Followers

Tuesday 8 May 2012

 
 ကြမ်းပြင်ပေါ်မှာ အရုပ်ကလေးများနှင့် ကစားနေသော သူ့ အနီး မေမေက လာထိုင်းရင်း
”ကြည့်စမ်း သားလေးက လိမ္မာလိုက်တယ်။ မေမေ့ရဲ့ အချစ်ဆုံးသားလေ။ သားလေးကို မေမေ အရမ်းချစ်တယ်”
ပြောပြောဆိုဆို မေမေက သူ့ကို ဆွဲပွေ့ကာ ရင်ခွင်ထဲသွင်းပြီး ဖက်ထားလိုက်ပြီး သူ့မျက်နှာအနှံ့ လျှောက်ကာနမ်းနေတော့သည်။
သူကလဲ ကလေးအတွေးနှင့်


“မေမေ သားကို ဘာဖြစ်လို့ ချစ်တာလဲ”
“ချစ်စရာကောင်းတဲ့ မေမေ့သားလေးမို့ ချစ်တာပေါ့ သားရယ်”
“မေမေ အကယ်၍ သားဟာ အမွေးစုတ်ဖွားနဲ့ ကြောက်စရာကောင်းတဲ့ အမွေးစုတ်ဖွား မျောက်ဝံကြီးဖြစ်နေမယ်ဆိုရင်ရော ချစ်မှာလား”
“သားရယ် မေမေမွေးလိုက်တဲ့သားလေးက ကြောက်စရာကောင်းတဲ့ အမွေးစုတ်ဖွား မျောက်ဝံကြီး ဖြစ်နေခဲ့ရင် သားရဲ့ ဆံပင်လေးတွေ ရှုပ်ပွ မနေရအောင် မေမေက တယုတယ ဖြီးပေးမယ်။ ပြီးရင် သားကြိုက်တတ်တဲ့ ငှက်ပျောသီးတွေကို အမြဲဝယ်ကျွေးမှာပေါ့”
“ဘာဖြစ်လို့လဲ မေမေ”
“မေမေ မွေးထားတဲ့ သားလေးကို မေမေ အရမ်းချစ်လို့ပေါ့”
“မေမေ သားအနား ဘယ်သူမှ မကပ်ချင်လောက်အောင် အမြဲတမ်း အရမ်းနံစော် ညစ်ပတ်နေတဲ့ သူဖြစ်နေရင်ရော မေမေ ချစ်အုံးမှာလား”
“သားရေ ..သားက ညစ်ပတ်နံဆော်နေတဲ့ ကလေးတစ်ယောက် ဖြစ်နေရင် မေမေက သားကို ရေမိုးချိုးပေးမယ်။ အမွှေးအကြိုင်တွေ လိမ်းကျံပေးမှာပေါ့။ အဲ့ဒီလို လုပ်ပြီးတာတောင် သားလေးကိုယ်နံ့က နံနေတုန်းပဲ ဆိုရင်လဲ မေမေ ဂရုမစိုက်ပါဘူး။ ငါ့သားလေးကို တင်းတင်း ပွေ့ဖက်ပြီး သားလေးနားမှာ တိုးတိုးလေး ကပ်ပြောလိုက်မယ်။ မေမေ့ရဲ့ သားလေးကို အရမ်းချစ်တယ်။ ဘယ်လောက်ပဲ နံစော်နေပါစေ မေ့မေ့သားလေးမို့ မေမေချစ်ပါတယ်”
“ဒါပေမဲ့ မေမေ သားက မိချောင်းကြီး ဖြစ်နေမယ်ဆိုရင်ရော မေမေက ချစ်မှာလား”
“သားလေးက မိချောင်းကြီးဆိုရင်လဲ မေမေ ချစ်မှာပါ သားရယ်။ ငါ့သားလေး မနက်မိုးလင်းသွားတိုက်ဖို့ တံပွတ်တံ အကြီးကြီးကို မေမေဝယ်ပေးမယ်။ ငါ့သားလေး သွားကိုက်တာတို့ ၊လည်ချောင်နာတို့ဖြစ်ရင် ငါ့သားလေး ပါးစပ်ထဲ မေမေ ခေါင်းကြီး တိုးဝင်ပြီး သေချာ ဂရုတစိုက် စစ်ဆေးပေးမယ်။ ဆေးထည့်ပေးမှာပေါ့ သားရယ်”
“မေမေက မိချောင်းကို မကြောက်ဘူးလား”
“မိချောင်းကြီးကိုတော့ ကြောက်တာပေါ့သားရယ်။ ဒါပေမဲ့ အဲ့ဒီမိချောင်းကြီးက မေမေ့ရဲ့သား ဖြစ်နေရင် မေမေ မကြောက်ပါဘူး။ မေမေ့ရဲ့ သားလေးမို့ မိချောင်းကြီးဖြစ်လဲ မေမေ ချစ်တာပဲ သားရယ်”
