မေ ငယ်ငယ်က စစ်တိုက်တမ်းကစားရတာကို
အရမ်းကြိုက်ခဲ့ပါတယ်။ ယောကျာင်္းလေးတွေသာ များတဲ့ မိသားစု အသိုင်းအဝိုင်းမှာ
ကြီးပြင်းခဲံရသူမို့ မိန်းကလေးတစ်ယောက်လိုတော့ နူးညံ့ခြင်းတွေ
ကင်းခဲ့ပါသည်။ မိမိသက်တူရွယ်တူ ကစားဖော်များဟာလည်း ယောကျာင်္းလေးများသာ
ဖြစ်ခဲ့သည်။ မေသည် မိန်းကလေးတစ်ယောက်လို စမ်းကြို ခုန်ခြင်း ၊ ဇယ်ခုံခြင်း
၊တစ်ဖန်နှစ်ဖန် ခုန်ခြင်း စသည်များကို ယခုချိန်တိုင်အောင် သေသေချာချာ
မကစားတတ်ခဲ့ပါ။
မေ
ငယ်ငယ်က ကစားခဲ့သည့် နည်းများသည် ဘောလုံးကန်ခြင်း၊ စစ်တိုက်ခြင်း
၊တင်းပူတမ်းဟုခေါ်သည့် နို့ဆူဗူးခွက်များ ဆီထောင်ကာ ဘောလုံးနှင့် ပစ်ခြင်း၊
ဂုံညင်းထိုးခြင်း ၊ဂေါ်လီကျင်းစိမ်ခြင်း နှင့် လေးခွတစ်လက်နှင့်
ငှက်လိုက်ပစ်ခြင်းသာ ဖြစ်၏။
Facebook
ထဲမှာ သူငယ်ချင်းတစ်ယောက်တင်လာသည့် ပုံလေးတစ်ပုံကို တွေ့လိုက်မိတော့ မေ
ငယ်ငယ်က နှစ်ခြိုက်စွာ ကစားခဲ့သည့် ထိုကစားနည်းတွေထဲမှာ
စစ်တိုက်တမ်းစကားနည်းလေးကို လွမ်းဆွတ်လာရသည်။ မေသည် ကရင်ပြည်နယ်တွင်းရှိ
မြို့ငယ်လေး တစ်ခု၌ မွေးဖွားကြီးပြင်းလာခဲ့သည်။ ထိုစဉ်က
မေတို့ပြည်နယ်လေးသည် မငြိမ်းချမ်းခဲ့ပါ။ သေနတ်ကျည်ဆန်တွေကြားမှာ
ကြီးပြင်းလာခဲ့ရသူများဖြစ်၍ စစ်တိုက်သည် ဆိုသော စကားလုံးသည်
အလွန်ရင်းနှီးသော စကားလုံးပင်ဖြစ်ခဲ့ပါသည်။
ကြားနေကြဆိုသည်ထက်
ကိုယ်တိုင်လဲ တိုက်ချင်နေခဲ့မိသည်။ မေ ငယ်ငယ်တုန်းက
စစ်သားအရမ်းဖြစ်ချင်ခဲ့သည်။ အိမ်မှာ ရှိသမျှ ပျဉ်တိုပျဉ်စများကို ခုန်ထစ်၍
သေနတ်လုပ်ကာ စစ်တိုက်တမ်းကစားခဲ့သည်။ လေသေနတ်နဲ့ စစ်တိုက်နည်း။ ခုချိန်ထိ
စစ်ကားတွေ ကြည့်ရသည်ကို နှစ်သက်နေမိတုန်း ။ပြင်ပလောကမှာ မည်သည့်နေရာဒေသ
၊မည်သည့် နိုင်ငံမှာမဆို ယူနီဖောင်းဝတ် စစ်သားများကို တွေ့လျှင်
ငေးနေမိတုန်း။ လူကို ငေးသည်မဟုတ်ပါ ။ သူတို့ဝတ်ထားသည့် ယူနီဖောင်း ကို
နှစ်သက်ခုံမင်မိတာ အမှန်ပဲဆိုတာ ဝန်ခံပါတယ်။
ငယ်ငယ်က
