Followers

Monday 25 February 2013

လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး

 လူ့ပတ်ဝန်းကျင်မှာ ကြားဖူးနေကြ “ တန်ဖိုးရှိအောင်နေ ” ၊ “တန်ဖိုးမဲ့တဲ့ အလုပ်တွေ မလုပ်ကြနဲ့” စသည်ဖြစ် ကြားကြားနေရတော့ တန်ဖိုးဆိုတာ ဘာလဲလို့ တွေးကြည့်မိသည်။
တန်ဖိုး... အထူးသဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို မည်သည့်အရာများနှင့် တိုင်းတာကြပါသနည်း။
ငွေကြေးနှင့် တိုင်းတာကြသည်လား ၊ ပညာဖြစ် တိုင်းတာကြသည်လား ။ အသိုင်းအဝိုင်းကိုကြည့်၍ တန်ဖိုးနိမ့်သည်၊ မြင့်သည် စံထားတိုင်းတာကြသည်လား..။ ဤသို့ဆိုလျှင် ငွေကြေးချမ်းသာကြသောသူတိုင်းက တန်ဖိုးရှိကြပေတော့မည် ။ ပညာတတ်သူတိုင်းက တန်ဖိုးရှိကြတော့မည်။ အသိုင်းအဝိုင်းကြီးသူတိုင်းက တန်ဖိုးရှိသည့် လူသားများအဖြစ် ရှင်သန်သွားကြရတော့မည်ပေါ့။
ဟိုတစ်ယောက်က ပညာသာရှိတာ ၊ ပြောလိုက်တဲ့ စကားတွေက တန်ဖိုးမရှိတဲ့ စကားတွေ ၊ ဒီတစ်ယောက်ကဖြစ် ငွေကြေးချမ်းသာပြီး အပြုအမူတွေက တန်ဖိုးမဲ့တယ်။ သူက အသိုင်းအဝိုင်းသာ ကြီးတာ ဘာမှ တန်ဖိုးရှိတဲ့သူ မဟုတ်ဘူး...စသည့် စကားလုံးများကို ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ဤသို့ဆိုလျှင် ဥစ္စာ ငွေကြေး ၊ ပညာကြွယ်ကာ အသိုင်းအဝိုင်း ကြီးမားပြည့်စုံသူတိုင်း တန်ဖိုးရှိသူတွေ မဟုတ်နိုင်တာ သေချာလောက်ပြီဟု စာဖတ်သူများ သိနားလည်နိုင်လောက်ပါပြီ။
လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံး အဓိကအချက်သည် မည်သည့်အရာလဲဟု မေးလျှင် သင်မည်သို့ ဖြေဆိုမည်လဲ။ သင့်အတွက် တန်ဖိုးအရှိဆုံးအရာသည် မည်သည့်အရာဖြစ်သနည်း။