“မေမေ သားမှာ ကိုယ်လက်အင်္ဂါတွေ မစုံရင်ရော မေမေက ချစ်မှာလား”
ငါ့သားလေးမှာ ကိုယ်လက်အင်္ဂါတွေ မစုံလဲ မေမေ့သားလေးမို့ မေမေ ချစ်ပါတယ်သားရယ်။ ကိုယ်လက်အဂါ င်္ မစုံပေမဲ့ အားငယ်စိတ်တွေ ဝင်မလာပဲ လောကကြီးကို ကြံ့ကြံ့ခံ ရပ်တည်နိုင်အောင် မေမေခွန်အားတွေ ပေးပါ့မယ် သားလေးရယ်”
“မေမေ..သားက အစားပုတ်ပြီး ဝတုတ်ကြီး ဖြစ်နေရင်ရော ချစ်မှာလား”
“သားရေ ..သားက အစားပုတ်ပြီး မလှုပ်နိုင်အောင် ဝနေရင်လဲ မေမေက ချစ်မှာပါပဲ။ မေမေ့ မျက်စေ့ထဲမှာ သားလေးက ဘယ်လိုနေနေ ချစ်စရာကောင်းနေပြီးသားပါ သားရေ”
“မေမေ သားက ဆိုးသွမ်းနေပြီး ဗလအားကိုးနဲ့ လူတွေကို ဒုက္ခပေးတတ်တဲ့ သူ ဖြစ်နေရင်ရော သားလေးကို ချစ်မှာလား”
“သားလေးက  ဆိုးသွမ်းနေပြီး ဗလအားကိုးနဲ့ လူတွေကို ဒုက္ခပေးတတ်တဲ့ သူဆိုရင်လဲ မေမေ က ချစ်နေဆဲပါပဲ သားရယ်။ ဒါပေမဲ့ သားလေးကို လိမ္မာလာအောင် မေမေက သားလေးကို ရိုက်နှက်ဆုံးမသင့်ရင် ရိုက်နှက်ဆုံးမရလိမ့်မယ်။ သားလေးကို မျက်နှာထား မာမာနဲ့ ဆူနေရပေမဲ့ မေမေ့ရင်ထဲ ငိုကြွေးနေလိမ့်မယ်။ သားလေးကို အော်နေ၊ငေါက်နေနိုင်ပေမဲ့  မေမေ့ရင်ထဲမှာ သားလေးကို ချစ်တဲ့ အချစ်က တစ်လက္ခမှ လျှော့မသွားပါဘူး သားရယ်။ မေမေ့သားလေးကို မေမေ ချစ်ပါတယ်။
“ဒါဆို သားက ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး မေမေက ချစ်နေမှာပဲပေါ့”
“သားလေးက မေမေ့မျက်စေ့ထဲမှာ ၊မေမေ့နှလုံးသားထဲမှာ အမြဲတမ်း လှနေပြီးသားပါ သားရယ်”
“ဒါဆို မေမေက သား ဘယ်လိုနေနေ ချစ်မှာပေါ”
“သားက ဘယ်လိုနေနေ မေမေ့ရဲ့သားပါပဲ။ မေမေက မပြောင်းလဲပဲ ချစ်မြဲ ချစ်နေမှာပါ သားရယ်”
“မေမေရဲ့ မေတ္တာကြီးမားလှပါတယ်မေမေ”
“ငါ့သားလဲ အရွယ်နဲ့ မလိုက်အောင် စကားတတ်လွန်းတယ်။ ထက်မြက်လွန်းတယ်။ ဒါကြောင့် မေမေက ပိုချစ်တယ် သားရယ်”
“ကြီးမားလွန်းတဲ့ မေမေ့မေတ္တာကို လေးစားပြီး သားကန်တော့ပါတယ် မေမေ”

“ကလေးသာသာ သားလေး အရွယ်ငယ်ငယ်နဲ့ သိလိုက်ရပြီ။ မိဘမေတ္တာဆိုတာ သားသမီးတွေ ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ ဆက်ချစ်နေမှာပဲ။ ဘယ်လိုပဲ ဆိုးသွမ်းနေပါစေ ချစ်နေမှာပါပဲ။ ဘယ်အရွယ်ပဲ ရှိနေပါစေ မပြောင်းလဲ တတ်တာ မိဘမေတ္တာ”







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်