ဒီနေ့တော့ အချိန်လေး ရတာနဲ့
ချဉ်ပေါင်ရွက်ကြော်မယ်လို့ စိတ်ကူးမိတယ်။ အချိန်ရမှ ချဉ်ပေါင်ကြော်တယ်လို့
ပြောလိုက်ရတာက ချဉ်ပေါင်ကြော်ဆိုတာ ဒီတိုင်း လောလော လောလောနဲ့ ကြော်တာထက်
မီးအေးအေးလေးနဲ့ ဖြည်းဖြည်းချင်း လိမ့်နေအောင်ကြော်တာက
ပိုပြီးစားလို့ကောင်းလို့ပါ။
ပြည်ပရောက်သူတွေအဖို့
ချဉ်ပေါင်ရွက် ရဖို့ဆိုတာကလည်း တစ်ခါတစ်ရံ မလွယ်လှဘူး..။
မြန်မာနိုင်ငံမှာဆို ခေါင်းရွက်ပြီး အိမ်တိုင်ရာရောက် လိုက်ရောင်းသည့်
ကျေးဇူးရှင်များကြောင့် အိမ်ရှေ့ပေါက်ဝ၌ ချဉ်ပေါင်ရွက် ရောက်သလို
လမ်းထိပ်လေး ထွက်လျှောက်လိုက်ယုံနဲ့ ချဉ်ပေါင်ရွက် ဝယ်လို့ရပါတယ်။
ဒီမှာတော့ ချဉ်ပေါင်ရွက် တစ်ခါစားရဖို့အရေး ကားကို
နာရီဝက်လောက်စီးရသေးတယ်..။ အသွားအပြန် အနည်းဆုံး (၃)နာရီကြာပြီ..ဈေးဝယ်
.ဘာညာနဲ့ အနည်းဆုံး နေ့တစ်ဝက်အချိန်ကို ပေးလိုက်ရရော။
အဲ့ဒီလိုအချိန်ပေးရတာထက် ကိုယ်သွားဝယ်တဲ့နေ့ ကိုယ်လိုချင်တာလေး ကုန်နေလို့
နောက်နေ့မှ ရမယ်ဆိုတဲ့ အသံကြားရင် အမောဆို့ပြန်ရော။ အဲ့ဒီတော့ လိုချင်တာ
ရှိရင် များများသာ ဝယ်ခဲ့တယ်။
ချဉ်ပေါင်ရွက်များကို
ညှာတံမှာချွေပြီးလျှင် ရေစင်စင်ဆေးးပြီး ထိုအရါက်များကို ရှေးဦးစွာ
အိုးလေးထဲ ထည့်ပြီး အဖုံးခေတ္တပိတ်ကာ မီးဖိုပေါ်တင်ထားလိုက်သည်။ပြီလျှင် ပူ၍
ပျော့လာသော ချဉ်ပေါင်ရွက်များကို မွှေပေးသည်။ အချို့ကတော ချဉ်ပေါင်ကို
နေလှမ်းကြော်ကြပါတယ်..။ မေကတော့ မီးအေးအေးလေးနဲ့ ပျော့နေအောင် နပ်ထားတဲ့
ချဉ်ပေါက်ရွက်ကြော်ကို ပိုကြိုက်လို့ ချဉ်ပေါင်ရွက်ကို မွှေပြီးကြော်တယ်။
မွှေပြီးသွားသော
ချဉ်ပေါင်ရွက်များကို အအေးခံပြီး ဗူးတွေထဲ ထည့်ကာ ရေခဲသေတ္တာမှာ
အခဲသိမ်းလေ့ရှိသည်..။ မချက်ချင်သေးတဲ့ အခါတွေပေါ့။ နောက်မှ မေလိုတဲ့
အချိန်ကျ ထုတ်ချက်တယ်။ချဉ်ပေါင်ရွက်တွေကို ဒီကနေ ဝယ်ယူတာပဲ ဖြစ်ဖြစ်
၊မြန်မာနိုင်ငံက လူကြုံပို့ပေးတာပဲ ဖြစ်ဖြစ် အဲ့လို ဗူးလေးထဲ ထည့်ပြီး
သေသေချာချာလေး သိမ်းထားလေ့ရှိတယ်။
ဒီလိုမျိုးလေး
သိမ်းထားတာက ကြော်လိုကလဲ ကြော်လို့ရပြီး
ဟင်းချိုချက်တာမျိုး၊အခြားအသီးအရွက်နဲ့ ရောချင်ချင်သည့် အခါမျိုးတွင်လည်း
မိမိစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။
ချဉ်ပေါင်ရွက်
စကြော်ကြရအောင်..အတိုင်းအတာကို ချဉ်ပေါင်အနည်းအများပေါ်မူတည်၍
မိမိစိတ်ကြိုက်သာ ထည့်ပါရန်..။ မျှစ်နဲ့ ချဉ်ပေါင်ရွက်ကြော်ဆိုပေမဲ့
ဒီနေ့တော့ မျှစ်နည်းနေတော့ ပဲသီးစိမ်းတွေကိုပါ မေ လှီးထည့်ထားတယ်။
ပါဝင်သော ပစ္စည်းများ
၁။ ချဉ်ပေါင်ရွက်
၂။ ဝက်သား (သို့) ပုဇွန်/ ပုဇွန်ခြောက် (မိမိနှစ်သက်ရာကို အသုံးပြုနိုင်ပါသည်)
