အွန်လိုင်းဆိုသည့် စာမျက်နှာပေါ်မှာ စာပေတွေ
ချရေးခွင့်မရခင် အချိန်မှာ ကဗျာသမား၊စာသမား၊ ကလောင်တံကိုင်ပြီး
မိမိဝါသနာကို ဖွင့်ချပြဖို့ဆိုတာ လွယ်ကူသည့် အရာ မဟုတ်ခဲ့ပါ။
စာပေရေးသားရာမှာ
ဝါသနာပါလွန်း၍ စာပေတွေကို ကြိုးစားရေးချင်သော်ငြား မီဒီယာမှာ
ပုံနှိပ်ခွင့်မရခဲ့လျှင် မိမိဝါသနာနှင့် ဆန္ဒကို ချိုးနှိမ် မစွန့်ပစ်ချင်ပဲ
စွန့်ပစ်ခဲ့ရသူတွေ အများအပြား။
မီဒီယာလောကကို ဝင်ရောက်ခွင့်ရရန်ဆိုတာလဲ လွယ်ကူလှသည်မှ မဟုတ်ပဲ။
ကိုယ်တိုင်ကလဲ
အရည်းအချင်းရှိ ၊ အဆက်အသွယ်ကလဲကောင်း၊ထုတ်ဝေသူမရှိလျှင် မိမိကိုယ်တိုင်
ထုတ်ဝေနိုင်သည့် ငွေကြေးရှိပါမှ မိမိ၏ဝါသနာ ကလောင်စွမ်းကို အခြားသူများ
ခံစားနိုင်အောင် ချပြနိုင်စွမ်း ရှိခဲ့သည်။
ပုံနှိပ်မီဒီယာပေါ်သို့
ထိုးဖောက်ရန် ခက်ခဲလွန်းသောကြောင့် အမှန်အရည်းအချင်းရှိသော
ဝါသနာရှင်၊စာပေပညာရှင်များစွာ တိမ်မြုပ်ကောင်း တိမ်မြုပ်ခဲ့ရမည်။ အထူးသဖြစ်
စာပေလောက ပုံနှိပ်တိုက်များနှင့် အလှမ်းဝေးသည့် နယ်မြို့နေ ဝါသနာရှင်များ
အလှမ်းမမီသည့်ပန်း အဝေးမှသာ ငမ်းရသကဲ့သို့ စာရေးခြင်းဝါသနာကို
ဘဝဝမ်းစာကြားထဲ နှစ်မြုပ်ပစ်ခဲ့ရသည်ကလည်း အပုံအပင်။
အင်တာနက်ဆိုသည့်
ကမ္ဘာကြီးကို ရွာကြီးအဖြစ် ပူးကပ်နီးစပ်အောင် ဆက်သွယ်စေနိုင်
ပေါင်းကူးတံတားလေးပေါ်လာချိန်မှာ ဝါသနာရှင်အတော်များများဟာ မိမိတို့
ဝါသနာကို ထုတ်သုံးခွင့်ရခဲ့ပြီ။
ဖိုရမ်တွေ၊နိုင်ဆိုဒ်တွေနှင့်အတူ
ကိုယ်ပိုင်ဘလော့လေးတွေ တည်ဆောက်ရင်း မိမိ၏ ဝါသနာ ၊အရည်းအချင်းကို
ချပြခွင့်ရခဲ့ပြီ။ နိုင်ဆိုဒ်တွေမှာ အခြေပြု အုပ်မြစ်ချရင်း မိမိ၏အစွမ်းကို
ဖွင့်ချကာပြတော့ မိမိရင်ထဲက သံစဉ်များကိုလဲ အများမြင်။
အရည်းအချင်းရှိလျှင် ရှိသလို အားပေးထောက်ခံသူတွေ များလာ၍ စာပေလောကတွင်
ခြေလှမ်းချရန် အခွင့်အရေးတွေ ရခဲ့ပြီ။
မြို့ပြ၊ပြည်နယ်
မဆိုထားနှင့် ကမ္ဘာအနှံအပြားရောက် မြန်မာများ မြန်မာစာတတ်လျှင်
မြန်မာစာပေရေးသားနိုင်၍ မြန်မာပြည်သူများ ဖတ်စေနိုင်ခဲ့ပြီ။ ဝါသနာကို
ချပြခွင့်ရခဲ့ပြီ။ မိမိဝါသနာကို မြေမြုပ်သဂြိုလ်ခြင်း ခံစားချက်မှ
ကင်းဝေးစေခဲ့ပြီ။
အရည်းအချင်းရှိ၍
ကြိုးစားသူအတွက် ထို အင်တာနက် စာမျက်နှာပြင်ပေါ်မှတစ်ဆင့်
ပုံနှိပ်မီဒီယာများဆီသို့ ခြေလှမ်းတစ်လှမ်း ရောက်အောင်လှမ်းနိုင်မည်မှာ
ဧကန်မလွဲပါ။
ပုံနှိပ်မီဒီယာနှင့်
အင်တာနက်ဘလော့မီဒီယာများသည် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ
အဖြစ်ရပ်တည်နေပါမည်။ နည်းပညာတိုးတက်လာသည့် မျက်မှောက်ခေတ်တွင်
ပုံနှိပ်မီဒီယာသမားများအတွက် ကိုယ်ပိုင်ဘလော့(သို့) fan page များ
