ဒီနေ့တော့ စိတ်ကူးရလာလို့ ထိုင်းစတိုင် ဘိုစားပဲသီးနဲ့ ဝက်သားကို ထိုင်းစတိုင်လေး ကြော်စားဖြစ်တယ်။
ထိုင်းစတိုင်ဆိုပေမဲ့
အရမ်းကြီး လက်ဝင်ကာ ခက်ခဲသည့် ဟင်းလျာတော့ မဟုတ်ပါဘူး။ ဟင်းချက်ရာမှာ
ငံပြာရည် ထည့်ဝင်အသုံးပြုတတ်သည့် ထိုင်းဟင်းလျာကြောင့် ငံပြာရည်နှင့်
ထည့်ကြော်ခြင်းသာဖြစ်ပါသည်။
ပါဝင်သော ပစ္စည်းများ
၁။ ကြိတ်ထားပြီးသော ဝက်သား (၂၀) သားခန့်
၂။ ဘိုစားပဲသီး (၁၅) ကျပ်သားခန့်
၃။ကြက်သွန်နီ ဥကြီးတစ်ဥ
၎။ ကြက်သွန်ဖြူ (၃) မွှာ
၅။ ဂျင်း လက်တစ်ဆစ်ခန့်
၆။ ခရုဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
၇။ ငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း
၈။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း
၉။ ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
ချက်ပြုတ်နည်း
၁။ ပဲသီးကို သင့်တော်သော အနေအထား ပိုင်းဖြတ်ထားပေးပါ။
၂။ ကြက်သွန်ဖြူ/နီ၊ ဂျင်း တို့ကို နုပ်နုပ်စင်းပေးပါ။
၃။ ခရုဆီ၊ငံပြာရည်၊သကြားတို့ကို အတူရောမွှေကာ ပန်ကန်တစ်ခုထဲ အဆင်သင့်ထည့်ထားပေးပါ။
(ဟင်းချက်သောအခါ ထည့်ဝင်ရမည့် ရသာမွန်များ မေ့လျော့တတ်၍ အသင့်ပြင်ထားခြင်းသာ)
၎။မီးဖိုပေါ်တွင်
ဒယ်အိုးတင်ကာ ဆီ ထည့်၍ နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူ/နီနှင့် ဂျင်းကို
ရွှေဝါရောင်သန်းကာ ရနံ့များမွှေးပျံ့လာသည်အထိကြော်ပေးပါ။
၅။ ထို့နောက် ကြိတ်ထားပြီးသော ဝက်သားထည့်ကာ အချိန် (၂) မိနစ်ခန့် မွှေထားပေးလိုက်ပါ။
၆။
ထို့နောက် ပဲသီးထည့်ကြော် ၊ ပဲသီးများ လုံလောက်သည့် အပူချိန်ရလျှင်
အသင့်ပြင်ထားသော ရသာရည်ကို လောင်းထည့်ပေးလိုက်ပါ။ (အပူချိန်မလုံလောက်လျှင်
ငံပြာရည်မှာ အရသာပြောင်း၍ အနံ့ အနည်းငယ်ဆိုးရွားနိုင်သောကြောင့် အိုးထဲမှ
ပဲသီးနှင့် အသားများ အပူချိန်ကောင်းစွာ ရရှိထားရန်လိုအပ်ပါသည်။ )
၇။ ပဲသီးများ နူးလာ၍ အစိမ်းရောင်မပျက်ခင် မီးဖိုပေါ်မှာ ဖယ်ရှားပေးလိုက်ပါ။
ဘိုစားပဲသီးနှင့် ဝက်သားကြော်ပူပူလေးကို ထမင်းပူပူနှင့် သုံးဆောင်နိုင်ပါပြီရှင်။
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်