Followers

Tuesday 31 May 2011

မျက်မမြင်ဘောလုံးအသင်းကို ၂-၀ နဲ့  ရှုံးသွားခဲ့တဲ့ အသင်း...


တစ်ခါတစ်လေတော့လဲ ငယ်ဘဝဆိုတဲ့ အတိတ်ကို သတိရပြီး ပြန်လည်တူးဖော်နေချင်မိတယ်..။ ငယ်စဉ်
အရွယ်က ဖြတ်လတ် တက်ကြွခဲ့တာတွေက အခုတော့ အတိတ်ပန်းချီကားတစ်ချပ်လိုပဲ မှုန်ဝါးဝါး...။ အဲ့ဒီလို ပြန်လည်တူးဖော်မိရင်း ငယ်ငယ်က ကျောင်းလက်ရွေးစင် အသင်းမှာ လက်ရွေးစင်ဘောလုံး ကစားသမား
တစ်ဦးဖြစ်ခဲ့တဲ့ မေ့ရဲ့  ပုံရိပ်လေးကို ပြန်လည်မြင်ယောင်ရင်း အမှတ်ရစရာ ပွဲစဉ်တွေထဲက ပွဲစဉ်တစ်ခုကို ပြန်လည် မျှဝေ ပေးလိုက်တာပါ..။

မေ တို့ မြို့ လေးကို ရန်ကုန်ခဝဲခြံ နှစ်ခြင်းမျက်မမြင်ကျောင်းအတွက် ရံပုံငွေလာရှာတဲ့ အချိန်လေး..။
မျက်မမြင်ဒုက္ခိတတွေက တကယ့်ကို အားကြိုးမာန်တက်ရှင့်..။ ညပိုင်းမှာ သီဆိုဖျော်ဖြေပြီး နေ့ ခင်း
ပိုင်းမှာတော့ ကျောင်းကဘောလုံးအသင်းတွေနဲ့  ရန်ပုံငွေ ဘောလုံးကန်ဖို့  တောင်းဆိုတယ်..။ တနည်းအားဖြစ်တော့ စိန်ခေါ်တာပေါ့နော်..။အဲ့ဒီတော့ ဆရာကြီးကလဲ သဘောတူပြီး လိုက်လျောပေးခဲ့တယ်..။

ပြိုင်ပွဲမစခင်မှာတော့ အားလုံးက တက်ကြွစွာနဲ့ ပေါ့...။ တဖက်အသင်းက ဒုက္ခိတ ဖြစ်နေတော့ ညာတာဖို့  အတွက်ကိုတော့ အားလုံးရဲ့  စိတ်ထဲမှာ ရှိပြီးသား...။ အတတ်နိုင်ဆုံး လျော့ပေါ့ ကစားကြမယ်လို့  အချင်းချင်းတီးတိုးပြောဆိုထားကြတာပေါ့..။ သူတို့ တွေနဲ့  ကစားရမှာတောင် ရင်ထဲမှ မချိကြဘူး..။ ကိုယ်ကစားရမဲ့သူက သာမန်သူမှ မဟုတ်တာပဲကိုး...။

ဒီလိုနဲ့  ပြိုင်ပွဲစဖို့  အချိန်ရောက်လာပါပြီး..။ ပြိုင်ပွဲစစချင်းမှာပဲ ထူးခြားတာ တစ်ခုတွေ့ လိုက်တာက ဒိုင်လူကြီးပါ..။ပုံမှန်ပွဲစဉ်တွေလို ဒိုင်လူကြီးက ကွင်းလယ်ဒိုင်နဲ့  စည်းကြပ်ဒိုင် (၂) ယောက်ထဲ မဟုတ်ပါဘူး..။နောက်ထပ် နှစ်ဦး ပိုလာပါတယ်..။ ဂိုးဒိုင်ပါ..။ဟုတ်ကဲ့ရှင့်....ဂိုးတိုင် မဟုတ်ပါဘူး.။

