Followers

Thursday, 23 June 2011

မေ နားမလည်ခဲ့သော ခေါင်းစဉ်တစ်ခု..

မေတို့  ခုနှစ်တန်းနှစ်တုန်းက မြန်မာစာဆရာမက သောကြာနေ့ တိုင်းမှာ စာစီစာကုံးတစ်ပုဒ် အိမ်စာပေးလေ့ရှိတယ်...။ တနလာင်္နေ့ မှာ စာအုပ်တင်ရတယ်..အဲ့ဒီထဲမှာမှ အကောင်းဆုံးရေးနိုင်တဲ့ ပ၊ဒု၊တ  ကို ဆရာမက အတန်းရှေ့ မှာ ခေါ်ပြီး ချီးကျူးလေ့ရှိတယ်..။ ကျန်တဲ့သူတွေလဲ ကြိုးစားချင်စိတ်ရှိအောင်လို့ ပါတဲ့..။

                       တနေ့ တော့ ဆရာမက စာစီစာကုံးရေးဖို့  ခေါင်းစဉ်တစ်ခုပေးလိုက်တဲ့..။ ဆရာမပေးလိုက်တဲ့ ခေါင်းစဉ်လဲ တွေ့ ရော မေ အတော်လေး အကြပ်ရိုက်သွားပါတယ်..။ ဘယ်လို ရေးရမှန်းကို မသိတော့ဘူး..။ ဆရာမ ပေးလိုက်တဲ့ ခေါင်းစဉ်က

“အနာခံမှ အသာစံရ”

မေ့ကို ညံ့တယ်လို့  ပြောချင်လဲ ပြောကြပါ..မေ အဲ့ဒီ အချိန်တုန်းက အဲ့ဒီ ခေါင်းစဉ်၊ အဲ့ဒီ ဆောင်ပုဒ်လေးကို တစ်ခါမှ မကြားခဲ့ဖူးဘူး..။ အဲ့ဒီနေ့ ကမှ ပထမဆုံးအကြိမ်ကြားခဲ့ဖူးတာပါ..။ ကြားတောင်မကြားခဲ့ဖူးဘူးဆိုမှတော့ အဓိပ္ပါယ်နားလည်ဖို့  ဆိုတာ ဝေးရောပေါ့...။ တကယ်ကို နားမလည်ခဲ့ဘူး..အဲ့ဒီတော့ ဘယ်လို ရေးရမှန်းလဲ မသိဘူး..။

                  အိမ်ပြန်ရောက်တော့ မေက ဖေဖေ့ကို ပြန်ပြောတာပေါ့..။ ဆရာမ ပေးလိုက်တဲ့ စာစီစာကုံးကို ဘယ်လို ရေးရမယ်မှန်း မသိတဲ့ အကြောင်း...။မေ တကယ်ကို မသိလို့  အကြပ်ရိုက်နေတာပါပေါ့..။

                      ဖေဖေက မေ့ကို သနားကမားကြည့်နဲ့  ကြည့်ပြီး ဖြစ်ရလေ ငါ့သမီးရယ်တဲ့ ဆိုပြီး ညီးငြူပါလေရော..။အိမ်မှာလဲ ဗိုလ်ကျနေကြ သမီးတစ်ယောက်အနေနဲ့  အနစ်နာခံတယ်ဆိုတဲ့ စကားလုံးက မေ့အတွက် တကယ်ကို အစိမ်းသက်သက်..။ ဖေဖေက ဥပမာ-“ အိမ်မှာ မောင်နှမတွေထဲမှာ ဖေဖေက အကြီးဆုံး.ဒီတော့ ညီတွေ ညီမတွေအတွက် ဖေဖေက အနစ်နာခံခဲ့တယ်လေ”လို့ ပြောတော့ မေက“
အဲ့ဒီအတွက် ဖေဖေက ဘာ အသာရခဲ့လဲ ဖေဖေ..သမီးတော့ ဖေဖေ အသာရတာ တစ်ခါမှ မတွေ့ ဖူး
ပါဘူးဆိုပြီး အတွန့် တက်ကြည့်သေးတာပေါ့..။

“ဖေဖေက ညီငယ် ညီမငယ်တွေကို အမြဲတမ်း အနစ်နာခံခဲ့တဲ့ အတွက် သူတို့ ဆီက လေးစားချစ်ခင်မှုတွေကို ရတယ်လေ..ဒါဟာ အသာပဲပေါ့ သမီးရယ်..အကြီးဆုံးတိုင်းက အငယ်တွေရဲ့  လေးစာမှုကို မရနိုင်ပါဘူး..သူတို့ က တစ်ကိုယ်ကောင်းစိတ်နဲ့  သူတို. အတွက်ကိုပဲ ကြည့်နေမယ်ဆိုရင် တကယ်တမ်းသူတို့  ဘာမှ မရလိုက်ပါဘူး”

ဖေဖေ့စကားကို တွေးတွေးငေးငေးပဲ နားထောင်နေတဲ့ မေ့ကို ဖေဖေက
“ကဲ ဖေဖေ နောက်တစ်ခုထပ်ပြောမယ်..သမီးငယ်ငယ်က သင်လိုက်ရတဲ့ သူ့ အကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတာဟာလဲ ထိုနည်း၎င်းပဲလေ..။သူတပါး အကျိုးကို ကိုယ့်အတွက်မငဲ့ပဲ ထမ်းဆောင်လိုက်ရင်း ကိုယ့်အတွက် တန်ဖိုးရှိတဲ့ အရာလေးတွေ ပိုင်ဆိုင်လာခဲ့တာပေါ့.. အဲ့ဒါလေးတွေကို သမီးရဲ့  စာစီစာကုံးထဲ ထည့်ရေးလို့ ရတယ်လေ..”