မရှိမဖြစ် လိုအပ်သကဲသို့ စာပေပုံနှိပ်တိုက် ထုတ်ဝေသူများမှာလဲ
အင်တာနက်စာမျက်နှာပြင်ပေါ်မှ လက်သစ်လေးများ၏ စာပေအရေးအသားများကို
လေ့လာနေကြမှာပင်။
ဘလော့များသည်
စာပေဥယျာဉ်ကြီးထဲမှ ပျိုးပင်ပေါက်လေးများကဲ့သို့ အစေ့မှသည် အညှောင့်၊
အညှောင့်မှသည် အပင်ငယ်၊အပင်ငယ်မှသည် ကိုင်းခက်ဝေဖြာသည့် အရိပ်ကြီးမားသည့်
အေးမြခြင်းကို အများပြည်သူထံပေးနိုင်သည့် စာပေသစ်ပင်ကြီး ဖြစ်လာနိုင်ပါသည်။
ပုံနှိပ်မီဒီယာဆိုသည်က စာပေသမားတို့၏ ပန်းတိုင် အရိပ်ကြီးမားသည့်
သစ်ပင်ကြီးဖြစ်နေလျှင် ထိုသစ်ပင်ကောင်းဖြစ်လာနိုင်ရေးအတွက် ဘလောဂါများသည်
ပျိုးပင်ပေါက်များသာတည်း။
ပျိုးပင်တိုင်း
မျိုးမအောင်နိုင်သကဲ့သို့ ဘလော့ဂါတိုင်းလဲ စာပေခရီးဆုံး
မလျှောက်နိုင်ခဲ့ကြပါ။ အချို့ ၊အချို့သာလျှင် စာပေခရီး၏ ပန်းတိုင်သို့
ရောက်ကောင်း ရောက်ခဲ့ပါလိမ့်မည်။ သို့သော် စာပေဝါသနာရှိ၍
ကြိုးစားကြသူတိုင်းအား မေ လေးစားပါသည်။
ဘလော့ဂါ
ဆိုသည်မှာ ဝါသနာ၊ စေတနာ၊အနစ်နာ၊နာသုံးနာခံ၍ မိမိ၏ ကိုယ်ပိုင်အချိန်ကို
အသုံးချ၊ မိမိ၏ ကိုယ်ပိုင်ငွေကို အသုံးချကာ ရင်မှဖြစ်ပေါ်လာသော အနုပညာကို
ကလောင်တံအဖြစ်စွဲကိုင် စာဖတ်သူများအား လမ်းပြခဲ့သည်။
မိမိအသုံးချခဲ့သည့်
အခကြေးငွေကို ပြန်လည်မမျှော်ကိုး။ ဖြူစင်သော စေတနာများနှင့်သာ
မိမိသိထားသမျှ မျှဝေ ခံစားပေးရင်း ပြန်လည်ရရှိလာသည့် ကွန်မန့် တစ်ခုနှင့်
အသက်ရှင်နေခဲ့ကြသည်။
လိုအပ်ချက်များကို
ထောက်ပြဝေဖန်နိုင်သည့် စာမျက်နှာပြင်ပေါ်တွင် ရေးသားခဲ့ရသောကြောင့်
အပြစ်ဆိုစရာ၊ထောက်ပြစရာများနှင့် မလိုအပ်ပဲ ရိုင်းလာသူများ ကြုံလာပါက
လက်တွေ့ခံစားရသည်မှာ ဘလော့ဂါများဖြစ်သည်။ ထိုအတွက်ကြောင့်
သီးခံနိုင်ခြင်းဆိုသည့် စွမ်းရည်တစ်ရပ်ကို ဘလော့ဂါများ၏ ရင်တွင်းမှာ
မွေးမြူထားကြရသည်။
ပုံနှိပ်မီဒီယာများကဲသို့
လေးစာသမှုကို ရရှိကောင်းမှ ရရှိနိုင်မည် ဖြစ်ပေမယ့် ဝါသနာကို အရင်းခံ
စေတနာကို အစပျိုး၊ အနစ်နာကို လမ်းခင်းပြီး လျှောက်နေကြသည့် ဝါသနာတူ ဘလော့ဂါ
မောင်နှစ်မများအားလုံးကို အထူးလေးစားလျှက် ရှိပါကြောင်းကို မေ ရဲဝံ့စွာ
ပြောခဲ့ပြစေ။
တစ်ဆုပ်နိုင်လျှင်
တစ်ဆုပ်စာ၊တစ်ပွေ့နိုင်လျှင် တစ်ပွေ့စာ မိမိသယ်ယူနိုင်သလောက်
အတူသယ်ယူကြရင်း မြန်မာစာနှင့်မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်း ၊ဗဟုသုတတွေ
မျှဝေကြရင်း နောင်နှစ်များစွာတိုင် ရှေ့ဆက်ချီတက်ကြပါစို့။
Blogger day အထိမ်းအမှတ်
စာပေးရေးသားသူများ၊ဖတ်ရှုဝေဖန်သူများအားလုံးကို အစဉ်လေးစားလျှက်
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်