Followers

Monday 16 September 2013

ထိုင်းအုန်းနို့စိမ်းဟင်း (ကဲခရိုဝမ်ကိုင်)

ဒီနေ့တော့ ထိုင်းရိုးရာဟင်းတစ်မယ်ဖြစ်တဲ့ ကဲခရိုဝမ်ကိုင် (ခေါ်) အုန်းနို့စိမ်းဟင်း Thai Green curry ကို ချက်မယ်လို့ စိတ်ကူးမိပါတယ်။


မေနဲ့ အတူတူ ချက်ကြရအောင်နော်။ အသားဟင်းဆိုပေမဲ့ သတ်သတ်လွတ်စားသူများအတွက် အသားမပါ အသီးအရွက်များသီသန့်လဲ ချက်ပြုတ်နိုင်ပါတယ်ရှင်။
အုန်းနို့နှင့် ချက်ထားသည့် ဟင်းလျာဆိုပြီး အုန်းနို့ကြောက်သူ သွေးတိုးသမားများလဲ လက်ရှောင်စရာမလိုသည့် ဟင်းလျာပါ။ ဘာကြောင့်လဲလို့ မေးရင် ထိုင်းမိရိုးဖလာအုန်းနို့ဟင်းလျာများမှာ တက်စာများကို ချေဖျက်စေရန် ရှောက်ဘီလူးရွက်(ခေါ်) ရှောက်နူရွက်ကို ပါဝင်ထည့်သွင်းထားပါတယ်။ ထိုရှောက်နူရွက်မှာ အုန်းနို့တက်စာများကို ချေဖျက်နိုင်သည့် အစွမ်းရှိသောကြောင့် အုန်းနို့စာများစားပြီးတိုင်း ရှောက်နူရွက်အနည်းငယ်ကို စားပေးယုံဖြစ် အုန်းနို့ကြောင့် ဖြစ်သောရောဂါဝေဒနာကို ပျောက်ကင်းစေပါသည်။

ထိုဟင်းလျာတွင် အသီးအရွက်များကို မိမိစိတ်ကြိုက်ထည့်သွင်းချက်ပြုတ်နိုင်ပါသည်၊ (ရွှေဖယုံသီး၊ ရုံးပတီသီး၊ပဲတောင့်ရှည်) စသည်ဖြစ် မိမိနှစ်သက်ရာကို ထည့်၍ချက်နိုင်ပါသည်။  ပုံမှန်အားဖြစ် မေကတော့ ခရမ်းသီးနှင့် မုန်လာဥနီကိုသာ အသုံးပြုပါသည်။

ထိုင်းအုန်းနို့စိမ်းဟင်းချက်ရန် ပါဝင်သည့် ပစ္စည်းများ


၁။ ကြက်သား (၃၀) သားခန့်
ကြက်သားကို မိမိစိတ်ကြိုက်အရွယ်အစား တုံထားနိုင်ပါသည်။ ယနေ့တော့ မေက ကြက်သားရင်အုပ်သားတွေကြီး အသုံးပြုထားပြီး ခပ်ပါးပါးအရွယ်အစားဖြစ်သာ လှီးထားပါသည်။

၂။ ခရမ်းသီး (၂၀) သားခန့်

၃။  မုန်လာဥနီ (၃) လုံးခန့် အလုံးသေးပါက ပို၍ ထည့်နိုင်ပါသည်။

၎။ ငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း

၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း

၆။ နံနံပင် လက်တစ်ဆုပ်စာခန့်

၇။ ထိုင်းပင်စိမ်း လက်တစ်ဆုပ်စာခန့်

၈။ ငရုတ်သီးစိမ်း အနည်းငယ်

၉။ အုန်းနို့ (၄၀၀) ဂရမ်

အုန်းသီးကို လတ်လတ်ဆတ်ဆတ် ခြစ်ကာအရည်ညစ်ယူက ရသာမှာပို၍ ချိုမြိန်ပါသည်။ အုန်းသီး (၂) လုံးခန့်

၁၀။ ကဲခရိုဝမ် အနှစ် စားပွဲတင်ဇွန်း (၃) ဇွန်းခန့်
စီတီးမတ်ကဲ့သို့သော စူပါမားကက်များတွင်ဝယ်ယူနိုင်ပါသည်။ ကဲခရိုဝမ်ကိုင် အနှစ်ကို အဆင့်သင့် မရနိုင်ပါက မိမိကိုယ်တိုင် ပြုလုပ်နိုင်ပါသည်။ မိမိကိုယ်တိုင် ကဲခရိုဝမ်ကိုင်အနှစ် လတ်လတ်ဆတ်ဆတ်ပြုလုပ်ရန်.......