ဂိုးဒိုင်ပါ......။ဂိုးးဒိုင်ကို စောင့်ကြပ်ဖို့  ဂိုးဒိုင်လူကြီးပါ...ဒါဟာ ဂိုးဖမ်းသမားလဲ မဟုတ်ပါဘူး...။ ဂိုးဖမ်းတာကိုတော့ အသင်းထဲက လူတွေပဲ ဖမ်းရပါတယ်..။ ဒီဂိုးဒိုင်လူကြီးရဲ့  တာဝန်က ဘောလုံး
ကန်တဲ့သူတွေက မျက်မမြင်ဖြစ်တဲ့ အတွက် ဘောလုံးဂိုးဒိုင်နားရောက်လာခဲ့ရင် ဒီနားမှာ ဂိုးဒိုင်ရှိတဲ့ကြောင်း အသံပေးမဲ့ ဂိုးဒိုင်လူကြီးပါ..။ ဒီလိုဆိုတော့ အားလုံးပေါင်း ဒိုင်က ၅ ယောက်ပေါ့..။

ပြိုင်ပွဲ စတင်ဖို့  ကွင်းထဲဝင်ရပြီးဆိုတာနှင့် မေတို့  တစ်သင်းလုံး မထင်မှတ်ထားတာနှင့် ပထမဆုံးကြုံရပါပြီး..။ အဲ့ဒါကတော့ ကွင်းထဲ ဝင်ကစားမဲ့ သူတွေ အားလုံးရဲ့  မျက်လုံးတွေကို အဝတ်နဲ့  အစည်းခံလိုက်ရတာပါပဲ..။ သွားပြီး....လောကကြီး တစ်ခုလုံးမှောင်အတိ...။ မျက်မမြင်နဲ့  ကန်မှာမို့  တဖက်အသင်းက မျက်လုံးမြင်နေရင် မတရားဘူးတဲ့လေ..။ဒီအစီအစဉ်ကို အစက ကြိုမပြောထားဘူး..။ ကွင်းထဲရောက်မှ ခံလိုက်ရတာ..။ခုမှ ညီမျှတယ်..အားလုံးဘာမှ မမြင်ရတော့ဘူး..။ ဒိုင်လူကြီးက လွဲရင်ပေါ့..။ ပြိုင်ပွဲ စည်းမျဉ်းကလဲ တစ်ခုထပ်တိုးလာတယ်...။ပွဲမပြီးခင် စည်းထားတဲ့ အဝတ်ဆွဲဖြုတ်လျှင် အဝါကဒ်တစ်ကဒ်....။

စတာနဲ့  ပြိုင်ပွဲက ဗြုတ်စ ဗျင်းတောင်း ဖြစ်ပြီးပေါ့...။ကွင်းလယ်မှာ နေရာယူတာက အစ လွဲပြီး...။ဘာကိုမှ မမြင်ရတော့ကိုယ်ဘယ်နေရာနေလို့ နေရမှန်းကို မသိဘူး..။ပြိုင်ပွဲမစခင် အချိန်ထိတော့ သက်ဆိုင်ရာ အသင်းက ကြီးကြပ်သူတွေ ဝင်ကူညီခွင့်ပေးထားပါတယ်..။ ပြီးတော့ ကန်ရတဲ့ ဘောလုံးက ပုံမှန် ဘောလုံး
တွေလို မဟုတ်ဘူး..။လေဖိအား အရွယ်အစားတွေ တူညီပေမဲ့ ဘောလုံးထဲမှာ ချူလေး ထည့်သွင်းထားပါ
တယ်..။ ဒါမှ ဘောလုံးရှိတဲ့ အရပ်မှာ အသံကြားမှာလေ...။ ကွင်းထဲမှာလဲ တစ်ချို့ သူတွေကို ဝင်ခွင့်
ပေးထားပြီး ကွင်းပတ်ပတ်လည်မှာ ရှိစေပါတယ်..။ ဒါဟာ စည်းရဲ့  အပြင်ဆိုတာ သိစေဖို့  အသံပေးဖို့ ပါ...။

