Followers

Friday 12 October 2012

အာလူးနှင့် ကြက်သားအချိုချက်

ဒီနေ့တော့ ဘာမှ ထွေထွေထူးထူး မချက်ဖြစ်တော့ဘူး။
ကြက်သားနဲ့ အာလူးအချိုချက်စားမယ်လို့ စိတ်ကူးလိုက်မိတယ်။ ပူအိုက်နေသည့် ရာသီဥတုကြောင့် ဟင်းတွေကို အစပ်မစားဖြစ်ပဲ အချိုဟင်းများကိုသာ တမ်းတမိသည်။ လွယ်လွယ်ကူကူနှင့် မြန်မြန်ဆန်ဆန်ချက်နိုင်သည့် ကြက်သားအာလူးဟင်းတစ်ခွက်နှင့် ဒီနေ့ညစာကို ပြီးဆုံးလိုက်ဖို့တွေးလိုက်မိပြီး ကြက်သားအာလူးချက်ရန် ပြင်ဆင်လိုက်သည်။
သူငယ်ချင်းတို့လဲ မေနဲ့ အတူတူချက်ရအောင် ပြင်ဆင်ကြမယ်နော်။ ဒီဟင်းကို အများစုက ချက်တတ်ကြပါတယ်။ ချက်တတ်သူများအနေဖြစ်တော့ ဒါလေးများ အလွယ်လေးလို့ ပြောသံလေးကြိုပြီး ကြားယောင်နေမိပါတယ်။ မချက်တတ်သေးသူများ အတွက် ညွှန်ပြပေးတာပါနော်။


ပါဝင်ပစ္စည်းများ

၁။ ကြက်သား (၃၀)သားခန့်
၂။ အာလူး (၅)လုံးခန့်
၃။ပဲငံပြာရည်အနောက်(သို့) ပဲဆီ စားပွဲတင်ဇွန်း (၁)ဇွန်း
၎။သကြား ကော်ဖီဇွန်း (၁)ဇွန်း
၅။ ခရုဆီ စားပွဲတင်ဇွန်း (၂)ဇွန်း
၆။ ကြက်သွန်နီ (၂)ဥ
၇။ကြက်သွန်ဖြူ (၃) မွှာခန့်
၈.ဂျင်း အနည်းငယ်

ချက်ပြုတ်ရန်အဆင့်ဆင့်

၁။ ပထမဦးစွာ အာလူးကို အခွံနွှာ ထက်ခြမ်းခွဲ၊ ရေစင်စင်ဆေး၍ ဆားအနည်းငယ် ထည့်ကာ နယ်ထားပေးပြီး ပြင်ဆင်ထားပါ။ ဆားကြိုနယ်ထားသော အာလူးသည် ချက်သည့်အခါ၌ အာလူးသားများ စေးပိုင်နေကာ စားရသည်မှာ ပို၍ အရသာရှိပါသည်။ အာလူးတွေ မမဲလာအောင်တော့ ဂရုစိုက်ပေးပါနော်။ မဲလာပြီးထင်လျှင် ရေစိမ်ထားလိုက်ပါ။

၂။ ကြက်သားကို ရေစင်စင်ဆေးပြီး မိမိစိတ်ကြိုက်အရွယ်အစား ခုတ်ထစ်လိုက်ပါ။ ခုတ်ထစ်ပြီးမှ ရေးဆေးလျှင်တော့ ကြက်သားထဲ စိမ့်ဝင်နေသော ရေများ စစ်သည်အထိစောင့်ပြီးမှ အရသာကို နယ်ပေးရပါလိမ့်မည်။ သို့မဟုတ် အရသာနယ်နေချိန်တွင် ကြက်သားထဲမှ ရေများပြန်ထွက်လာချိန်နှင့် တစ်ထပ်ထဲ ဖြစ်နေ၍ အရသာအားလုံးမဝင်နိုင်ပါ။ သားငါးများ ဟင်းချက်ရန် ပြင်ဆင်မည်ဆိုတိုင်း ထိုအချက်ကို သတိပြုပေးပါ။
၃။ ထိုနောက် ကြက်သား၊ပဲငံပြာရည်အနောက်၊သကြား၊ ခရုဆီ၊ စသည်တို့ဖြစ် နယ်ထားပြီး ခဏထားလိုက်ပါ။
၅။ မီးဖိုပေါ်ဆီအိုးတည်၊ ဆီပူလာလျှင် ကြက်သွန်ဖြူနီ၊ ဂျင်းတို့ကို ဆီသတ် ။ကြက်သွန်များကျက်၍ ရနံ့မွှေးကာ အညိုရောင်သန်းလာလျှင် ကြက်သားထည့် ပြီး ထိုအတိုင်း အနည်းငယ်ကြော်ပြီး အဖုံးခေတ္တအုပ်ကာ စောင့်ဆိုင်းပေးပါ။ ကြက်သားထဲမှ ရေများထွက်လာသည်ကို တွေ့မြင်ရလိမ့်မည်။
၆။ ကြက်သားထဲမှ ထွက်လာသော ရေများခန်းလုပြီးဆိုလျှင် အာလူးထည့်ကာ အနည်းငယ် နှံ့စပ်အောင်မွှေပေးလိုက်ပါ။ရေလိုလျှင် အနည်းငယ်မျှ ထည့်ပေးကာ ဟင်းအိုးကို အဖုံးအုပ် မီးအရှိန်လေးလျှော့ပြီး ချက်နိုင်ပါပြီ။ အာလူးနူးပါက ဟင်းအိုးကို မီးဖိုပေါ်မှ ဖယ်ရှားနိုင်ပါပြီရှင်။

သင့်အား ခံတွင်းဝင်စေမည့် ကြက်သားအာလူးဟင်း မွှေးမွှေးလေး လာပါပြီရှင်။ သုံးဆောင်နိုင်ကြပါသည်။






..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်