Followers

Wednesday 17 July 2013

ကုလားပဲပြုတ်နဲ့ဝက်(ကြက်)အူချောင်းကြော်

ဒီနေ့တော့ အနောက်တိုင်းစာတွေထဲက ကုလားပဲလုံးပြုတ်နဲ့ ဝက်အူချောင်း၊ငရုတ်ပွ ကြော်လေးချက်ကြမယ်နော်။ မူရင်းချက်ပြုတ်နည်းမှာတော့ ဝိုင်အဖြူကို ထည့်ဝင်ချက်ထားတာကြောင့် ဝိုင်နံ့လေး သင်းသင်းလေးနဲ့ အရသာကောင်းမွန်လှသည့် ဟင်းလျာတစ်ခုပါပဲ။ မိမိက ဝိုင်ကို မထည့်လိုလျှင်လဲ မထည့်ပဲ ရိုးရိုးလေး ချက်စားလို့ရပါတယ်။ ခန္ဓာကိုယ် ထိမ်းသိမ်းသူများအတွက် ပဲ ပါဝင်၍ ဗိုက်ပြည့်နိုင်တာကြောင့် ထမင်းနှင့်မစားပဲ ဒီဟင်းလျာတစ်မျိုးတည်းကို စားသုံးနိုင်ပါတယ်။



ပါဝင်သည့် ပစ္စည်းများ


၁။ ပြုတ်ပြီးသားကုလားပဲလုံး (၂၅)ကျပ်သားခန့်
(မေကတော့ အသင့်ဝယ်ယူ၍ ရနိုင်သည့် ပဲဗူးကိုပဲ ဖောက်သုံးလိုက်ပါတယ်)

၂။capsicum ခေါ် ငရုတ်ပွ (၂) လုံး (အရောင်စုံသုံးတာက ဟင်းပွဲလေး ပိုလှလို့ အရောင်နှစ်ရောင် ရွေးပြီးထည့်ထားတာပါ)

၃။chorizoဟု ခေါ်သည့် အစပ်အရသာပါသည့် စပိန်ဝက်အူချောင်းတစ်ချောင်း (သို့) မိမိနှစ်သက်ရာ ဝက်/ကြက်ဥချောင်းကို အသုံးပြုနိုင်ပါသည်။

၎။ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း (သံလွင်ဆီ ရှိပါက သံလွင်ဆီနှင့် ချက်ပါ)

၅။ကြက်သွန်ဖြူ (၂) မွှာ

၆။ ကြက်သွန်နီ ဥကြီး (၁) ဥ

၇။ငရုတ်သီးမှုန့် ကော်ဖီဇွန်း တစ်ဝက်ခန့်

၈။ခနော ကြက်သားအရသာတုံး တစ်တုံး(သို့)စားပွဲတင်ဇွန်း တစ်ဇွန်း

၉။ဝိုင်ဖြူ ခွက်၏ လေးပုံပုံ တစ်ပုံ (၆၀ မီလီ)




ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ပါဝင်ပစ္စည်းများကို မိမိစိတ်ကြိုက်အနေအထား လှီးဖြတ်ထားလိုက်ပါ။ ပဲဗူး (သို့) ကိုယ်တိုင်ပြုတ်သော ကုလားပဲကို ရေများစင်အောင် စစ်ထားပေးပါ။


၂။ မီးဖိုပေါ် အိုးတင်၍ ဆီတစ်ဇွန်းကို အပူပေးလိုက်ပါ။ ဝက်အူချောင်းမှ ဆီထွက်လာမည် ဖြစ်သောကြောင့် ဆီ များများထည့်ရန်မလိုအပ်ပေ။ ထို့နောက် ကြက်သွန်ကိုကြော်လိုက်ပါ။



၃။ ကြက်သွန်များ နူးအိပြီးပျော့လာလျှင် အရွယ်တော်လှီးဖြတ်ထားသော ဝက်အူချောင်းကို ထည့်ပြီး ကြော်လိုက်မယ်နော်။



၎။ ဝက်အူချောင်းလေးတွေ ကျက်လုပြီးဆိုတာနဲ့ (အကြာကြီးကြော်နေရင် မာသွားမှာဆိုးလို့) လှီးထားတဲ့ ငရုတ်ပွကို ထည့်လိုက်ပါနော်။



၅။ ငရုတ်ပွလေးတွေ နူးအိစပြုပြီးဆိုလျှင် ပြုတ်ထားပြီးသည့် ကုလားပဲကို ထည့်ပါတော့မည်။


၆။  ကြက်သားအရသာ ခနောတုံး(သို့) အမှုန့် ကို ထည့် ၊ပြီး ဝိုင်ဖြူကို ထည့်ရပါမည်။ ဝိုင်မထည့်သူများအနေဖြစ်  ဝိုင်ထည့်ရမည့် အဆင့်ကို ကျော်သွားနိုင်ပါပြီ။

ဝိုင်အနံ့စိမ်းများ သေအောင် ခေတ္တများ ပွက်ပွက်ဆူစေလိုက်ပါ။

ထို့နောက်တွင်တော့ မီးဖိုပေါ်မှ အိုးကိုဖယ်ရှားနိုင်ပြီ စားသုံးရန် အသင့် ဖြစ်နေပါပြီ။



ရသာရှိ ဟင်းလျာသစ်တစ်မယ်ကို သုံးဆောင်နိုင်ပါပြီရှင်။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်