Followers

Saturday 15 September 2012

ပုဇွန်နှင့်ပဲတောင့်ရှည်ချဉ်စပ်

ဒီနေ့တော့ မြန်မာဟင်းလျာများထဲမှ ပုဇွန်နှင့်ပဲတောင့်ရှည် ချဉ်စပ်လေး ချက်စားကြရအောင်။

ဒီဟင်းလေးချက်ဖို့ ဖြစ်ပေါ်လာသည့် စိတ်ကူးအကြောင်းအရင်းက မလေးရှားသို့ ရောက်နေသော မောင်လေးကဲ့သိုခင်နေသည့် မောင်လေးတစ်ယောက်က
“မမမေရေ ပုဇွန်နှင့်ပဲသီးဟင်းစားချင်တယ်။ ဘယ်လိုချက်ရမှာလဲ မောင်လေးမချက်တတ်ဘူး”
ဟု ဆိုကာ ဖုန်းနှင့် လှမ်းမေးသည်နှင့် ထိုဟင်းလျာလေးချက်ဖို့ကို အကောင်အထည်ဖော်လိုက်ရပါသည်။
တော်သလင်းနေ ပုဇွန်သေ ဆိုသည့်စာဆိုနှင့်အညီ ယခုလရာသီသည် ပုဇွန်အပေါများဆုံးသော လဖြစ်သည်။ ထို့ပြင် ရာသီပေါ်သီးနှံဖြစ်သည့် ပဲတောင့်ရှည်(ခေါ်) ပဲသီးမှာလဲ အလွန်မှ ပေါများလှပါသည်။
မိုးအေးအေး ရာသီတွင် ဆီပြန်ဟင်းများထက် အသီးအရွက်ရောနှော ချဉ်ရည်ဟင်းလျာလေးက ခံတွင်းကိုပိုမြိန်စေပါသည်။
နေ့စဉ်နှင့်အမျှစားသောက်နေကြသည့် မြန်မာဟင်းလျှာများမှာ မြန်မာလူမျိုးတို့အတွက် ကျွမ်းကျင်စွာချက်နိုင်သည့် ဟင်းလျာများဖြစ်ပါသည်။
သို့သော် ထိုမောင်လေးကဲ့သို့ အိမ်မှာနေစဉ်ကာလ အမေ့လက်ရာများကိုသာ ခေါင်းမဖော်တမ်းစားသောက်နေရသူ၊ ယခုလို အိမ်ဝေးရောက်တော့ အမေ့လက်ရာကိုလဲ လွမ်းလာခဲ့၊ ခံတွင်းတွေ့ခဲ့သည့် ဟင်းလေးကိုလဲ ပြန်လည်အမှတ်ရလာ ၊ ကိုယ်တိုင်လဲ မချက်နိုင်သူများအတွက် ရည်ရွယ်၍ မေ ချက်ပေးလိုက်ပါသည်။
ယခုလိုအိမ်ဝေးမောင်လေးအတွက်သာ မဟုတ်ပဲ မိခင်၏လောင်းရိပ်အောက်မှာနေရင်း အမေချက်ကျွေးသမျှကို မြိန်ရည်ယှက်ရည် စားသုံးနေကြသည့် မောင်ငယ်ညီမငယ်များကလည်း မိဘများကို တလှည့်ပြန်လည်ချက်ကျွေးချင်ပါက ချက်တတ်စေရန် စေတနာထား ပြသပေးလိုက်ပါသည်။
ဟင်းချက်ဖို့ ပြင်ဆင်မယ်



