Followers

Sunday, 4 September 2011

မောင့်ကို ချစ်တယ်



“မောင်..အွန်လိုင်းပေါ်မှာ ဘယ်သူနဲ့  Q နေလဲပြော”

“ဘယ်သူနဲ့ မှ မQ ရပါဘူး မိုးရယ်..မောင် ပို့ စ်အသစ်လေးတင်မလို့  ကွန်နက်ရှင် ကောင်းတဲ့အချိန်ကို စောင့်နေတာပါ...”

“မောင်နော်..အွန်လိုင်းပေါ်တက်ပြီး ဟိုကြူဒီကြူ မိုးမကြိုက်ဘူး....။ ကြူတယ် အသံကြားလို့ ကတော့ မလွယ်ဘူးသာမှတ်”

မောင်က ကိုကြူကြူ မဟုတ်ဘူးဆိုတာ သိပေမဲ့ မိုးရဲ့ စိတ်က မောင့်ကို စိတ်မချပါ..။ မောင်သည် အွန်လိုင်းစာမျက်နှာပေါ်တွင် အတော်အသင့်နာမည်ရ ဘလော့ဂါ တစ်ဦးလဲ ဖြစ်သောကြောင့် မောင့်ကို ခင်မင်သူ ၊ လေးစားသူတွေက အများသား...။လာရောက်မိတ်ဆွေဖွဲလာသူတွေကို ပြေလည်စွာ ပြန်လည်ပြောဆိုပေးခဲ့ပြီး မည်သူကိုမျှ သူငယ်ချင်းအဆင့်ထက်ပိုပြီး မကြူတာ သိပေမဲ့ မိုး က ချစ်ရသူပီပီ ဝန်တိုခြင်းတွေနဲ့  စိတ်မချနိုင်ပါ...။

တစ်ကယ်တော့ မိုးသည် နဂိုက အေးဆေးတဲ့သူပါပဲ..။ပူကလိ ဆူကလိနိုင်သူတော့မဟုတ်ပါ....။ မိုးမှာ မောင်နှင့်မတွေ့ ခင် ချစ်သူတစ်ယောက်ရှိခဲ့ဖူးပေမဲ့ မိုးရဲ့  သဝန်မတိုတတ်မှု ၊ စိတ်မကောက်တတ်မှုတို့ ကြောင့် ထိုချစ်သူဟောင်းဆီမှ

“မင်းငါ့ကို တကယ်မချစ်ပါဘူး... ၊ တကယ်ချစ်ရင် သဝန်တိုရမှာပေါ့..တစ်ခုခုဆို မင်းက ဘာမှ မဖြစ်သလိုပဲ...မင်း တစ်ခါတစ်လေလောက် စိတ်ကောက်ကြည့်ပါလား”


စသည်ဖြစ် တွင်တွင်ပြောခံရလောက်အောင်ကို တစ်ကြိမ်တစ်ခါမှ ထိုချစ်သူကို အခြားသူနှင့် သဝန်မတိုခဲ့ဘူးပါ..။ စိတ်မကောက်ခဲ့ဘူးပါ.......။ ထိုကြောင့်သာပဲ သူ့ အပေါ်နွေးထွေးမယ်ထင်တဲ့ သူတစ်ယောက်နောက် ထိုချစ်သူက ပါသွားပါလေရော...။
မောင့်ရဲ့ အချစ်ကို မိုးယုံကြည်ပါသည်..။ သို့ သော် မောင့်ကို အခြားသူများနှင့် ဝန်တိုချင်သည်...။ တစ်ခါတစ်ရံ မောင် အွန်လိုင်းပေါ်တွင် အချိန်အကြာကြီး သုံးပြီဆိုလျှင် အကြောင်းမရှိအကြောင်းရှာ၍ မိုးစိတ်ကောက်လေ့ရှိသည်...။ အမှန်တကယ် စိတ်ထဲက ကောက်ချင်တာ မဟုတ်ပဲ မောင့်အပေါ်နွဲ့ ဆိုး အနိုင်ယူပြီး မောင်ချော့တာကို ခံယူချင်လို့  ဟန်လုပ်ကောက်ပြတယ်ဆိုတာတော့ မိုးတစ်ယောက်သာသိသည်...။

