Followers

Tuesday 31 May 2011

အိမ်ဝေးသူရဲ့  လွမ်းချင်......


မနက်မိုးလင်း စားခဲ့ရတဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ ပေါင်မုန့် နှစ်ချပ်ပေါ် ဆီဦးထောပတ်လူး 

 
ချိစ့်ခဲလေးညှပ်ထားတဲ့  morning breakfast ဆိုတာထက်

ထမင်းကြမ်းခဲကို ငပိရည်ရွှဲရွှဲဆမ်း ပဲပြုတ်တလှည့် အကြော်စုံ တစ်ကိုက် ကိုက်ခဲ့ရတဲ့ 


ဖြစ်သလိုစား မနက်စာလေးကို လွမ်းတယ်.......။

အလွယ်တကူ ဖြေရှင်းလိုက်ရတဲ့ sandwich ဆိုတဲ့ အသားညှပ်ပေါင်မုန့် ထက် 


ချည်ပေါင်ဟင်းရည်ပူပူ သခွားသီးအေးအေးလေးနဲ့  လွေးခဲ့ရတဲ့ ထမင်းတစ်နပ်ကို 

တမ်းတနေမိတယ်....။

Romantic ဆန်တဲ့ ဆီမီးခွက် မိန်မိန်အောက်က ဝိုင်ချိုတစ်ခွက်နဲ့ အသားကင်တဖဲ့အာလူး


တဝက်နဲ့ ဟန်ဆောင် dinner ဆိုတာထက် မီးမရှိတဲ့ညမှာ ဖယောင်းတိုင်လေးထွန်းညှိ 

စားပွဲဝိုင်းပေါ်က ဟင်းတစ်ခွက်ကို သူ့ ထက်ငါ အလုအယှက် ပန်ကန်ထဲပြေးထည့် မျက်စောင်း

ချီ မာန်ဖီ အပြိုင်စားနေရတဲ့ မိသားစု ထမင်းဝိုင်းလေးက ဘယ်မှာလဲ...။

တကိုယ်တည်း ညတွေထဲကလရောင်မမြင်ရတဲ့ မိုးထိမြင့်တိုက်ခန်းရဲ့  စပရိန်မွေ့ ယာပေါ်မှာ 


ငါတွေးနေတဲ့ အတွေးက ကျိုးတိုးကျဲတဲ နံရံကြားက ဖောက်ထွင်းမြင်ရတဲ့ ကြယ်ရောင်စုံ တွေကို 

ကြည့်ပြီး သင်းဖြူဖျာကြမ်းခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ အတုံးအရုံးလှဲအိပ်ပြီး မောင်နှမတွေချင်း 

စကားခိုးပြောခဲ့တဲ့ အဖြစ်လေးတဲ့....။

မွှေးရနံ့ တွေစုံအောင် ဓာတုပစ္စည်းတွေနဲ့  လွှမ်းမိုးနေတဲ့ air-con ခန်းထက် ငါအခုလိုချင်တာက 


ဖုန်နံ့ တွေသင်းနေတဲ့ လေနုကြမ်းပေါ်မှာ အပူကို မခံနိုင်လို့  ကိုယ့်အားကိုယ်ကိုး ယပ်တောင် 

တဖျပ်ဖျပ် ခပ်ပြီးအပူဒဏ်ကို သက်သာစေတဲ့ အချိန်တွေပါတဲ့.....။

သာယာငြိမ့်ညောင်းတဲ့ တေးဂီတ အောက်ကတိတ်ဆိတ်မှုတွေ လွမ်းမိုးတဲ့ Lipton tea 


ဆိုတာထက် ဗာဒံပင်အောက်က ခုံပုလေးမှာ ကျစိမ့်တစ်ခွက် မရေတွက်နိုင်တဲ့ 

ရေနွေးကြမ်းအိုးတွေနဲ့ အပင်ပေါ်က ငှက်တွေနဲ.အပြိုင် လေသေနပ်နဲ့  စစ်တိုက်နေတဲ့ 

လေစစ်ကြောင်းကြီးနဲ့  စကားစစ်ပွဲလေးပါ...။

ကျန်းမာရေးအတွက် လှုပ်၇ှားရတဲ့ စက်ကရိယာမျိုးစုံတွေကြားမှာ ကိုယ့်အသက်ရှုသံကို 


ကိုယ်ပြန်နားထောင်နေရတဲ့ Gymes ဆိုတာထက် လရောင်အောက်မှာညံဆူနေတဲ့ 

စိန်ပြေးတမ်းနဲ့  ထုတ်ဆီးထိုးတမ်းကိုသာ ပိုမက်မောတယ်...။

လူရယ်လို့  ဖြစ်လာတဲ့ ခဏမှာ ရတာမလို လိုတာမရနဲ့  တိုးတက်နေတဲ့ ရုပ်ဝတ္တုတွေကြား 


ဘဝကို ပုံအပ် အမှီလိုက်ကြရင်း ငါတို့  စစ်မှန်တဲ့ နွေးထွေးမှုတွေ ပျော်ရွှင်မှုတွေကို 

