Followers

Thursday 15 November 2012

ကရင်အမျိုးသားများ၏ လူပျိုလှည့်ခြင်း(သို့)အပျိုပိုးပမ်းခြင်း

ကရင်လူမျိုးများ၏ မင်္ဂလာဆောင်ဓလေ့များကို တင်ပြီးခါမှ လူပျိုလှည့်ခြင်းအလေ့အထနှင့် စည်းကမ်းကို ရေးတင်လာတော့ ပြောင်းပြန်များ ဖြစ်နေသလားမသိဘူး။ ကရင်လူမျိုးများ၏ မင်္ဂလာဆောင်ကို ရေးနေရင်းနဲ့ လူပျိုလှည့်ခြင်းကိုပါ ရေးချင်လာသော စိတ်ကူးရလာတာကြောင့် ထို လူပျိုလှည့်ခြင်း ချစ်စရာဓလေ့များကို ရေးဖြစ်ခဲ့တာပါ။
သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မိမိရပ်ရွာကို စွန့်ခွာ တပြည်ရွာမှာ အခြေချလာခဲ့သည့်နောက်ပိုင်း မိမိ၏လွမ်းဆွတ်မြတ်နိုးဖွယ်ကောင်းသော ရွာဓလေ့များကို မေ့ပျောက်လာသူများအတွက် ကျေးရွာများမှ လွှဲ၍၊ ကရင်ပြည်နယ် မြို့ပြများတွင် ပျောက်ကွယ်လုနီးပါးဖြစ်သည့် ထိုအလေ့အထလေးကို ရေးသားပေးလိုက်ပါတယ်ရှင်။


ကျေးလက်နေသူများ၏ ထုံးစံအတိုင်း ရွာတိုင်း၊ရွာတိုင်းတွင် အပျို ၊ လူပျိုက စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့နှင့် နေကြသည်မှာ မြန်မာနိုင်ငံသားများ၏ ချစ်စရာစည်းလုံးမှုဖြစ်ပါသည်။ ရပ်တိုင်း၊ရွာတိုင်းတွင် ထိုဓလေ့များရှိခဲ့ပါသည်။ထို အပျို၊လူပျိုအဖွဲ့ဝင်များသည် ရွာ၏ သာရေး၊နာရေးများတွင် စိတ်အားထက်သန်စွာ အစစ ၊အရာရာတာဝန်ယူကာ လုပ်ကိုင်ကြပါသည်။ ထိုသို့ လုပ်ကိုင်ကြရင်း တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်(သို့)တစ်ရွာနှင့်တစ်ရွာ အပျိုလူပျိုများ ရင်းနှီးလာခဲ့ကြပါသည်။ အပျို၊ လူပျို အဖွဲ့များတွင်အပျိုခေါင်းဆောင် ၊လူပျိုခေါင်းဆောင်ဟူ၍ သတ်မှတ်ထားကာ ထိုခေါင်းဆောင်များ၏ ညွှန်ကြားမှုအောက်တွင် စည်းစည်းလုံးလုံး လိုက်ပါဆောင်ရွက်ကြရသည်။ ဤသည်မှာ ကရင်လူမျိုးအပါအဝင် အခြားလူမျိုးများတွင်လည်း ရှိခဲ့ပါသည်။
ထိုသို့ အပျိုခေါင်းဆောင်၊လူပျိုခေါင်းဆောင်များ၏ ညွှန်ကြားမှုအောက်တွင် စည်းလုံးစွာနေကြသော ကရင်လူငယ်မောင်မယ်များသည် ၊ အထူးသဖြစ် ကရင်အမျိုးသား လူပျိုလေးများသည် မိန်းမပျိုလေးတစ်ဦးအပေါ် မေတ္တာသက်ဝင်ပါက လူပျိုခေါင်းဆောင်ကို ဖွင့်ဟကာ အသိပေးရပါသည်။ ထိုမိန်းမပျိုလေးအား ပိုးပမ်းရန် လူပျိုခေါင်းဆောင်မှ စီစဉ်ပေးရပါသည်။