“မေဒီထက်လေးလေးနက်နက် သိချင်သေးတယ်ဖေဖေ.. အမှန်အတိုင်းပြောရရင် မေနားမလည်သေးဘူး..”
မေက တစ်ခုခု သိချင်ရင် မေးခွန်းတွေ များတတ်ပြီး နားမလည်မချင်းမေးတတ်တာက မေ့ အကျင့်မို့  ဖေဖေကတော့ ရှည်ရှည်ဝေးဝေး ရှင်းပြရတော့မယ်ဆိုတဲ့ အတွေးနဲ့  စိတ်ညစ်သွားသလားမဆိုနိုင် သက်မကို လေးလေးပင်ပင် ရှိုက်ချလိုက်သံကို မေ ကြားလိုက်သည်..။

                 ဖေဖေက မေ့ပတ်ဝန်းကျင်ရှိ သာဓကများနှင့် တစ်ခုပြီးတစ်ခု ရှင်းပြသော်လဲ မေ စိတ်ကျေနပ်မှုမရခဲ့..။မေ ကျောင်းမှာ ကျောင်ပြန်ဖွင့်လျင် အမှတ်အများဆုံးမရမှာလဲ တွေးပူနေမိသေးသည်..။မေ့ကို ရှင်းပြနေရ၍ မေ့ဖေဖေလဲ အာပေါက်နေပြီး..။

“သမီး ဖေဖေလဲ ပြောနေတာ တစ်ခုပြီးတစ်ခု သမီးမကျေနပ်နိုင်သေးဘူး..။ နောက်တစ်ခု ပြောမယ် .. ဥပမာ ဗိုလ်ချုပ်အောင်ဆန်း သိတယ်မဟုတ်လား ဖေဖေတို့  နိုင်ငံအတွက် သူဟာ ကိုယ်ကျိုးကို မကြည့်ပဲ တိုင်းသူပြည်သားတွေအတွက် အနစ်နာခံသွားတာ..။ ဒါပေမဲ့ သူ အသာမစံသွားခဲ့ရဘူး..။ တိုင်းသူ
ပြည်သားတွေက အသားစံခွင့်ရသွားခဲ့တယ်..။ ဗိုလ်ချုပ် အနစ်နာခံသွားလို့  ဒီနေ့  သမီးတို့  ဖေဖေတို့  လွတ်လပ်ရေးဆိုတဲ့ အရသာကို သိရှိပြီး အေးချမ်းစွာနဲ့   နေနိုင်ခဲ့ရတာ..။ ဒါဟာ ဗိုလ်ချုပ်အပါအဝင် တော်လှန်ရေးသမားတွေရဲ့  ကိုယ်ကျိုးမငဲ့ အနစ်နာခံမှုပေါ့သမီးရယ်...ဒါလဲ သူအနာခံလို ပြည်သူတွေ
အသာစံသွားရတာပဲပေါ့....”

“ဖေဖေ..ဒါဆို ခု လက်ရှိ သမီးတို့  နိုင်ငံတိုင်းသူပြည်သားတွေအတွက် ဘယ်သူ အနစ်နာခံနေသေးလဲ..”
“အယ်..”
ဖေဖေ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ဆွံ့ အ သွားသည်လို့  မေထင်ပါသည်..။
ပြီးမှ ဖေဖေ့လေသံ တိုးတိုးလေးနှင့် “သမီး ခုချိန်မှာ ဒါတွေသိဖို့ ငယ်ပါသေးတယ်..တစ်နေ့  သမီးကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်လာတဲ့ အချိန်ကြရင် နားလည်လာပါလိမ့်မယ်..ခုလောလောဆယ် သမီးရေးရမဲ့ စာစီ
စာကုံးကိုပဲ ကြိုးစားပြီးရေးလိုက်ပါအုံး”

မေတို့  စကားဝိုင်းအဲ့ဒီနေရာမှာပဲ မတင်မကျနဲ့ ပြီးသွားခဲ့ပါတယ်..။မေ စာစီစာကုံးကို ဆက်ရေးပေမဲ့ မေ့အတွေးထဲမှာ တွေးစရာတစ်ခု ကျန်နေခဲ့တာ ယခုချိန်ထိပါပဲ..။ မေ့တို. နိုင်ငံအတွက် ခုချိန်မှာ ဘယ်သူတွေ အနာခံပြီး ဘယ်သူတွေက အသာစံနေရတာလဲပေါ့..။မေ့ဖေဖေကတော့ ၊ မေ ကိုယ်တိုင်
စဉ်းစားဆုံးဖြတ်လာနိုင်တဲ့ တစ်နေ့  နားလည်လာပါလိမ့်မယ်လို့  ပြောခဲ့ပေမဲ့ မေ နားမလည်ခဲ့ပါ..။

               အနာခံမှ အသာစံရ ဆိုတဲ့ ဆောင်ပုဒ်လေးကို လူတိုင်းနားလည်မယ်လို့  မေတော့ မထင်ပါ..။ ကြီးတာ ငယ်တာနှင့် မဆိုင်ပါ..။ ကိုယ့်မှာ စွဲထင်နေတဲ့ အတ္တအတိမ်အနက် နှင့်သာ ဆိုင်မည်ထင်ပါသည်...။
မေ အစကတည်းကနေ နားမလည်ခဲ့တဲ့ ဆောင်ပုဒ်တစ်ခုကို ခုချိန်ထိနားလည်အောင်ကြိုးစားနေမိရင်း.....



******************မေသဇင်**************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်