မိုး မောင့်ကို အရမ်းချစ်သည်.......။ ပါးစပ်က တဖွဖွ ပြောနေတာထက် ဒီရင်ထဲက မောင့်ကိုချစ်တဲ့ အချစ်က ပိုလေးနက်နေကြောင်းကိုတော့ မိုးဘာသာသေချာ သိတာပေါ့.....။ မောင်နဲ့  နီးစပ်ဖို့  ရက်တွေကို လက်ချိုးရေတွက်ရင်း တစ်နေ့  ဆိုတဲ့ လှပတဲ့ နေ့ လေးတစ်နေ့ အတွက် ကြိုတင်စိတ်ကူးယဉ် ရင်ခုန်မိနေတာက အမော...။ 

ရလေ လိုလေ အိုတစ္ဆေ ဆိုတဲ့ အတိုင်းပဲ မောင်က ခွင့်လွတ်ပြီး ချစ်ခဲ့သမျှ မိုးက ကြာလေ ပိုးဆိုးလေ ဖြစ်လာခဲ့ရပါပြီး....။ မိုး ဆိုးနေသမျှကို အလိုလိုက်ပေးမယ်မှန်းသိလို့  မိုးက ပိုးတိုး၍ ဆိုးလေ့ရှိသည်...။

မောင် အွန်လိုင်းသုံးချိန်ဆို မောင့်ပေးထားတဲ့ မောင့်ရဲ့  အကောက်ကိုဖွင့်..pass word ကိုလဲ ယုံကြည်စွာ ပေးထားတာကြောင့် မောင့်အကောက်ကို လှမ်းဖွင့်ပြီး မိုးတစ်ယောက် အလုပ်များနေလေ့ရှိသည်...။ မောင့်အကောက်ထဲ ဘယ်နှစ်ယောက်လောက် ရှိနေလဲ...။ မောင်ဘယ်သူတွေနဲ့  ဘာတွေ ပြောနေလဲ သိချင်စိတ်တွေ တဖွားဖွား ..မလုပ်သင့် မလုပ်အပ်တဲ့ လူ့ ယဉ်ကျေး ကျင့်ဝတ်ကိုတောင် မစောင့်ထိန်းနိုင်..။ မောင့်အကောက်ထဲ ရှိသမျှတွေကို အားလုံးလိုက်စစ်နေလေ့ရှိသည်..။

“မိုးကို ခွင့်လွတ်ပါမောင်..မောင့်ကို ချစ်လွန်းလို့ ပါ...“
ခင်မင်သူတွေ ပေါများလှတဲ့ မောင့်ကို မယုံကြည်ဘူးဆိုတာ မရှိခဲ့ပေမဲ့ ဝန်တိုစိတ်ကိုတော့ တားဆီးမရလို့ ပါ...။


မိုး ဆိုးနေတာတွေက မောင့်ကို ချစ်လွန်းလို့ ပါ...........။
တစ်ခါတစ်ရံ ရူးနှမ်းတဲ့ စိတ်ကူးတွေနဲ့  တစ်နေ့ မောင်များမိုးကို ထားခဲ့ရင်လို့  တွေးမိပြီး အိပ်မက်က အလန့် တကြား နိုးထမိတာလဲ အကြိမ်ကြိမ်...။
မောင်တစ်ယောက် သူ့ ဘလော့ခ် ကိစ္စတွေနဲ့  အလုပ်ရှုပ်ပြီး မိုးကို လှည့်မကြည့်နိုင် အချိန်မပေးနိုင်ဘူးဆိုလျှင် မိုးတစ်ယောက်စိတ်ကောက်လို့ မဆုံးတော့...။
မောင်ပြောလာသမျှကို ဘုကန်လန့် တိုက်ခိုက်ကာပြောရင်း မောင့်ကို အရွဲ့ တိုက် ငြူစူ စိတ်ကောက်ပါလေရော....။

လူချစ်လူခင် ပေါများတဲ့ ဘလောခ်ဂါ တစ်ယောက်ကို ချစ်မိတဲ့အဖြစ်ကလဲ မလွယ်...။ သူရေးတဲ့ ပို့ စ်တွေအားလုံးကို တစ်ခုမကျန်လိုက်ဖတ်...။ သူများတွေလို  ပို့ စ်ကို ဖတ်ရုံနဲ့ မပြီး..ချစ်သူစိတ်ချမ်းသာအောင် ကွန်မန့် လဲ ဝင်ပေးရ...။ ပြီးတော့ သူများတွေ ဘယ်လိုကွန်မန့် ပေးသွားလဲ..။ ကွန်မန့် ထဲမှာ ရန်စတာတွေပါလား...။ ကြူသွားတာတွေပါလား...ဆိုတာတွေ လိုက်စစ်ကြည့်ရတာလဲ အမော....။