လူ့တန်ဖိုးနှင့် စပ်လျင်း၍ မှတ်သားခဲ့ဖူးသော အကြောင်းအရာများထဲမှ သောနဒဏ္ဍတဇာတ်တော်အကြောင်းကို သတိတရ ရေးသားဖော်ပြလိုက်ရပါတယ်။ ဤအကြောင်းအရာကို စာပေကျမ်းဂန်များမှ အလွတ်ကူးယူခြင်းမဟုတ်ပဲ ဖတ်မှတ်ဖူးခဲ့သည်ကို ပြန်လည်ရေးသားခဲ့ခြင်းကြောင့် ဇာတ်လမ်းမှာ အနည်းငယ်လစ်ဟာမှုရှိလျှင် စာရေးသူ၏ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်ဝန်ချတောင်းပန်ပါသည်ရှင်။
ဗိမ္ဗိသာရမင်းကြီးလက်ထက်၌ စံပါမြို့ဆိုသည့် မြိုနယ်လေးတစ်ခု ရှိခဲ့ပါသည်။ ထိုစံပါမြို့ကလေးအား အုပ်ချုပ်သည့် သူမှာ သောနဒဏ္ဍတပုဏ္ဏားဖြစ်ပြီး နေထိုင်ကြသည့် သူများမှာ ဗြဟ္မာဏလူမျိုးများဖြစ်ကြလေသည်။
တစ်နေ့သောအခါဝယ် မြတ်စွာဘုရားရှင်သည် နောက်လိုက်၊ နောက်ပါရဟန်းများနှင့်အတူ ထိုစံပါမြို့လေးသို့ ကြွချီလာခဲ့ရာ ဘာသာရေး လွန်စွာ ကိုးကွယ်ယုံကြည်ကြသော စံပါမြို့သူမြို့သားများမှာ မြတ်စွာဘုရားရှင်အား သွားရောက်ရှစ်ခိုးဦးတိုက်ကြလေသည်။
သောနဒဏ္ဍတပုဏ္ဏားကြီးနှင့်တကွ မြတ်စွာဘုရားရှင်အား လာရောက်ရှစ်ခိုးပူဇော်ကြသော မြှိုသူမြို့သားများအား တရားရေအေးတိုက်ကျွေးရန် မြတ်စွာဘုရားမှ ယနေ့ရောက်လာကြကုန်သော တရားနာပရိသတ်တို့အား မည်သည့်တရားဟောမည်ကို တွေးဆပြီးနောက် တရားနာကြွရောက်လာသူ ပရိတ်သတ်များအား မေးခွန်းမေး၍ တရားဟောမည်ဟု တွေးဆကာ ပထမဦးစွာ ရှေ့ဆုံးမှ နေရာယူကာ ဦးတင်နေသော ပုဏ္ဏားကြီးအား စ၍ မေးခွန်းမေးလိုက်လေသည်။
“အသင်ပုဏ္ဏားကြီးပုဏ္ဏားကြီးတို့၏ ဗြဟ္မာဏမျိုးရိုး ဘာကြောင့် အမျိုးမြင့်မြတ်ရပါသလဲ”
ပုဏ္ဏားကြီးမှာ မြတ်စွာဘုရား၏ ဤသို့သော မေးခွန်းကို အမေးခံရလျှင် လွန်စွာမှ ဂုဏ်ယူ ဝမ်းမြှောက်မိလေသည်။ မိမိတို့၏ ကြီးမြင့်လှသည့် မျိုးရိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က စိတ်ဝင်စားသည်ပါလားဟု တွေးမိကာ ဝမ်းသာအားရ လျှင်မြန်စွာ လျှောက်ထားလေးသည်။
“အရှင်ဘုရား တပည့်တော်တို့မျိုးရိုး မြင့်မြတ်နေတာ အခြားကြောင့် မဟုတ်ပါဘုရား။ တပည့်တော်တို့မှာ စောင့်ထိန်းရမည့်အချက် (၅) ချက်ရှိနေပါတယ်ဘုရား။
ထိုအခါ မြတ်စွာဘုရားရှင်မှ
“ဒကာကြီး ထိုအချက်(၅) ချက်မှာ အဘယ်သို့နည်း ”
ဟု မေးမြန်းလေရာ ထိုပုဏ္ဏားမှ အားရဝမ်းသာစွာဖြစ် မိမိတို့မျိုးရိုးဂုဏ်ကို ဖော်ကျူးပြလေသည်။
“အရှင်ဘုရား တပည့်တော်တို့ မျိုးရိုးသည် နံပါတ်
၁။ ဆွေခုနှစ်ဆက် ၊ မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရပါမည်။