ပွဲကတော့ စပါပြီး......။ စ ကန်ထဲကနေ အလဲလဲ အကွဲကွဲ...ကိုယ်နားကပ်လာတဲ့ သူက ဘယ်သူမှန်းတောင် သေချာမသိဘူး..။ တဖက်အသင်းကမှ လေ့ကျင့်ထားသေးတယ်...။ကိုယ်မှာတော့ ဘာဆိုဘာမှ မသိဘူး..။
ကန်ချင်သလိုကန်ပေါ့...။ကိုယ့်ဂိုးတိုင်ဘက်ကိုလဲ ပြန်ကန်လိုကန်...။အပြင်က လူတွေက အော်ပြီးသတိပေး ။
အရေးထဲ စည်းပြင်ကို ရောက်ချင်သလိုရောက်...။အဲ့ဒီအခါမျိုးဆိုလျှင်တော့ အပြင်က လူတွေက အော်ပြီး
ပြောပေမဲ့ ကိုယ်ပြန်လှည့်တဲ့ မြှားဦးကလဲ လွဲလျှက်ပါပဲ...။အရမ်းကြီး အခြေအနေဆိုးနေရင်တော့အပြင်က လူတွေက ကိုယ့်ခန္ဓာကြီးကို ကိုင်လှည့်ပြီး ”သွား... ဒီအတိုင်းတည့်တည့်သွား” ဆိုပြီး လမ်းညွှန်ပေးလိုက်မှ ကိုယ်က အဲ့ဒီအတိုင်းပြန်သွား..မမြင်မစမ်း စမ်းတဝါးဝါးနဲ့ ပေါ့...။ လက်ကလေးနှစ်ဘက်ကိုတောင် ရှေ့
ထုတ်ပြီး စမ်းကြည့်လိုက်သေးတယ်..။တစ်ခါတစ်လေ ဘောလုံးက ဘယ်နေရာရောက်မှန်းကို မသိ
တော့ဘူး...။


အပြင်ကလူတွေကလဲ တဝါးဝါးနဲ့  ပွဲကျနေတာ ဘောလုံးပွဲ လာကြည့်နေတာနဲ့ ကို မတူတော့ဘူး..။ မျောက်ပွဲများလာကြည့်နေကြသလားလို့ ..။ ဘောလုံးပွဲ ပရိတ်သတ်တွေနဲ့ တူတဲ့ ငြင်းခုံမှုတွေ မတွေ့ ရပဲ ဘောလုံးတကွင်းလုံး ကွဲထွက်တော့မတတ် ရယ်သံတွေ ဖုံးလွမ်းလို့ နေပါတော့သည်...။


ဂိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


ရုတ်တရက် ကြားလိုက်ရတဲ့ အသံ..။ ဘယ်သူဂိုးလို့  ဂိုးသွားမှန်း ရုတ်တရက် မသိလိုက်တော့ ရင်က ဆတ်ခနဲ့ တောင် ခုန်သွားတယ်...။ ဒါပေမဲ့  ကိုယ်ကစားနေတာက ရှေ့တန်း..။ ကိုယ့်ဘက်အခြမ်းက မဂိုးတာ သေချာမှတော့ တဖက်သူ ဆိုတာခဏအတွင်းမှာပဲ သေချာသွားပြီးပေါ့...။ စိတ်ဓာတ်တော့ မကျပါဘူး...။ ပျော်တောင်ပျော်သေးတယ်...။ တကယ်ပြောတာနော်...။


ဒီလိုနဲ့  အလဲလဲ အကွဲကွဲ ကစားလာရင်း ပထမပိုင်း မပြီးဆုံးသေးခင်မှပဲ တစ်ဖက်အသင်းမှ နောက်ထပ် တစ်ဂိုးသွင်းတာ ခံလိုက်ရပါတယ်..။ ပထမပိုင်းဂိုး ၂-၀ နဲ့ ပြီးဆုံးသွားတော့ နားချိန်မှာ မေတို့ ခေါင်းချင်းရိုက် တိုင်ပင်ကြပြီးပေါ့..။ ရှေ့မှာ ၄၅ မိနစ်တောင် ကစားလာပြီးပြီးဆိုတော့ ဘယ်လို ကစားရမလဲ သိလာပြီးလေ။