၃။မျှင်ငါးပိ
၎။ငရုတ်သီး အစိမ်းမှုန့် (ခေါ်) အရောင်တင်မှုန့်
၅။ကြက်သွန် ဖြူ၊နီ
၆။ မျှစ်
၈။ငရုတ်သီစိမ်းတောင့်များ
၉။ဆားအနည်းငယ်
ချက်ပြုတ်ပုံအဆင့်ဆင့်
၁။မီးဖိုပေါ်တွင်
ပူနေသော အိုးထဲသို့ ဆီထည့် ၊ဆီပူလာလျှင် ကြက်သွန်ဖြူနီ၊ ငရုတ်သီးများကို
ဆီသတ်ပြီးသော မိမိထည့်ဝင်လိုသော အသားကို ထည့်၍ ကြော်ပါ။
၂။ အသားကျက်လောက်ပြီးဆိုလျှင် ငါးပိနံ့လေး မွှေးလာအောင် အရင်ဆုံး ထည့်ကြော်လိုက်ပါ။
၃။
ထို့နောက် မျှစ်များကို ထည့်ကြော်ပါ။ မေ့လိုပဲ ပဲသီးထည့်စားရတာ
ကြိုက်သူအဖို့ ပဲသီး များကိုလည်း တစ်ချိန်ထဲ တပြိုင်ထဲ ထည့်လိုက်ပါ။
၎။ မွှေထားပြီးသော ချဉ်ပေါင်ရွက်များကို ထည့်မွှေလိုက်ပါ။ အချိန်ရလျှင် မီးအေးအေးနှင့် နှပ်၍ကြော်ထားလိုက်ပါ။
၆။
ချဉ်ပေါင်ရွက်လေး ရေစစ်ပြီ ဆီပြန်ကာ ခြောက်သွေ့လာပြီ ဆိုလျှင်တော့ ဆားထည့်
၊အချိုမုန့်စားသုံးသူ အချိုမုန့်အနည်းငယ်ထည့်ကာ အပေါ့အငန်မြည်း
သင့်စိတ်ကြိုက်အရသာ ဖြစ်ပြီးဆိုလျှင် ငရုတ်သီးစိမ်းလေး အုပ်ကာ ချဉ်ပေါင်အိုးလေး မီးဖိုပေါ်မှ ဖယ်ထားနိုင်ပါပြီ။
အချို့သူများက
ချဉ်ပေါင်ရွက်ကြော်လေးအပြီးတွင် ဟင်းမွှေးမဆလာအုပ်ရသည်ကို နှစ်သက်ပြီး
၊အချို့က မဆလာထည့်ဝင်ရသည်ကို မနှစ်သက်သောကြောင့် မဆလာ ထည့်သည် မထည့်သည်မှာ
မိမိဆန္ဒအတိုင်းသာ ။
ချဉ်ပေါင်ရွက်ကြော် ပူပူလေး ရပါပြီရှင်။
စောစောက
မေ ပြောသလိုပဲ မေက ချဉ်ပေါင်တစ်ခါဝယ်ရင် အများကြီး ဝယ်ထားတယ်။
ချဉ်ပေါင်ရွက် တစ်ခါကြော်ရင်လဲ အများကြီး ကြော်ထားဖြစ်တယ်။
ချဉ်ပေါင်ရွက်ကို မေတို့ မြန်မာတွေကသာစားနေကြ ဖြစ်ပြီး
ကြိုက်နှစ်သက်ကြပေမယ့်နိုင်ငံခြားသား အတော်များများက အရမ်းနံတဲ့ အရွက်လို့
ပြောလေ့ရှိကြတယ်။ ငါးပိထည့်ကြော်ထးတော့ အနံ့က ပိုပြင်းတာပေါ့..။ ဒါကြောင့်
ခဏ ခဏကြော်နေရင် ပတ်ဝန်းကျင်က မပြောသာလို့ မပြောကြပေမယ့် မေက အားနာတတ်တော့
တော်ယုံမချက်ဖြစ်လိုဘူး...။ ဒါကြောင့် တစ်ခါချက်ရင် အများကြီးချက်ထားပြီး
အအေးခံကာ၊ အေးလာလျှင် တစ်ခါစားယုံ အိတ်လေးတွေထဲ ခွဲထည့်ကာ ရေခဲသေတ္တာထဲ
အခဲသိမ်းထားလေ့ ရှိပါသည်။
စားသုံးလိုသည့်အချိန်
မိမိစိတ်ကြိုက် ထုတ်ယူစားသုံးလိုက်သည်။ ချဉ်ပေါင်ရွက်ကြော် စားချင်သည်ဟု
ညီးသံကြားသည့် သူငယ်ချင်းတွေအိမ်ကို အဲ့ဒီအခဲထုတ်လေးတွေအတိုင်း
ပေးလေ့ရှိသည်။
မေက
ချက်ပြုတ်ရတာကို ပျော်တယ်။ သူငယ်ချင်းတွေက ဟိုဟာလေး စားချင်တယ် ၊ဒီဟာလေး
စားချင်တယ် ညီးသံကြားလျှင် မမောမပမ်းနိုင် မေ ချက်ကျွေးလေ့ရှိသည်။
ယခုလိုလေး ချက်ပြုတ်ကျွေးမွှေးနေရတာကိုက မေ စိတ်ချမ်းသာသည်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်