၂။ဗေဒင်၊ ကျမ်းဂန် ၊ မန္တာန် အာဂုံရရမည်။
၃။ ရုပ်ရည် ချောမောတင့်တယ်ရပါမည်။
၎။ ကိုယ်ကျင့်တရားကောင်းရပါမည်။
၅။ မှား/မှန် ခွဲခြားနိုင်သော ပညာရှိရပါမည်။
ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်ထံမှ မမျှော်လင့်သော မေးခွန်း တစ်ခု ထွက်လာခဲ့သည်။
“ဒကာကြီး အကယ်၍များ တစ်ယောက်ယောက်က ဒကာကြီးအား ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက်ကို လျှော့ပါဆိုလျှင် မည်သည့် အချက်ကို သင် လျှော့ပါမည်လဲ။
“အရှင်ဘုရား  အကယ်၍များ တစ်ယောက်ယောက်က ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက် လျှော့ပါဆိုလျှင် တပည့်တော် သည် ရုပ်ရည်ချောမောတင့်တယ် လှပရပါမည် ဆိုသော အချက်ကို လျှော့ပါမည်ဘုရား”
အဘယ်ကြောင့်ဆိုသော ရုပ်ဆိုး ၊ ရုပ်လှဆိုသည်မှ ဘဝအဆက်ဆက်မှ ပြုလုပ်ခဲ့ကြသည့် ကုသိုလ် ၊အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်သည်။ ယခုလက်ရှိဘဝအတွက် တပည့်တော်တို့မတတ်နိုင်ပါ။ တပည့်တော်တို့၏ မျိုးရိုးဂုဏ်ကို တင်ချင်၍သာ ရုပ်ရည်ချောမောလှပရမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်းကြောင့် စောင့်ထိန်းရမည့် အချက်(၅)ချက်တွင် တစ်ချက်လျှော့ရမည်ဆိုပါက   “ရုပ်ရည်ချောမောလှပရမည် ” ဆိုသော အချက်ကို လျှော့ပါမည်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က
“ပုဏ္ဏားကြီး “ရုပ်ရည်ချောမောလှပရမည်”ကို လျှော့ပြီးလျှင် နောက်ထပ်တစ်ချက်ထပ်လျှော့ကြည့် ဆိုပါက အသင်မည်သည့်အရာကို လျှော့မည်နည်း”
ထိုအခါတွင်လဲ ပုဏ္ဏားကြီးမှာ ဆိုင်းငံ့ခြင်းမရှိစွာနှင့်
“အရှင်ဘုရား အချက် (၂)ချက်လျှော့ရမည်ဆိုလျှင် တပည့်တော်သည် “ ဗေဒင် ၊ ကျမ်းဂန်၊မန္တာန်များအလွတ်ရရမည်” ဆိုသည့် အချက်ကို လျှော့ချပါမည်ဘုရား။
တပည့်တော်တို့ မျိုးရိုးတွင် ကျမ်းဂန်၊မန္တာန်များကို ရှေးလာစဉ်ဆက် အလွတ်ရသည်ရှိသကဲ့သို မရှိသည့်အခါလည်း ရှိခဲ့ဖူးပေလိမ့်မည်။ ကျမ်းဂန်စာပေများသည် စာအုပ်စာပေများနှင့် အစဉ်ထိမ်းသိမ်းလာကာ လိုအပ်ပါ ပြန်လည်ရှာဖွေနိုင်၍ မျိုးရိုးမြင့်မြတ်ရန် လိုအပ်သည့် အချက်(၅)ချက်တွင် (၂)ချက်လျှော့ရမည်ဆိုပါက တပည့်တော်သည် ထိုအချက်ကို လျှော့ချပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ
“ပုဏ္ဏားကြီး အကယ်၍များ (၃)ချက်လျှော့ပါ ဆိုပါလျှင် မည်သည့်အချက်ကို သင်လျှော့ပါမည်နည်း။”