လသာသော ညများတွင် လူပျိုလှည့်ခြင်းကို စတင်ကြပါသည်။ လူပျိုလှည့်မည်ဆိုပါက လူပျိုခေါင်းဆောင်မှာ စီစဉ်ပေးရသည်။ ပထမဦးစွာ ယခုတစ်ပတ် မည်သည့် ရပ်ရွာသွားမည်ကို ညှိနှိုင်းတိုင်ပင်ကာ ရပ်ရွာများအလိုက် အလှည့်ကျသွားကြရပါသည်။ထိုသို့သွားမည်ဆိုလျှင် လူပျိုခေါင်းဆောင်မှ အိမ်ရှင်ရွာခံလူပျိုခေါင်းဆောင်ထံသို့ ကြိုတင် အကြောင်းကြားရပါသည်။ လူကိုယ်တိုင်ဖြစ်စေ ၊စာချွန်လွှာဖြစ် ဖြစ်စေ “မည့်သည့်နေ့၊လ၊ရက်တွေ မိမိတို့ရွာမှ ကာလသားများအလည်လာကြမည်ဖြစ်ကြောင်း ရွာခံလူပျိုခေါင်းဆောင်ကို အကြောင်းကြားခဲ့ကြသည်။
ထိုသို့ အကြောင်းကြားလွှာ လက်ခံရရှိသည့် လူပျိုခေါင်းဆောင်မှ တစ်ဆင့် အပျိုခေါင်းဆောင်ကို ထပ်ဆင့် အသိပေးရပါသည်။ ထိုသို့ တစ်ဖက်ရွာမှ ကာလသားများ အလည်လာမည်ဟု ဖိတ်ကြားခံရလျှင် ရွာရှိအပျိုလူပျိုများမှာ မိမိတို့ရွာတွင် အချောအလှပေါ၍ တစ်ဖက်ရွာမှ စိတ်ဝင်စားကာ လာရောက်လည်ပတ်ကြသည်ဟု တွေးကာ ဂုဏ်ယူလေ့ရှိကြသည်။
ကြိုတင်ဖိတ်ကြားထားသည့် နေ့သို့ရောက်လျှင် ရွာခံအပျိုလူပျိုများမှာ ဧည့်သည်ကာလသားများအား ဧည့်ခံရန် ချက်ပြုတ်ထားကြသည်။  ထို့နောက် ရောက်ရှိလာကြသည့် ဧည့်သည်ကာလသားများကို ညစာအဖြစ် တည်ခင်းကျွေးမွေးပါသည်။ ထမင်းစားသောက်ပြီးလျှင်တော့ အပျို၊လူပျိုများ စီတန်းထိုင်ကာ အချင်းချင်း မိတ်ဆက်စကားပြောကြားခြင်းကို ပြုလုပ်ပြီးနောက် ယောကျာင်္းလေးနှင့် မိန်းကလေးများ စကားထားဝှက်ခြင်း၊စကားစစ်ထိုးခြင်း စသည်များကစား၍ တစ်ဦးနှင့်တစ်ဦး အသိပညာ ကြွယ်ဝမှုကို လေ့လာကြာလေသည်။ ချစ်သူ ရှိပြီးသော အပျို၊လူပျိုများမှာ ချစ်သူရှိထားနှင့်ကြောင်း ကြိုတင်အသိပေးထားရလေသည်။ ချစ်သူ မရှိသေးသော ကာလသားများသည် ထိုရွာသူ လုံမပျိုလေးများထဲတွင် မိမိနှစ်သက်သူများ ပါရှိပါက ထိုလုံမငယ်ကို မိမိမေတ္တာရှိကြောင်း ဖွင့်ပြောရလေသည်။ အမျိုးသမီးမှာ ထိုအမျိုးသားကို မနှစ်သက်ပါက ယဉ်ကျေးစွာ ငြင်းဆိုနိုင်၍ နှစ်သက်ပါက ထိုသူ၏ ကမ်းလင့်လာသော ချစ်ခွန်းချိုကို တုံ့ပြန်ခွင့်ရလေသည်။


