ခဲ့သည်..။
                 သားတစ်ယောက်သမီးတစ်ယောက် နှင့် ဇနီးဟောင်း ခင်ခင် တို့ ကတော့ သူ မိဘများနှင့် နေထိုင်ရင်းကျန်ခဲ့လေသည်..။ထိုမှ သားလေးလဲ ဆုံး ၊ဇနီးမှာလဲ နောက်အိမ်ထောင်ပြုလိုက်ရာ သမီးမှာ ဘွားအေနှင့် ကျန်ခဲ့ရင်း အရာရာကို ရန်လိုတတ်သော သမီးအဖြစ်သို့  ပြောင်းလဲသွားခဲ့သည်..။ ငယ်ရွယ်စဉ်မှာ ရရှိခဲ့သည့် နှလုံးသားဒဏ်ရာဒဏ်ချက်တွေကြောင့် ဆိုလျှင်မမှားပေ...။
                 ခုတော့ မိမိမှာ နောက်အိမ်ထောင်မှ ဇနီးအား သမီးလေးကို ခေါ်ထားချင်ကြောင်းတိုင်ပင်တော့ဇနီးကလဲ ရှောရှောရှူရှူပင် ခွင့်ပြုခဲ့သည်.. သားသမီးချင်းကိုယ်ချင်းစာပါတယ်ဆိုသည့် စကားကြောင့် ဇနီးသည်ကိုပင် များစွာကျေးဇူးတင်မိခဲ့သည်..။ ဇနီးသည် ဝင်းဝင်းအေးမှာ နဂို စိတ်ရင်းအခြေခံ ကောင်းသူတစ်ယောက်ပင်..။ထို့ ကြောင့်လဲ သမီးကို မိထွေးနှင့် ထားရမှာပေမဲ့ စိတ်ချပါသည်..။ သို့ သော် ခက်နေတာက သမီး..။ ဘယ်လိုမှ ခေါ်လို့ မရ..။ ခါးခါးသီးသီးပင် ငြင်းဆန်လေသည်..။ ဖြောင်းဖြ၍လဲ မရ..။ ကျူးလွန်မိခဲ့သော တစ်စုံတစ်ရာကြောင့် သမီးကိုလဲ အဖေတစ်ယောက်ပေမဲ့ အပြစ်ရှိသူ တစ်ယောက်လို မဝံ့မရဲနှင့် ဖြစ်နေတာတော့ အမှန်ပင်..။
                   ဘေးနားက ရပ်ကြည့်နေတဲ့ အမေအိုက မနေနိုင်တော့ပဲ
“ကဲ တော်ကြတော့.. အေးမြ နင်ကလဲ အဖေကို ဘာမှ ပြန်မပြောနဲ့  သူ့ ဟာသူ ဘာလုပ်လုပ် အဖေက အဖေပဲ.. အေးအောင် နင်လဲ တော်တော့ ဆက်ခေါ်မနေနဲ့  .. သူ့ ဟာသူ နေပစေ.. နောက် သူစိတ်ပြေမှပဲ ပြန်ခေါ်တော့..”
“ကျွန်တော် ခေါ်သွားချင်တယ် အမေ.. သမီးလေးလဲ အပျိုဖြန်းဖြစ်နေပြီး သေချာ ထိန်းသိမ်းရမဲ့ အရွယ် အမေလဲ အသက်ကြီးနေပြီး .. သမီးလေးကို ခုချိန်ထိ ကြည့်ရှုထားတာကိုပဲ ဝမ်းသာလှပါပြီး.. အမေလဲ ပင်ပမ်းလှပါပြီးအမေ..“
“အိုးးးး  အေး ခုမှ လာပြီး ဒီစကားပြောမနေနဲ့ မင်းသာ အစထဲက သိတတ်ရင် ဒါမျိုး ဖြစ်လာနိုင်စရာ အကြောင်းကို မရှိဘူး မင်းဟာမင်း သေချာ စဉ်းစား..။ငါ့မြေး ခုတော့ စိတ်ချမ်းသာသလို နေပါစေ..။”
               အမေ့ရဲ့  စကားကြောင့် ကိုယ်အပြစ်နှင့် ကိုယ်ဖြစ်သော ဦးအေးအောင် ပြန်လည်ချေပ စကားမဆိုသာ..။ ဒီတိုင်းတော့ အလျှော့မပေးချင်..။သမီးလေးကို ပြန်ခေါ်သွားချင်သည်..။ ဒီလို ပြန်ခေါ်သွားလို့ ကတော့ မဖြစ်တာ သေချာပြီး.. သမီးနှင့်ရင်းနှီးမှုရှိအောင် အရင်ဆုံးနေရမည် ဟု တွေးလိုက်မိ၏..။ထို့ ကြောင့် သမီးနှင့် ရင်းနှီးမှု ရအောင် သမီးအကြိုက်လိုက်၍ နေခဲ့ပါသော်လဲ သမီးက မပြောင်းလဲ ..