အချက် (၃)ချက် လျှော့ရမည်ဆိုသော အချိန်တွင် ပုဏ္ဏားကြီးမှာ ပြန်ဖြေရန် အနည်းငယ်ခက်ခဲလာလေပြီး။ ရှေးဦးစွာ မေးခဲ့သော မေးခွန်း (၂)ခုကဲ့သို့ လွယ်လင့်စွာ ဖြေဆိုနိုင်ခြင်းမရှိတော့ပဲ သေချာတွေးဆကာ စဉ်းစားရပေလေသည်။ အချိန်အတော်ကြာ စဉ်းစားလေပြီးသော်အခါဝယ် ပုဏ္ဏားထံမှ
“အရှင်ဘုရား ..မလျှော့မဖြစ် လျှော့ရမည် ဆိုပါက တပည့်တော်သည် “ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက် မျိုးသန့်ရမည်” ဆိုသော အချက်ကို လျှော့ရပါမည်ဘုရား”
ပုဏ္ဏားကြီး၏ ထိုသို့သော အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ မည်သည့်အသံမျှ မထွက်ပေါ်သေးမှီ ပုဏ္ဏားကြီး၏ အမျိုးအနွယ်ဝင် မြို့သူမြို့သားများထံမှ
“အသင်ပုဏ္ဏားကြီး...အဘယ်ကြောင့်ထိုအချက်ကို လျှော့ရမည်နည်း။ အကျွန်နုပ်တို့ မျိုးရိုးကို အထိခိုက်မခံနိုင်ပါ။ မျိုးရိုးဆိုတာ အလွန်အရေးကြီးပါတယ်။ မျိုးရိုးသန့်ချင်၍ ထိုအချက်ကို ထည့်ထားခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးအနေနှင့် လျှော့ချင်လျှော့ ကျန်သော အချက်နှစ်ချက်ထဲမှ ကြိုက်ရာကို လျှော့ပါ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျိုးရိုးသန့်ရမည်ဆိုသော အချက်ကို မလျှော့နိုင်ပါ”
ဟု ဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။ ထိုသို့ ဆူညံ့လာသည့်အခါဝယ် ပုဏ္ဏားကြီးမှ မြတ်စွာဘုရားရှင်ထံ ခွင့်တောင်း၍ မတ်တပ်ရပ်ကာ သူ၏ မြို့သူမြို့သားများအား စကားစလေသည်။
“အသင်တို့ ငါဆိုသော စကားကို နားထောင်ကြည့်ပါ။ငါ၏ ဆိုစကား ဆုံးလေသော်မှ သင်တို့၏ မကျေနပ်ချက်များကို ပြောကြားကြပါ။ ငါသည် အဘယ်ကြောင့် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရမည်ဟူသောအချက်ကို လျှော့ချရသည် ဆိုလျှင် ပထမဦးစွာ ငါချန်ထားသည့် အချက်နှစ်ချက်မှာ
“ကိုယ်ကျင့်တရားကောင်းခြင်းဆိုသည့် သီလ”
“မှားမှန်ခွဲခြားနိုင်ခြင်းဆိုသည့် ပညာ”
ဤ နှစ်ချက်ကိုသာ ချန်ထားခဲ့ပါသည်။ အဘယ်ကြောင့် ထိုနှစ်ချက်ကို ချန်ထားခဲ့ရသနည်းဆိုသော် ထိုနှစ်ချက်သည် လူဖြစ်လာသည့် ဘဝဝယ် မရှိမဖြစ် တန်ဖိုးရှိသည့် လူတန်ဖိုးဖြစ်သောကြောင့်ပင်တည်း။
လူတစ်ယောက် ၊ တန်ဖိုးရှိသည့် လူတစ်ယောက်ကို တိုင်းတာလျှင် မည်သည့်အရာနှင့် တိုင်းတာ၍ ရမည်နည်း။
ကိုယ်ကျင့်တရားဆိုသည့် သီလဘယ်လောက်ကောင်းပါသလဲ။