၁။ ငရုတ်သီးအစိမ်းတောင့်ကို မိမိစိတ်ကြိုက်အစပ်အနေအထား ထည့်ဝင်နိုင်ပါသည်
ကြက်သွန်နီ (၂) ဥ
ကြက်သွန်ဖြူ (၃) မွှာခန့်
စပါးလင်အနုသား (၂) ချောင်းစာခန့်
ပဒဲဂေါ (လက်တစ်ဆစ်ခန့်)
မျှင်ငါးပိ ကော်ဖီဇွန်း (၁) ဇွန်းစာ
ရှောက်နူရွက် (၃) ရွက်ခန့်
တို့ကို ညက်နေအောင် ထောင်းပေးပါက ကဲခါကိုင်းအနှစ်ကို ရရှိပါပြီရှင်။

ပြင်ဆင်သင့်တာ ပြင်ဆင်ပြီးရင် တူတူချက်ကြမယ်နော်။

၁။ ပထမဦးဆုံ အနှစ်ကို ဆီသတ်ပါမယ်။ အုန်းနို့နှင့် ချက်မည်ဖြစ်သောကြောင့် ဆီများများထည့်ရန်မလိုပေ။ အုန်းနို့များမှ ဆီထွက်ပါမည်။ လတ်လတ်ဆတ်ဆတ် အရည်ညစ်ယူသော အုန်းနို့ဖြစ်ပါက ဟင်းချက်ရန် ဆီသုံးစရာမလိုပေ။ အုန်းနို့၏ ပထမ ဦးရည်ကို သီးသန့် ဖယ်ထား၍ ထိုဦးရည်ထဲတွင် ထောင်းထားသော ဟင်းနှစ်များထည့်၍ မီးအေးအေး(မီးအနည်းငယ်နှင့်သာ) ဖြည်းဖြည်းခြင်း ကြော်ရပါသည်။ အနှစ်မှ ကောင်းစွာ မွေးရနံ့ရလာလျှင် ရှောက်နူရွက်ကို ထည့်၍ ကြော်လိုက်ပါ။

၂။ ထို့နောက် ငံပြာရည်ကို ထည့်ကြော်။ ငံပြာရည်အနံ့သေလျှင် ကြက်သားထည့်၍ အနည်းငယ်ကြော်ပေးလိုက်ပါ။


၃။ ထို့နောက် မိမိထည့်ဝင်လိုသည့် ဟင်းသီးဟင်းရွက်ကို ထည့်ပါ။


၎။ ဟင်းသီးဟင်းရွက်များကို (၅) မိနစ်ခန့် ကြော်ချက်ပြီးလျှင် သကြားကိုထည့်.. ထို့နောက် အုန်းနို့ရည်လောင်းထည့်ကာ အတူတူချက်ပေးလိုက်ပါ။ အုန်းနို့ပါသောကြောင့် ဟင်းဆူလာလျှင် ဝေကျမလာအောင်အဖုံးဖွင့်၍ ချက်ပေးပါ။


၅။ ဟင်းသီးဟင်းရွက်များ နူးလာလျှင် နံနံရွက်၊ ပင်စိမ်းနှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းများကို အုပ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ရှားပေးနိုင်ပါပြီ။



ကဲ အုန်းနို့နံ့မွှေးမွှေး ၊ ရှောက်နူရွက်နံ့သင်းသင်းနှင့် ကဲခရိုဝမ်ကိုင် (ခေါ်) ထိုင်းအုန်းနို့စိမ်းဟင်းကို ထမင်းပူပူနှင့် အသင့်သုံးဆောင်နိုင်ပါပြီရှင်။



.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်