သူ့ အား ရှောင်ဖယ်၍သာ နေလေသည်.. ထိပ်တိုက်တွေ့ လျှင် စကားလုံးကြမ်းကိုသုံး၍ ငြူစူတတ်သည်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                 ရရှိထားသည့် ခွင့်ရက် ကုန်ဆုံးသွားခဲ့ပြီး.. ပြန်ရတော့မည်..။ သမီးနှင့်လဲ အဆင်မပြေ.. ဦးအေးအောင်တို့  တပ်ခေါက်ရတော့မယ်..။ ပစ္စည်းများကို သိမ်းဆည်းနေရင်း ဝမ်းနည်းနေမိ၏..မိမိအမှားကြောင့် ယခုလို ဖြစ်ရခြင်းပါ..။နောက်ဆုံးပိတ်အိတ်ကို ဇစ်ဆွဲပိတ်ပြီး သမီးကို ရှာဖွေကြည့်တော့ အိမ်အနောက်ဘက် ချောင်းစပ်နားက ကတက်ပင်အောက်မှာ ထိုင်းရင် ချောင်းရေစီးဆင်းနေတာကို ထိုင်ငေးနေသည်..။သမီးရင်ထဲ ဘာတွေ တွေးနေမှန်းတော့မသိပါ...။ ရုတ်တရက် သမီးက မိမိကို အမြင်မှာ စိတ်ဆိုးပြီး ထထွက်ရန်အပြင်တွင် ဘယ်အချိန်က သမီးနားရောက်နေမှန်း မသိသော အရာတစ်ခုက အလန့် တကြားနှင့် သမီးကို အန္တရယ် လှမ်းပေးရန် တွေ့ မြင်လိုက်သော အခါ မိမိ၏ သွေးများပူဆင်းသွားသကဲ့သို့  ဖြစ်ပြီး ရင်က ထိတ်ခနဲ့ ဖြစ်သွားကာ
“သမီး မလှုပ်နဲ့  အဲ့ဒီမှာပဲ ရပ်နေ”
ပါးစပ်ကလဲ အော်ဟစ်ရင်း လူက လျှင်မြန်စွာပင် သမီးအနားရောက်သွားကာ သမီးကို ပွေးဖက်ကာ ကာကွယ်လိုက်သည်..။ ထိုအခါတွင်မှာတော့ ဒေါသတကြီးနှင့် သမီးကို ရန်လိုနေသော မြွေပွေး၏ ပေါက်ချက်က အပြေးရောက်လာသော မိမိခြေသလုံးသားဆီသို့ ..
“အားးးးးးးးးးးးးးးးးး”
တစ်ခွန်းသာ အော်နိုင်ခဲ့သည်.. ပြင်းထန်လွန်းလှသော အဆိပ်ကြောင့် လူတစ်ကိုယ်လုံး ပူကျစ်ကာ တုန်ရီနေပါတော့သည်..။
“အဖေ!!!!!!!  ”
တစ်ခွန်းတည်း နောက်ဆုံးကြားလိုက်သည့် သမီးရဲ့  အဖေခေါ်သံအဆုံးမှာ ပြင်းထန်လှသည့် မြွေပွေးအဆိပ်ကြောင့် ဦးအေးအောင်ရဲ့  ကမ္ဘာ အမှောင်ဖုံးသွားလေ၏....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                    တိုးညှင်းသည့် ရှိုက်သံ တစ်ခု.....
သူ ရင်းနှီးစွာ ကြားခဲ့ဖူးသည့် ရှိုက်သံ....ထိုရှိုက်သံကို သူ ဘယ်ခါမှ မမေ့.. သမီးလေးရဲ့  ရှိုက်သံ...။
ထိုအသံကြောင့် ခန္တာကိုယ်ကို အနည်းငယ် လှုပ်ရှားကြည့်သည်..။ မရ....။ တင်းကျပ်သည့် ချည်နှောင်မှုများနှင့် ရုန်းလို့ မရ..။
           နောက်တစ်ကြိမ် အားထည့်၍ ထပ်ကြိုးစားကြည့်သည်..။ သူ့ လက်ကလေးတွေ အနည်းငယ် လှုပ်လာနိုင်ခဲ့သည်ဟု ထင်ပါသည်..။
“ဟဲ့ ဟိုမှာ မောင်အေးအောင် လက် လှုပ်နေတယ်”
မသဲမကွဲကြားလိုက်ရသော အသံ တစ်ခုကြောင့် ပို၍ ရုန်းကန်ကြည့်မိ၏..။
“အဖေ အဖေ သတိရလာပြီးလား..အဘွား အဖေသတိရလာပြီး.. အဖေမသေတော့ဘူး..အဖေသတိရလာပြီး..အဘွား သမီးမှာ အဖေရှိသေးတယ်..”