မောင်ဝင်ထားတဲ့ Ning ဆိုဒ်တွေ အားလုံးကို လိုက်ဝင်.. မောင့်အိမ်ကို လိုက်စစ်...။ ဘယ်သူတွေက မောင့်ကို ဘာတွေ လာပြောသွားလဲ...မောင်တို့  ဘာတွေ အပြန်မလှန်ပြောကြလဲ သိချင်တဲ့ စိတ်တွေက မရိုးမရွ..။ မဖြစ်ဘူး...။ ဒီတိုင်းနေလို့ ကတော့ မဖြစ်တော့ဘူး..။ မိုး တစ်ခုခုကို သေချာဆုံးဖြတ်မှ ဖြစ်တော့မယ်..။ မိုးရဲ့  စိတ်တွေ ကြာလေ ဝန်တိုချင်းတွေများပြီး လူက ပျက်သုန်းလာနိုင်တယ်..။ အချစ်တစ်ခု ထဲကြောင့်ပါလို့  လက်ညှိုးထိုးလို့ မရ...။ ကိုယ့်ကိုကိုယ် လွန်ကဲမှုတွေ ရှိမလာနိုင်အောင်သာ ကြိုးစားရတော့မည်.........။

“မောင်.......မိုးတို့  အမြန်ဆုံးလက်ထပ်ကြရအောင်”
“တကယ်လားမိုး..မိုး တစ်ကယ်ပြောနေတာလား..”
“ဟုတ်ကဲ့မောင်..... မောင့်အပေါ်မှာ မိုး ဆိုးနေတာတွေ များတယ်နော်...။ မောင် မိုးကို လက်ထပ်ရဲလား”
“ဆိုးပါစေ မိုးရယ်...မိုးဆိုးနေတာတွေက နွဲ့ ဆိုးတွေပါ....။ မောင် အပစ်မယူပါဘူး...။ မိုးက ပင်ကိုယ်ဆိုးတာမှ မဟုတ်တာ....။ မောင့်ကို မိုးစိတ်ချရအောင် မောင်တို့  အမြန်ဆုံးလက်ထက်ကြမယ်နော်.........”

ကြည့်စမ်းး...မောင် မိုးကို လက်ထပ်တော့မယ်တဲ့...။ ကိုယ့်ချစ်တဲ့ သူကို ပိုင်ဆိုင်ချင်တာ ချစ်တဲ့သူနဲ့ အတူနေချင်တာ ချစ်တတ်သူတိုင်းရဲ့  စိတ်ကူးမဟုတ်လား...။ မိုးရဲ့ ဆန္ဒတွေ ပြည့်ဝတော့မယ်.........။

မိုးတို့ ရဲ့  အနာဂတ်အတွက် မိုးကြိုတင်ပြင်ဆင်တော့မယ်........။ သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့  ခွင့်လွတ်နားလည်မှုတွေ မိုးအရင်ဆုံး မွေးမြူလိုက်အုံးမယ်.......။ ဘဝခရီးလမ်းကို အတူတူရင်ဆိုင်ဖို့  မေတ္တာတရားတွေ ဒီထက်ခိုင်မာအောင်လဲ မိုးတည်ဆောက်မယ်မောင်......။ ကြိုတင် ပြင်ဆင်မှုတွေအတွက် မိုးရင်ထဲမှာ ဆန္ဒများစွာ................။

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့  ဖြစ်ချင်တဲ့ ဆန္ဒတွေ များလွန်းလို့ ရင်ထဲက စကားလုံးပေါင်းများစွာ ထွက်ကျမလာနိုင်ခဲ့တော့.............။နောက်ဆုံး အားယူပြီး ပြောဖြစ်ခဲ့တဲ့စကားလုံးကတော့ ကြားရတာ ရိုးနေပေမဲ့ အမြဲတမ်း ဆန်းသစ်နေတဲ့ စကားလုံးလေးးးးးး








♣ ♣ ♣ မိုး မောင့်ကို အရမ်းချစ်တယ် မောင်♣ ♣ ♣







1 comment:

  1. ဒါလေးလည်းကြိုက်တယ်ဗျမေရေ.........ဟီးမေ့ရေးသားချက်တွေက စာမူပေးလို့ရနေပြီးနော်ဗျ..

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်