ကိုယ်လူအချင်းချင်း အသံပေးကြမယ်ပေါ့..ဘယ်သူက ဘယ်မှာရှိလဲ သေချာမှ ဘောလုံးကို ဘယ်လိုပေးရမလဲ သိမှာလေ..။ သေချာညှိနှိုင်းတိုင်ပင်ပြီး ဒုတိယ ပိုင်းကို ပြန်ဆက်ကစားကြတာပေါ့..။ နည်းနည်းလဲ အထာကျလာတော့ ပါးနပ်လာပြီးလေ....။ ဒုတိယပိုင်း ၄၅ မိနစ်မှာတော့ ကိုယ်အသင်းက ဂိုးမရဘူးဆိုပေမဲ့ နောက်ထပ်လဲ မပေးရတော့အထိ အခြေအနေ တိုးတက်စွာ ကစားနိုင်ခဲ့ပါတယ်.....။


ပွဲစဉ်အပြီးမှာတော့ မေ တို့ အသင်း ၂-၀ နဲ့ ရှုံးခဲ့ပါတယ်..။ကစားခဲ့တဲ့ ပွဲတွေ ထဲမှာတော့ အသင်းသားအားလုံး အသန့်ရှင်းဆုံး ကစားခဲ့တဲ့ ပွဲပါပဲ..ကိုယ်ကစားခဲ့တဲ့ ကိုယ်ရဲ့ ပြိုင်ဘက်က ဒုက္ခိတ ဖြစ်နေတာက တစ်ကြောင်း၊ ကိုယ်ကိုတိုင် မမြင်ရတဲ့ အတွက် ကိုယ့်နားရောက်သူဟာ ဘယ်သူဘယ်ဝါ
မှန်းလဲ မသိတာကြောင့် ဘယ်သူ့ ဘယ်သူမှ ဘောလုံးပညာလေး ညှပ်ပြီး တံတောင်ဆစ်နဲ့  တွတ်တာ ၊
ခွာနဲ့  ခိုးကြိတ်လိုက်တာ ၊ နင်းချလိုက်တာ ၊ စလိုက်ပြစ်ချတာ မျိုးတွေ မလုပ်ပဲ လှလှပပ သန့် သန့် 
ရှင်းရှင်းပဲ ကစားနိုင်ခဲ့ပါတယ်..။


ခဏတာ ကစားခဲ့တဲ့ မျက်မမြင်ဘဝမှာ သူတို့ ဘဝကိုလဲ ပိုပြီးစာနာနိုင်ခဲ့ပါတယ်..။ သူတို့ ရဲ့  ကြိုးစား
အားထုတ်မှု ၊ ဇွဲမာန်တွေက အံ့မခန်းပါပဲ..။ဘဝကို အရှုံးမပေးပဲ ကိုယ်ပိုင်ဆိုင်တဲ့ ဘဝလေးကို အကောင်း
ဆုံးဖြစ်အောင်ကြိုးစားကြတဲ့ သူတို့ ဘဝလေးကို ဒီကစားပွဲအပြီးမှာ မေ အတော်လေး အတုယူမိခဲ့ပါတယ်..။
လူဆိုတာ ဘယ်လို အခြေအနေ ဘယ်လို အချိန်အခါမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ကြဖို့ ပါပဲ...။ သူတပါးလုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာထက် ငါ စွမ်းဆောင်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးနဲ့  အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတဲ့ လေးစားစရာ သူတွေဖြစ်ဖို့  သူတို့ က အသိဥာဏ်
ပေးသွားတာပါ..။

ဒီက သူငယ်ချင်းတွေကိုလဲ ကိုယ်ရနေတဲ့ ဘဝလေးမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့  မေ ဆန္ဒပြုခဲ့ပါတယ်...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘောလုံးဝါသနာရှင်များ နောက်တစ်ပတ်မှာ မေ့ရဲ့  ကညာပျိုနဲ့  ဇရာအို ပွဲစဉ်လေးကို အားပေးကြပါအုံးလို့  မေတ္တာရပ်ခံပါတယ်ရှင်..။

************************မေသဇင်********************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်