ဟင်းမချက်ခင် ပထမဦးဆုံး မေ ကြိုတင်ပြောထားပြစေ။ မေ က အချိုမုန့်ကို လုံးဝ စားသုံးသူ မဟုတ်သော်ကြောင့် မေ့ဟင်းလျာများတွင် အချိုမုန့် မပါဝင်ပါ။ ထို့ကြောင့် စားသုံးသူများ သင့်တင့်မျှတသော် အချိုမုန့်များကို မိမိစိတ်တိုင်းကျ ထည့်ချက်နိုင်ပါသည်။
ဒုတိယအချက်
မေသည် ဆီနှင့် အငန်အရသာကို အတတ်နိုင်ဆုံး ရှောင်ပါသည်။ လျှော့စားပါသည်။ ထို့ကြောင့် မေ့ ဟင်းချက်နည်းတွင် ထိုအရာများ ပါဝင်မှုနှုန်းနည်းခဲ့သော် မိမိစိတ်ကြိုက် သင့်တော်သော အချိုးအစားသုံးနိုင်ပါသည်။
ဆီစား၍ အသားမဖြစ် ၊ဆီကိုရှောင်က သက်ရှည်၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပါဝင်သော ပစ္စည်းများ
၁။ ပဲတောင့်ရှည် (၂)စည်း  (တစ်စည်းလျှင် ဆယ်ချောင်း ခန့်)
၂။ပုဇွန် ၁၀ ကောင်ခန့်
၃။ကြက်သွန်ဖြူနီ
၎။ငရုတ်သီးအစိမ်းမုန့်
၅။ မန်းကျည်းသီး ကွမ်းသီးလုံးခန့်
၆။ ငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း
၇။နံနွင်းမှုန့် အနည်းငယ်
၈။ဆီ စားပွဲတင်ဇွန်း (၂)ဇွန်း



ပြုလုပ်ပုံ အဆင့်ဆင့်
၁။ ပဲတောင့်ရှည်များကို ရေဆေးပြီး လက်နှစ်ဆစ်အရှည်မျှ ဖြတ်ယူပါ။
၂။ပုဇွန်ကို ခေါင်းခွံများနှင့် အညစ်ကြေးများဖယ်ရှားပါ။
၃။ကြက်သွန်ဖြူနီနှင့် ငရုတ်သီးမုန့်များကို ဆုံထဲတွင် ထောင်းပြီးလျှင် ဟင်းချက်ရန် အဆင်သင့်ဖြစ်ပါပြီ။
ငရုတ်ဆုံမရှိသော နိုင်ငံခြားရောက်သူများ ကြက်သွန်ဖြူနီများကို သေးသေးမွမွလေးဖြစ်သည်အထိ ဓားနှင့်စဉ်းပေးရပါမည်။
၎။ မီးဖိုပေါ်တွင် အိုးတင်၍ အိုးပူလာလျှင် ဆီ ထည့်ပါ။ ဆီများကျက်သည်အထိ ပူလာပါက ထောင်းထားသည့် ကြက်သွန်ဖြူနီကို အနံ့များမွှေး၍လာသည်အထိ ကြော်ပါ။


၅။ကြက်သွန်နီများမွှေးပြီး ကျက်လာသောအခါ ပုဇွန်ထည့်ကြော်၊ပုဇွန်များအနီရောင်သန်းလာလျှင် ပဲတောင့်ရှည်များထည့်၍ အနည်းငယ် လှိမ့်ကြော်ပေးပါ။ ချက်ချင်း ရေ(သို့) ငံပြာရည်များ မထည့်စေလို။
၆။ပဲတောင့်ရှည်များနှင့် ပုဇွန်များအားလုံးပူလာပြီး ရနံ့မွှေးလာလျှင် ငံပြာရည်(သို့)ဆားကို ထည့်သွင်းနိုင်ပါပြီ။
ပြီးနောက် ရေဖျော်ထားသော မန်းကျည်းသီး(ရေမများလွန်းပါစေနှင့်)ကို လောင်းထည့်လိုက်ပြီ အိုးကို အဖုံးဖုံးထားလိုက်ပါ။
ဂက်(စ်)မီးဖိုနှင့် ချက်သူများ ဟင်းအိုးဆူလာလျှင် ဟင်းအိုးဆူလာလျှင် မီးလျှော့၍ မီးအရှိန်နည်းနည်းနှင့် ချက်ပါက ဂက်(စ်)လည်း သက်သာပါသည်။ မီးပြင်းပြင်းနှင့် ချက်ရန်မလိုပါ။
ပဲတောင့်ရှည်လေး နူးလာလျှင် စားသုံးရန်အသင့်ဖြစ်ပြီ။


ချဉ်ရည်ဟင်းပူပူလေးနှင့် ထမင်းပူပူလေးနှင့် အိမ်ကိုအလွမ်းဖြေရင်း ခေါင်းမဖော်တမ်းစားသုံးနိုင်ပါပြီရှင်။

 

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်