ဖား ....................
ဖားဆိုတာ သူ့သဘာဝကိုက ခုန်ဆွ
ခုန်ဆွ သွားလာတတ်တဲ့ သတ္တဝါတွေပါ။ အမြဲတမ်း သွက်လက် ဖျတ်လတ်နေတဲ့ သတ္တဝါပါ။
သူ့ရဲ့ သဘာဝကိုက အစာရှာထွက်လဲ ခုန်ဆွ ခုန်ဆွ၊ တစ်နေရာမှ တစ်နေရာ သွားလဲ
ခုန်ဆွ ခုန်ဆွ။ သူရောက်လေရာ အရပ်မှာ နေရာသစ် နေရာဟောင်းမရွေးပဲ အမြဲတမ်း
တက်ကြွစွာ ဖြစ် ခုန်ဆွ ခုန်ဆွ သွားလာတတ်သည့် သတ္တဝါပါ။
အဲ့ဒီလို
ဖားတွေရဲ့ မူလသဘာဝကို မနာလို မရှုဆိတ်သူတစ်ဦးတော့ ရှိလေတယ်။ သူက ဖားလို
ခုန်ဆွ ခုန်ဆွ သွားလာဖို့ အရေအချင်းမရှိသူလေ။ သူက ဖားတွေလို ခုန်ဆွ ခုန်ဆွ
သွားလာဖို့ သက်လုံလဲမကောင်ဘူး။ခုန်နိုင်တဲ့ အရည်အချင်းလဲ မရှိဘူး။
သူ့မှာဖားလေးထက်သာတဲ့ ခွန်အား ဗလ ရှိချင် ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဖားလေးလို
သွက်သွက်လက်လက်မခုန်နိုင်၊ သက်လုံမကောင်းလေတော့ တက်တက်ကြွကြွ ခုန်နေတဲ့
ဖားလေးကို အမြင်တွေကပ်၊ မနာလို မရှုဆိတ်တွေဖြစ်ပြီး ခုန်နေတဲ့ ဖားလေးကို
ဖန်ပေါင်းချောင်ကြီးနဲ့ အုပ်ထားပြီး လှောင်ထားလိုက်တယ်။
ဖန်
ဆိုတဲ့ သဘောက အမြင်ကြည်တယ်လေ။ ဟိုဖက် ၊ ဒီဖက် နှစ်ဖက်လုံး
ဖောက်မြင်နိုင်စွမ်းရှိတော့ သနားစရာဖားကလေး ဖန်ပေါင်းချောင်ထဲ
အအုပ်ခံလိုက်ရတာကို မသိခဲ့မိဘူး။ ဒီတော့ သူက ခုန်မြဲတိုင်း ခုန်လိုက်တယ်။
ဖားလေးရဲ့
အရှိန်ပြင်းပြင်းနဲ့ ခုန်ချက်က သူလိုရာကို မရောက်ဘဲ ဖန်ပေါင်းချောင်ရဲ့
နံရံနဲ့သာ တိုက်မိပြီး ဖားလေးမှာ နာကျင်သွားပြီး ပြန်ပြုတ်ကျရှာတယ်။
ရိုးသားတဲ့
ဖားလေး ဖန်ပေါင်းချောင်နဲ့ အအုပ်ခံခဲ့ရတာကို မသိရှာဘူး။ ငါ ဘာများ
ဖြစ်လို့ အရင်လို မခုန်နိုင်တာပါလိမ့်လို့သာ သဘောရိုးနဲ့တွေးပြီး
လိုရာခရီးရောက်ဖို့ နောက်ထပ်တစ်ကြိမ် ထပ်၍ခုန်ရှာလေတယ်။
ထိုတစ်ချိန်မှာလဲ
ဖန်ပေါင်းချောင် နံရံနဲ့ တိုက်မိပြီး နာကျင်ခြင်းတွေနဲ့
ဖားလေးအောက်ပြုတ်ကျပြန်ပါပြီ။ ဖန်ပေါင်းချောင်ထဲ အအုပ်ခံရတာကို
မသိလို့ပဲလား ၊ကိုယ်တိုင်က ဇွဲနပဲ ကြီးလို့လားတော့ မသိဘူး ဖားလေးက သူလိုရာ
ခရီးရောက်ဖို့ အကြိမ်ကြိမ်ခုန်ပြီးကြိုးစားနေတယ်။
ခုန်တဲ့အကြိမ်တိုင်းမှာလဲ
နံရံတွေနဲ့ တိုက်မိလို့ ပြန်ပြုတ်ကျလာခဲ့လေတော့ ဖားလေး အနည်းငယ်
တွေးဆလာတယ်။ ငါ ဒီတိုင်းခုန်နေရင် မအောင်မြင်နိုင်ဘူး။ ငါ ဒီတိုင်း
ဆက်ခုန်နေရင် ငါပဲ နာကျင်နေလိမ့်မယ်။ အကြိမ်ကြိမ် ခုန်နေမှုကြောင့်
နာကျင်မှုဒဏ်ရာတွေက တစ်ကိုယ်လုံးပြည့်နှက်နေပြီလေ။ ဖားလေးလဲ
သွေးကြောက်လာပြီပေါ့။ ဒီတော့ ဖားလေးက ပင်ပမ်းမှု၊ နာကျင်မှုဒဏ်တွေကို
ခံနိုင်ရည်မရှိတဲ့ အဆုံး ဖန်ပေါင်းချောင် အကျယ်အဝန်းထဲမှာ ရှိတဲ့
