Followers

Monday 25 February 2013

ထမနဲ ထိုးကြမယ်

လယ်ယာခွင်လဲ သိမ်းပြီး။ မကြာသေးခင်ကမှ လယ်ယာခွင်မှ ကောက်သစ်များ ရိတ်သိမ်းပြီးစီးထားသည့် ကောက်လှိုင်းစည်းများကို ချွေလှေ့ကြလေပြီး။
အေးမြလှသည့် ရာသီဥတုကို တန်ဆာဆင်သည့် အနီရောင်ပေါက်ပွင့်ရဲရဲများကလဲ တပို့တွဲလ၏ အလှကို ပန်းချီဆရာ လက်မှိုင်ချရလောက်အောင် ရှုမဆုံး ငေးမောဖွယ်အဖြစ် ထောက်ပံ့ပေးနေပြန်သည်။

လယ်ယာလုပ်ငန်းပြီးဆုံး၍ မကြာသေးသော အချိန်ကမှ ချွေလေ့ထားသော စပါး(ကောက်ညှင်း)စပါးများကို အေးမြသည့် ရာသီနှင့် လိုက်ဖက်ညီညွတ်မှုရှိရလေအောင် သမမျှတသော အစားအစာအဖြစ် ထမနဲထိုးသော လရာသီအဖြစ် တပို့တွဲလကို သတ်မှတ်ခဲ့ကြသည်။
ရွာမှာ နေစဉ်ကာလက အိမ်တိုင်းကိုယ်စီ ပါဝင်ကြသည့် ဒါနဖြစ် ထမနဲပွဲတော်ကို တစ်ပျော်တစ်ပါး ကျင်းပခဲ့ကြသည်။ စည်းလုံးညီညွတ်မှုကို အခြေခံသည့် ထမနဲထိုးပြိုင်ပွဲများကို ကျင်းပလေ့ရှိကြသည်။ (၃) ယောက်တစ်ဖွဲ့ ၊ (၄)ယောက်တစ်ဖွဲ့ စသည်ဖြစ် ဖွဲ့စည်းကာ ညာသံပေး၍ ညီညွတ်စွာ ထိုးကြသည့် ထမနဲပွဲတွင် အိုးစည်ဒိုးပတ်သံတမြိုင်မြိုင်ဖြစ် လာရောက်အားပေးကြသည့် ပရိသတ်များ စသည့် အမှတ်တရနေ့များသည် မည်သည့်နိုင်ငံ၊မည်သည့်အရပ်ဒေသရောက်ရောက် မေ့အတွက်တော့ မမေ့နိုင်စရာပုံရိပ်များပင်ဖြစ်လေတော့သည်။
ယနေ့တော့ ရွာကို အလွမ်းပြေ မိမိတစ်ကိုယ်တည်း ထမနဲထိုးရင်း ခင်ရာဆွေမျိုး ၊ သိကျွမ်းမိတ်ဆွေများကို ဝေငှရန် ဆန္ဒလေး ပြင်းပြလာ၍ ထမနဲထိုးရန် ပြင်ဆင်လေသည်။

မိတ်ဆွေများလဲ ထမနဲထိုးနည်းလေး လိုချင်ပါသည်ဆို၍ ထပ်၍ တဖန် ဝေငှလိုက်ပါသည်။ အရင်နှစ်က တစ်ကြိမ် ရေးဖူးခဲ့ပေမဲ့ ဒီနှစ် အသစ်တစ်ခါ ပြန်လည် ဝေမျှပေးပြန်ပါသည်။ ပြည်ပရောက်သူများအိမ်တွင်း ပြုလုပ်ရန် ဖြစ်သဖြစ် မြန်မာနိုင်ငံမှာထိုးသည့် ထမနဲကဲ့သို့ ပါဝင်ပစ္စည်း ၊ ပြုလုပ်နည်း အနည်းငယ် ကွဲပြားခြားနားသည်ကိုတော့ ဝန်ခံပါသည်။ နေရာဒေသအလိုက်  အဆင်ပြေသလို ချက်ရပြုတ်ရသည်မှာ ပြည်ပရောက်သူတိုင်း ခံစားသိရှိနိုင်ပါမည်။

ထမနဲ ထိုးရန်ပါဝင်သော ပစ္စည်းများ




၁။ ကောက်ညှင်းဆန်
၂။ အုန်းသီး (အုန်းသီးကို အပြားလေး လှီးထားပြီးသား အခြောက်ရလျှင် ပို၍ လှပပါသည်၊ မရှိလျှင်တော့ မေက ခြစ်ပြီးသာ အုန်းသီးကိုသာ အသုံးပြုခဲ့သည်)
၃။ မြေပဲဆန်
၎။နှမ်း
၅။ဂျင်း
၆။ ဆီ
၇။ ငရုတ်ကောင်း အနည်းငယ်မျှ
၈။ကြက်သွန်ဖြူ
၉။ဆားအနည်းငယ်
၁၀။ ရေ (ရေနွေးအဆင်သင့် ကျိုထားလျှင် ပို၍ အဆင်ပြေပါသည်)


ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကောက်ညှင်းဆန်ကို နာရီအနည်းငယ်မျှ ရေစိမ်ထားနှင့်ပါ။
၂။မီးဖိုပေါ်တွင် ဆီအိုးတည်၍ မြေပဲဆန်များကို ကြော်ထည့်ရပါမည်။ မြေပဲသည် ကျက်ရန်အချိန် အအကြာဆုံးဖြစ်၍ ပထမဦးစွာ ကြော်ရခြင်းဖြစ်သည်။



၃။ မြေပဲများ အညိုရောင်မျှမျှ သန်းလာလျှင် ဂျင်းကိုထည့်၍ ကြော်လိုက်ပါ။ ထို့နောက် နှမ်း နှင့် အုန်းသီး ထည့်၍ ကြော်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းကိုလဲ အတူတကွ ထည့်ဝင်နိုင်ပါပြီ။ မြေပဲ၊ နှမ်း ၊ အုန်းသီး ထည့်ကြော်ထားသော ဆီမှာ မြေပဲနံ့သင်းသင်း ၊ နမ်းနံ့သင်းသင်းဖြစ် မွှေးပျံ့လှပေသည်။



၎။ ရေစိမ်ထားသော ကောက်ညှင်းဆန်များကို ဆီအိုးထဲ ထည့်၍ ကြော်ပေးပါ။ ကောက်ညှင်းတွင်ရှိနေသည့် အစိုဓာတ် ခြောက်၍ အညိုရောင်သန်းလာသည့်အထိ အချိန်ကြာကြာ ကြော်ပေးနိုင်လျှင် သင့်ထမနဲ၏ အရောင်မှာ ပို၍ လှပကာ ထမနဲသားမှာလဲ ပို၍ ကောင်းမွန်လှပါသည်။


၅။ သင့်တင့်မျှတသော ရေထည့်၍ အဖုံးခေတ္တအုပ်ကာ စောင့်ဆိုင်းပေးထားပါ။


၆။ ရေများခမ်းလုချိန်တွင် ကြက်သွန်ဖြူစိပ်များကို ထမနဲများ အပေါ်မှ ဖြူးထားပေးပြီး ရေခန်းသည်အထိ  မီးအေးအေးဖြစ် နှပ်ထားလိုက်လျှင် မွှေးပျံ့ကာ အရသာ ရှိသည့် ထမနဲကို သုံးဆောင်နိုင်ပါပြီရှင်။



အလိုရှိက သုံးဆောင်ကြ။ မေသဇင်၏ လက်ရာပါရှင်...



.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်