သမီးရဲ့  ဝမ်းသာဝမ်းနည်း လှိုက်လှိုက်လှဲလှဲ ငိုသံကြောင့် သူ့ ရင်မှာ ပီတိတစ်ချို့  ခံစား စားသုံးမိကာ လက်ရှိ ဝေဒနာကိုပင် မေ့လျော့ကာသွားသည်..။ သမီး သူ့ အတွက် မျက်ရည်ကျနေတယ်တဲ့.. သမီးက သူသေဆုံးသွားမှာကို စိုးရိမ်နေတယ်တဲ့.။ သမီး သူ့ အတွက် ဝမ်းနည်းတယ်တဲ့..ရင်ထဲမှာ အမည်ဖော်ပြလို့ မရတဲ့ ခံစားချက်မျိုးစုံကြောင့် မျက်ဝန်းအိမ်မှ မျက်ရည်တစ်ချို့  မျက်ဝန်းထောင်ဆီမှတစ်ဆင့် နားထင်စပ်သို့  တစ်လိမ့်လိမ့် စီးဆင်းကျလာခဲ့သည်..။
“ဖေဖေ..ဘာလို့  ငိုနေတာလဲ..ဒဏ်ရာက နာလို့ လား ..အဆိပ်တက်လို့ လား..မြွေပေါက်တဲ့ ဒဏ်ရာက တော်တော်လေး ဆိုးတယ်ဖေဖေ..အားလုံးက သေပြီ ပြောကြတာ.. မြွေပွေးပေါက်ရင် ကျိန်းသေ သေမှာတဲ့..”
“အဖေ မသေသေးပါဘူးသမီးရယ်..အဖေ့ သမီးအတွက် အသက်ရှင်ချင်သေးတယ်..အရွယ်ရောက်လာမဲ့ သမီးကို ကာကွယ်စောင့်ရှောက် ပြုစု ပျိုးထောင်ချင်သေးတယ်..”
“ကာကွယ် စောင့်ရှောက်ချင်တယ်... ဒါဆို ဘာလို့  သမီးငယ်ငယ်က ပြစ်ထားခဲ့တာလဲ”
နားကျည်းမှုတွေ ကင်းလွတ်နေပြီးစ မကျေမနပ်မေးသံက သမီးဆီမှ ပေါ်ထွက်လာခဲ့သည်..။
“ထားခဲ့ ချင်လို့ တော့ မဟုတ်ဘူးပေါ့ သမီးရယ်..။ အမှားမကင်းတဲ့ ပုတုဇဉ်လူသားတွေထဲမှာ ဖေဖေလဲ ပါဝင်ခဲ့တာမို့  အမှားဆိုတာတော့ ကြုံခဲ့ရတာပေါ့..။ တစ်ချိန် သမီးတို့ နဲ့  တူတူပြန်လာနေမယ်လို့  ဆုံးဖြတ်ထားပေမဲ့ မထင်မှတ်ပဲ သမီးအဒေါ် ဝင်းဝင်းမှာ ကိုယ်ဝန်ရလာတာကြောင့် အဖေ့ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့လိုက်တယ်..။သမီးနဲ့  သမီးမောင်လေးအတွက် အဖေက အဖေကောင်းမပီသခဲ့ဘူး.. ဒါကြောင့် နောက်မွေးလာမဲ့ ရင်သွေးလေးအတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့  ဖေဖေ ဆုံးဖြတ်လိုက်တယ် သမီးရယ်..
ဖေဖေ ဆုံးဖြတ်ချက်ဟာ သမီးအတွက် တရားချင်မှ တရားလိမ့်မယ်.နောက်ကျမှ သိတဲ့ အသိတွေနဲ့  နောင်တတရားတွေကို ပြင်ဆင်လိုက်ပြီး မကြာခင် မွေးလာတော့မဲ့ အဖေ့ရင်သွေးအတွက် ဖခင်ကောင်းဖြစ်အောင် ကြိုးစားခဲ့လိုက်ပါတယ်..။ ခုလို ဖေဖေပြောပြလို့  သမီးဘာတွေးလိုက်လဲဆိုတာ ဖေဖေသိတယ်... သမီးမျက်နှာကို မှန်တစ်ချပ်လို ဖေဖေ မြင်နေရပါတယ်.....