စားသောက်စရာတွေကိုသာ ယူငင်စားသုံး၊ ဖန်ပေါင်းချောင်ထဲမှာသာ ငြိမ်သက်စွာ
နေထိုင်ခဲ့လေတယ်။
ဖားလေးဟာအရင်လို မခုန်တော့ပဲ
ငြိမ်သက်စွာ နေထိုင်နေတာ ကာလကြာလေတော့ ဖားလေးကို မနာလို ၊မရှုဆိတ်သူက
ဒီဖားလေးတော့ အရင်လိုမခုန်နိုင်တော့ဘူး။ သူ့ကို လွတ်ထားဖို့ စိတ်ချရတဲ့
အနေအထားရောက်ပြီလို့ တွေးပြီး ဖားလေးကို အုပ်ထားတဲ့ ဖန်ပေါင်းချောင်လေးကို
ဖယ်ရှာပေးလိုက်တယ်။
ဖယ်ရှာခံလိုက်ရတဲ့
ဖန်ပေါင်းချောင်လေးရဲ့ အရိပ်အောက်က လွတ်ထွက်သွားတာကို ဖားလေးမသိခဲ့ရှာဘူး။
နာကျင်မှုတွေကို ကြောက်ရွံလို့ ငြိမ်နေကျအတိုင်းလေးပဲ ဆက်ပြီး
ငြိမ်နေရှာတယ်။ အရင်က ခုန်ဆွ ခုန်ဆွနဲ့ တက်ကြွခဲ့တဲ့ ဖားလေး အအုပ်ခံရတဲ့
ဖန်ပေါင်းချောင်ကြီးကြောင့် ၊ ဖန်ပေါင်းချောင်ကြီးရဲ့ အောက်မှာရရှိခဲ့တဲ့
နာကျင်မှုတွေကြောင့် သူ့အသက်ထက်ဆုံး သေဆုံးသည့်အတိုင်း ငြိမ်သက်စွာပဲ
နေထိုင်သွားခဲ့ရှာလေတယ်။
မေတို့ လူငယ်လေးတွေဟာ ဖားလေးနဲ့
အသွင်သဏ္ဍန်တူတယ်။ ဖားလေးက ခုန်ဆွ ခုန်ဆွနဲ့ တက်ကြွနေသလို မေတို့လူငယ်တွေဟာလဲ
အရာရာကို စူးစမ်းလိုစိတ်တွေနဲ့ တက်ကြွနေကြတယ်။ လေ့လာချင်တယ်။
တီထွင်ချင်တယ်။ တိုးတက်လိုစိတ်တွေ ရှိကြတယ်။
ဒါပေမဲ့
နှစ်ပေါင်းများစွာတိုင် ဖန်ပေါင်းချောင်ကြီးထဲ အုပ်ထားခံခဲ့ရတာကြီးက
အသားသေနေလေတော့ ရုန်းထွက်ရမှာ ကြောက်ရွံ့နေကြတယ်။ နာကျင်မှာကို
စိုးထိတ်နေကြတယ်။
ဒါဆို မျိုးဆက်သစ်လူငယ်လေးတွေဘဝ
ဖားလေးလို မလှုပ်မရှားပဲ အသက်သေဆုံးသည်အထိ ကြောက်ရွံငြိမ်သက်စွာ
နေထိုင်ကြတော့မည်လား။ တစ်ကြိမ်ထက် တစ်ကြိမ်ပို၍ ကြိုးစားလိုစိတ်
မရှိကြတော့ဘူးလား။ လက်ဆင့်ကမ်းပြီး ထိုးဖောက်လိုစိတ် မရှိကြတော့ဘူးလား။
အုပ်မိုးထားခံရတဲ့
ဖန်ပေါင်းချောင်က အနာဂတ်မျိုးဆက်လေးတွေကိုတင်မဟုတ်ဘူး တစ်နိုင်ငံလုံးကို
အုပ်မိုးထားတဲ့ “ဝမ်းပေါင်” ဆိုသည့် ဖန်ပေါင်းချောင်ဆိုလျှင်ရော.....
ဒီတိုင်း လက်လျှော့ အရှုံးပေးပြီး ငြိမ်သက်နေကြမှာပဲလား။
“
ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည် ” ဆိုသည့် စကားပုံကို လူတိုင်း
ကြားဖူးကြမှာပဲနော်။ ဖန်ပေါင်းချောင်လေးထဲမှာ တစ်ကောင်ထဲ ဖားလေးလို
ခုန်မနေပဲ တစ်နိုင်ငံလုံး၊ တစ်ပြိုက်နက် ခုန်ကြမည်ဆိုလျှင်ဖြစ်
ဖန်ပေါင်းချောင်ကြီးကွဲအက်ပြီး လက်ပံတောင်း ၊ ကျောက်ဖြူ၊ မြစ်ဆုံ စတဲ့
ဒေသတွေမှာ လေကောင်းလေသန့်လေးတွေ ရနိုင်လာပြီပေါ့ရှင်။
ပြိုင်တူခုန်ဖို့ ခွန်အားရှိဖို့ လိုတယ်။
ပြိုင်တူခုန်ဖို့ နည်းစနစ် သိရန် လိုအပ်တယ်။
ပြိုင်တူခုန်နိုင်ဖို့ စည်းလုံးမှု ရှိဖို့ လိုအပ်တယ်။
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်