ဆုံးရှုံးခဲ့ကြရတယ်...။

ဒါပေမဲ့လဲ ရပ်တန့် လို့ မရတဲ့ ခေတ်ရေစီးကြောင်းကြီးထဲမှာ နာကျင်မှု တစ်ချို့ ကို 


မြေမြုပ်င်္သဂြိုဟ် လွမ်းဆွေးမှု တစ်ချို့ ကို ဥပေက္ခာပြု အလဲလဲ အကွဲကွဲ ပြိုလဲခဲ့တဲ့ 

မုန်တိုင်းထန်တွေကြား ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ဖျားနာမှုအောက်မှာ နလန်ထလူနာ 

တစ်ယောက်လိုပဲ ရုန်းကန်နေရအုံးမှာပဲ...။

တခါတလေတော့လဲ အတုအယောင် ဓာတ်စာတွေကို အဟာရလုပ် မှီဝဲစားသုံးပြီး 


စိတ်ဓာတ်ခန္ဒာတွေကို အားဖြည့်နေရတယ်လေ......။

သြော်..........ဒါဟာ ငါတို့ ဘဝနောင်ရေး.............။

တစ်ဘဝတာ အဆင်ပြေဖို့  ခဏတာ ဒုက္ခတွေအစားထိုး လွမ်းဆွေးမှုတွေ မေ့ပျောက်ပြီး 


ဆက်ရုန်းကန်လိုက်ကြစမ်း......။ငါတို့ ရဲ့  ဘဝပေးတွေက ဒီလိုပဲ လာကြတာကိုး.....။ 

သန်းခေါင်ဆိုတာကိုရောက်နေမှတော့ အမှောင်ဆိုတာကိုလဲ ကြောက်နေစရာ 

မလိုတော့ပါဘူး........။

ဒီတော့ ဒီအမှောင်တွေအောက်မှာ လွမ်းချင်းဆိုတာကိုလဲ မဆိုကြေးလေ....။ 


ကြေကွဲ နာကျင်မှုဆိုတာလဲ ရင်မှာ သိမ်းမထားကြေးနော်.....။


ရှေ့ လျှောက်မဲ့ မနက်ဖြန်တွေ လှပဖို့  ခုညကိုတော့ အထီးကျန်မှုတွေနဲ့  


ခက်ခဲစွာလျှောက်လိုက်အုံးစို့ .....။


******** မေဇင် ********

1 comment:

  1. ကျန်းမာရေးအတွက် လှုပ်၇ှားရတဲ့ စက်ကရိယာမျိုးစုံတွေကြားမှာ ကိုယ့်အသက်ရှုသံကို

    ကိုယ်ပြန်နားထောင်နေရတဲ့ Gymes ဆိုတာထက် လရောင်အောက်မှာညံဆူနေတဲ့

    စိန်ပြေးတမ်းနဲ့  ထုတ်ဆီးထိုးတမ်းကိုသာ ပိုမက်မောတယ်...။


    ကျွန်တော်ကယောင်္ကျားလေးဖြစ်ပေမယ့်ပထမနှစ်တက်တဲ့အချိန်ထိကို
    ထုတ်ဆီးတိုး ကစားဖူးတယ်..တစ်ချိန်ချိန်ကိုပြန်သတိရသွားစေပါတယ်။


    မနက်မိုးလင်း စားခဲ့ရတဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ ပေါင်မုန့် နှစ်ချပ်ပေါ် ဆီဦးထောပတ်လူး

    ချိစ့်ခဲလေးညှပ်ထားတဲ့ morning breakfast ဆိုတာထက်

    ထမင်းကြမ်းခဲကို ငပိရည်ရွှဲရွှဲဆမ်း ပဲပြုတ်တလှည့် အကြော်စုံ တစ်ကိုက် ကိုက်ခဲ့ရတဲ့

    ဖြစ်သလိုစား မနက်စာလေးကို လွမ်းတယ်.......။

    (အရာအားလုံးထက်အမေလုပ်ပေးတဲ့မနက်စာခပ်နွမ်းနွမ်းလေးကိုပိုသတိရတယ်..:(( )

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်