မဟုတ်ဘူးသမီး..သမီးတွေးလိုက်သလို မဟုတ်ဘူး..အဖေ သူ့ ကို ပိုချစ်လို့  မဟုတ်ဘူး..။ မိဘဆိုတာ သားသမီးတွေ အားလုံးကို တန်းတူ တစ်ပြေးညီ ချစ်ခဲ့တာပါ.. သားသမီးအားလုံးဟာ ရင်မှဖြစ်တဲ့ ကိုယ့်သွေးသားတွေ ကြီးပါပဲ..သားသမီးအားလုံးအပေါ် အချစ်တွေ စေတနာတွေ တန်းတူပဲ ၇ှိခဲ့ပါတယ် သမီးရယ်...”
“ဟင့် ဟင့် ဟင့်..ဒါဆို ဖေဖေက ဘာလို့  သမီးကို အကြာကြီးဖြစ်ထားခဲ့တာလဲ.. ဘာလို့  သမီးကို မိမရှိ ဖမရှိလို့  ပြောရအောင် ပြစ်ထားခဲ့တာလဲ.. ဖေဖေ့ကို သမီးမမုန်းခဲ့ပါဘူး.. ပါးစပ်က မုန်းတယ် ပြောပေမဲ့ အမှန်တစ်ကယ် သမီးမမုန်းခဲ့ပါဘူး.။ အဖေဟာ ဘယ်လို ဖြစ်ဖြစ် ဖေဖေဟာ သမီးရဲ့  အဖေပါပဲ..။ အဖေ့ကြောင့်သာ သမီးလူဖြစ်ခဲ့ရတာပါ..ဒါကို သမီးသိပါတယ်.. ဒါကြောင့် သမီးကို တစ်ယောက်ထဲဖြစ်အောင် ထားခဲ့တဲ့ ဖေဖေ့ကို ချစ်တယ်လို့  မပြောချင်လို့  မုန်းတယ်လို့  တွင်တွင်အော်နေတာပေါ့.. ဒါကြောင့်ကို မုန်းနေရတာပေါ့”
“သမီးရယ်....”
ဝမ်းပမ်းတနည်း ငိုကြွေးနေသည့် သမီးငယ်အား ထွေးပွေ့ ကြုံးငယ်ယူလိုက်ကာ နွေးထွေးမှု ရင်ခွင်ငွေ့ ကို တင်းတင်းပွေ့ ဖက် ခံယူစေလိုက်သည်..။
              သနားစရာ သမီးလေး.. ဒီနေ့ က စလို့  သမီးလေးကို ယုယမှုတွေ အပြည့်နဲ့  အကြင်နာတွေ ပေးပါ့မယ်..။ သမီးရဲ့  ရှေ့ မှာ မားမားရပ်တည်ပြီး အန္တရာယ်တွေ ကာကွယ်မယ်..။  အလင်းရောင်တွေပေးပါ့မယ်..။
                  သမီးကို ဖေဖေရဲ့  မေတ္တာတွေနဲ့  ပြုစုပျိုးထောင်ပေးပါ့မယ်.. သမီးရဲ့  ကျန်ရှိနေတဲ့ အချိန်တွေဟာ ဒီဖေဖေရဲ့  ဥယျာဉ်ထဲမှာ လှပစွာ ဖူးပွင့်ခွင့် ရစေရပါမယ် သမီးရယ်.. ဖေဖေရဲ့  အမှားတွေအတွက် သမီးကို ဆထက်တစ်ပိုးတိုးမြင့်ပြီး ပြုစုပျိုးထောင် အကြင်နာတွေ ပေးပါ့မယ် သမီးရယ်..။
အမှားတွေကို ပြင်ဆင်ရင်း အဖေ့ရဲ့  ရင်ထဲက ချစ်ချင်းအပြည့်ကို ဂရုဏာတွေ ထပ်လောင်းပြီး သမီးကို ပြုစုပါတော့မယ်..။ သမီးကို ပြုစုခွင့်တွေ ဖေဖေ့ကို ပေးခဲ့တဲ့ ဟောဒီသမီးလေး
ကို ဖေဖေ ကျေးဇူးတွေ တင်ရင်း အဖေလိုရော အမေလိုပါ တစ်ဖုံ အတိုးချ ပြုစုပါ့မယ် ရှူမဝ ချစ်သမီးရယ်..။
                 ငါ့သမီးလေးရဲ့  အနာဂတ်နေ့ သစ်တွေ တောက်ပစေရပါ့မယ် သမီးရယ်...။
                     အဖေတစ်ယောက်ရဲ့  ပဉ္ဖလက် လက်တွေနဲ့  သမီးရဲ့  နေ့ သစ်လေးတွေကို ဖန်တီးပေးပါတော့မယ်...။
**************မေသဇင်**************
 http://alwankhayeethe.blogspot.com/
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်