မှားမှန်ခွဲခြားနိုင်သည့် ပညာမည်မျှ ရှိသနည်း။

စသည့် နှစ်ချက်ဖြစ်သာ တိုင်းတာရပါမည်။ ထို့ကြောင့် ထိုနှစ်ချက်ကို ငါပုဏ္ဏား မလျှော့နိုင်ပါ။ ထိုနှစ်ချက်သည် လူဖြစ်ရသည့်ဘဝဝယ် မရှိမဖြစ် လိုအပ်သည့် လူ့တန်ဖိုးသာ ဖြစ်သည်”
ဟု ဆိုကာ မြတ်စွာဘုရားရှင်ထံ ဦးတိုက်ကာ လျှောက်ထားလိုက်လေသည်။
“အရှင်ဘုရား တပည့်တော် ဆုံးဖြတ်ချက် မှားသလား ၊ မှန်သလား ဖြေကြားပေးတော်မူပါ ။ အကယ်၍များ မှားယွင်းခဲ့သည် ရှိပါက အမှန်ကို ညွှန်၍ သွန်သင်ဆုံးမပေးတော်မူပါဘုရား”
ပုဏ္ဏားကြီးထံမှ ထိုသို့သောမေးခွန်ရောက်လာမည်ကို ကြိုတင်သိလင့်သော မြတ်စွာဘုရားရှင်မှာ
“အသင်ပုဏ္ဏားကြီး၏ ဆုံးဖတ်ချက်သည် ငါဘုရား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူညီပါပေသည်။ ထို လူတန်ဖိုး ဆိုသည့် တရားကို ဟောမည်ဟုဆုံးဖြတ်ကာ ထိုသို့သော မေးခွန်းများကို မေးလာခဲ့ခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဖြေဆိုသကဲ့သို့ပင် လူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်သီလနှင့် မှားမှန်ခွဲခြားနိုင်သည့် ပညာဖြစ်သာ တိုင်းတာနိုင်ပါသည်။ ထို ကိုယ်ကျင့်သီလနှင့် မှားမှန်ခွဲခြားနိုင်သည့် ပညာသည် လူတန်းဖိုးသာမက လောက၏ ကျက်သရေမင်္ဂလာပင်ဖြစ်တယ်။ ကျက်သရေမင်္ဂလာရှိလိုသော ပုဂ္ဂိုလ်သည် ထို နှစ်ချက်ကိုသာ စောင့်ထိန်းပါ။ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မယ်”

ထိုအကြောင်းအရာသည် မြတ်စွာဘုရားမှ ပုဏ္ဏားကြီးနှင့်ဗြဟ္မာဏအနွယ်ဝင်တို့အား ဟောကြားတော်မူသော တရားတော်မြတ်။
သင်သည် ထိုပုဏ္ဏားကြီးနေရာတွင် ထိုမေးခွန်းမျိုး အမေးခံရလျှင် မည်သို့ ဖြေဆိုပါမည်နည်း။
လူ့သဘော လူ့သဘာဝအရ လူတစ်ယောက်ကိုအမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ ငွေကြေးချမ်းသာမှု ၊ကျော်ကြားမှု ၊ထူးချွန်ကျော်ဇော်မှုတို့သည် လူ့တစ်ယောက်၏ စစ်မှန်သော တန်ဖိုးမဟုတ်ဟု သင် လက်ခံယုံကြည်နိုင်ပါလိမ့်မည်။ တွေးဆနိုင်ပါလိမ့်မည်။
ဒီနေ့ ဒီပို့စ်လေးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်က တစ်ခါတစ်ရံ လူ့သဘော လူ့မနောတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် “အတုကြောင့် အစစ်ပျောက်ကွယ်” ဆိုသည့်အတိုင်း တန်ဖိုးအတုအယောင်တွေနောက်ကို ယောင်ရမ်းလိုက်မိရင်း မိမိ၏ နဂိုမူလရှိရင်းစွဲ တန်ဖိုးများကို ချခင်းနင်းမိသည့် အဖြစ်မျိုး သတိမပြုမိပဲ တန်ဖိုး၏ အစစ်အမှန် ကိုယ်ကျင့်သီလ ၊ မှားမှန်ပျောက်ဆုံးကာ စာရိတ္တများပါ ပါသွားတတ်လေသောကြောင့်ဖြစ်သည်။

မေတို့တွေ ပကာသန အတုအယောင်တွေအောက်မှာ ယစ်မှူးနေကြသည့် စိတ်ကို ရုန်းထွက်ကြရအောင်။



မေတို့တွေ အတုအစစ်ကို ခွဲခြားနိုင်သည့် ဥာဏ်ပညာဖြစ် တန်ဖိုးအစစ်ကို ရှာဖွေကြရအောင်။ လက်တွေ့ ကျင့်ကြံကြရအောင်။
မိမိခန္ဓာကိုယ်ကို မည်သည့် တန်ဖိုးရှိသည့် အရာများဖြစ် ဆင်ယင်လိမ်းချယ်ကြမည်လဲ ၊ မိမိ၏ စိတ်ကို မည်သည့် တန်ဖိုးရှိသည့်အရာများဖြစ် စင်ကြယ်အောင် သန့်စင်မည်လဲဟု သေချာတွေးဆ တန်ဖိုးမြင့်တင်ကြစို့လားရှင်။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်