ထို့နောက် ချစ်ကျွမ်းဝင်ကြသည့် အပျို၊လူပျို စုံတွဲမှာ တူယဉ်စကားပြောခွင့်ရလေသည်။ ထိုချစ်သူနှစ်ဦး ကြည်ကြည်နူးနုး စကားပြောချိန်သည် မိမိဆန္ဒအလျောက် သန်းခေါင်ကျော်၍ အာရုံဦးထိ ပြောဆိုခွင့်ရှိသည်။ အမှာတစ်စုံတရာမရှိရလေအောင် ရွာခံကာလသားများက စောင့်ရှောက်ပေးကြလေသည်။
ကရင်လူမျိုးတို့၏ ဓလေ့စည်းကမ်းအရ အရွယ်ရောက်အမျိုးသားများ(လူပျိုရွယ်မှ သက်ကြီးအိုထိ) အမျိုးသမီးငယ်များအား ထိတွေ့ခွင့်မရှိပေ။ အမျိုးသားတစ်ဦးဦး၏အသားစိုင်းနှင့် မိန်းမပျိုလေးအား ထိတွေ့ခဲ့သည်ရှိသော် ထိုမိန်းမပျိုလေးကို အပျိုစင်မဟုတ်ဟု သတ်မှတ်ကာ ထိတွေ့သူမှာ ထိုအမျိုးသမီးကို လက်ထပ်ရလေသည်။ အမျိုးသမီးမှ ထိုအမျိုးသားအား မနှစ်သက်လျှင်သော်လည်းကောင်း ၊ထိုအမျိုးသားမှာ အိမ်ထောင်ရှိပြီးလျှင်သော်လည်းကောင်း ထိုအခြေအနေမျိုးတွင် ဖြစ်ပျက်ပါက အမျိုးသမီးအား နစ်နာကြေးပေးရလေသည်။
ထိုကြောင့် မိမိအနေဖြစ် လက်ထပ်ရန် အသင့်မဖြစ်သေးသော လူပျိုများသည် မိမိချစ်သူပင် ဖြစ်လင့်ကစား ထိုအမျိုးသမီးအား ပွေ့ဖက်ခြင်း၊နမ်းရှိုက်ခြင်း ၊လက်ကိုင်ခြင်း မဆိုထားနှင့် ဆံခြည်တမျှင်မျှပင် ထိတွေ့ခွင့်မရှိပေ။ ထိတွေ့သည်ကို တစ်ဦးဦးက တွေ့ရှိပါက အထက်ပါ ရေးသားဖော်ပြသည့်အတိုင်း ထိုအမျိုးသမီးအား လက်ထပ်ရပေလိမ့်မည်။
ချစ်သူတို့သဘာဝ တစ်ခါတစ်ရံ ဆိတ်ကွယ်ရာ ချိန်းတွေ့ခဲ့ကြသည့် အဖြစ်မျိုး ရှိကောင်းရှိပေလိမ့်မည်။ ထိုသို့ ချိန်းတွေ့ကြရင်း မတော်တဆ မှားယွင်းမှုမျိုး ရှိခဲ့လျှင် လူသိရှင်ကြား လက်မထပ်ရသေးဘဲ မှားယွင်းခဲ့ကြသည် ဖြစ်၍ ရွာနာသည်ဟု သတ်မှတ်ထားကြပါသည်။ သို့ပါသောကြောင့် ထိုမှားယွင်းမှုကို တစ်စုံတစ်ဦး သိရှိခဲ့လေသော် ထိုစုံတွဲအား ကျေးရွာရပ်မိရပ်ဖများရှေ့၌ ခေါ်စေ၍ ဆိုဆုံးမလေသည်။ ထိုနေ့တွင်ပင် တရာဝင်အကြင်လင်မယားအဖြစ် သတ်မှတ်စေပါသည်။ တစ်ချိန်ထဲ တစ်ပြိုင်နက် အကြင်လင်မယား အဖြစ်သို့ ကူးပြောင်းသွားသောထိုစုံတွဲမှာ ထိုရပ်မိရပ်ဖများ ရှေ့မှောက် မိမိ၏ အမှားကို ဝန်ချတောင်းပန်ရလေသည်။
ထို့နောက် အဆောင်အဖြစ် သတ်မှတ်ထားသည့် ကွမ်း၊ဆေး၊အရက်၊ ကြက် စသည်ဖြစ် ကျေးရွာအလျောက် သတ်မှတ်ထားသည့် ကန်တော့ဖွယ်ရာများဖြစ် မြို့စောင့်နတ် ၊ရွာစောင့်နတ်များအား တောင်းပန်ကန်တော့ရလေသည်။ ထိုသို့ လူသိရှင်ကြား ပြုလုပ်ရသည်မှာ ရှက်ဖွယ်ရာ ဖြစ်သောကြောင့် ထိုကဲ့သို့သော ပြစ်မှုမျိုးကို ရှောင်ရှားတတ်ကြလေသည်။
သည်သို့ဆိုလျှင် ယခု မျက်မှောက်ခေတ်တွင်ရော ထိုသို့ စည်းစောင့်ကြသည်လားဟု မေးကောင်းမေးနိုင်ပါသည်။ ပြောင်းလဲလာသော ခေတ်တွင် ထိုအမှုကို မည်မျှထိ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ကြမည်ကို သေချာစွာ မလေ့လာတတ်ပါ။ အမိအဖ၏ စောင့်ရှောက်မှု၊ကျေးရွာ၏ စောင့်ရှောက်မှုနှင့် ကင်းလွတ်နေသော အရပ်ဒေသတွင် ကရင်လုံမပျိုလေးများ မိမိကိုယ်ကိုယ် မိမိမည်မျှထိမ်းသိမ်း၍ မည်မျှ လက်လွတ်စပယ် ပြုမူခဲ့ကြသည်ကို ကာယကံရှင်မှလွဲ၍ မည်သူမှ အသေအချာမသိနိုင်ပါ။ သို့သော် အမိအဖစောင့်ရှောက်မှုအောက် ၊ကျေးရွာ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသော ကရင်အမျိုးသမီးများမှာတော့ ထိုစည်းကမ်းအတိုင်းပင် လိုက်နာကျင့်သုံးကြရပါသည်။
မည်သည့်အသက်အရွယ် အမျိုးသားမဆို ကရင်လုံမပျိုလေးများ၏ ဆံခြည်တစ်မျှင်မျှကိုသော် ထိတွေ့ခွင့်မရှိ။
ဤသည်မှာ ကရင်လူမျိုးတို့၏ လူပျိုလှည့်ခြင်းစည်းကမ်းပင်ဖြစ်လေသည်။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


1 comment:

  1. သူမစွံသေးတော့ လဲ ????? ဘာဘဲဖြစ်ဖြစ် ဗဟုသုတ ယူသွားပါတယ်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်