ပါးစပ်မှ တစ်ဒိုင်းဒိုင်းရွတ်ရင်း တစ်နေကုန် ထမင်းမေ့ ဟင်းမေ့
စစ်တိုက်ခဲ့ဖူးသည်။ မငြိမ်းချမ်းသည့် ဒေသ ဖြစ်သည့်အလျှောက် အတိတ်နမိတ်ယူကာ
အယူသည်းတတ်သည့် အဖွားသည် မေတို့ စစ်တိုက်တမ်းကစားတာကို လုံးဝ
ကြိုက်နှစ်သက်ခြင်းမရှိခဲ့ပါ။စစ်တမ်းတိုက်ကစားတာ အတိတ်နမိတ်မကောင်းဘူး
လုံးဝမကားရဘူးဟု ရာဇသံပေး အမိန့်ထုတ်ပြန်ထားသည်။
အိမ်မှာ
၊ခြံဝင်းထဲမှာ ကစားခွင့်မရသော မေတို့မောင်နှမများနှင့် သူငယ်ချင်းတစ်စုသည်
လယ်ကွင်းထဲများကို ဖြတ်ကျော်၍ ရွာစည်းရိုးကပ်ပြင်နားရှိ တောစပ်လေးတွင်
မေတို့၏စစ်ပွဲကိုကျင်းပခဲ့ကြလေသည်။တစ်ခါတစ်ရံ ပြေးရင်းလွှားရင်း
ကပ်ပြင်ကျော်သွားတတ်သည်။ ထိုရွာစည်းရိုးကပ်ပြင်ကျော်လွန်လျှင်
အန္တရယ်ရှိသည့် နေရာဖြစ်၍ ထိုသို့ကစားခဲ့သည်ကို အမေသိသွားခဲ့လျှင်
အိမ်ပြန်ရောက်သောအခါ မှတ်လောက်သားလောက်အောင် ခြေသလုံးအရှိုးရာများထပ်သည်အထိ
တုတ်စားရပါလေရော။
အကြောင်းတိုက်ဆိုင်စွာ မေတို့ စစိတိုက်တမ်းကစားသည်နှင့် ပြင်ပ လက်ရှိစစ်ပွဲ တစ်ခြိမ်းခြိမ်းအသံကြားလျှင် မေတို့၏ အဘွားသည်
“ငါပြောတယ်မဟုတ်လား
စစ်တိုက်တမ်းမကစားရဘူး။ နင်တို့တွေ ဂိဇ္ဈကုဋ်တောင်က
တီကောင်တွေဝင်စားတဲ့ဟာတွေ။ နားပါမလာခဲ့ဘူး။ ပြောလိုက်ရင် ဘယ်တုန်းကမှ
နားမထောင်ဘူး” စသည်ဖြစ် အမျှင်မပြတ်ရွတ်ကာ နီးရာ ၊မိရာကို
လိမ်ဆွဲပါတော့သည်။ (ဗိုက်ခေါင်၊ပေါင်သား၊လက်မောင်းသား စသည်ဖြစ်)
သေနတ်သံ
တခြိမ်းခြိမ်းဖြစ် လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲကိုကြောက်ရသည်က တစ်မျိုး၊
လက်ရှိအနီးကပ်ရန်သူ အဖွား၏ မိရာဆွဲဆိတ်နေသည့် လက်ရန်က
လွတ်အောင်ရှောင်ရသည်ကတစ်ဖုံ ပုန်းကျင်းလေး သေးသေးထဲတွင်
အတူတူဝပ်ပုန်းနေရသည်ဖြစ်၍ လွတ်အောင်မရှောင်နိုင်လေတိုင်း စစ်ပွဲပြီးလျှင်
ခြေလက်တွေမှာ အညိုအမဲ စွဲကာ ကျန်ရစ်ခဲ့သည်မှာ ထုံးစံဖြစ်နေပါပြီ။
သို့သော်လည်း နောက်နေ့ ပြန်လည်ကစားမြဲသာတည်း။
အနည်းငယ်အရွယ်ရောက်လာတော့
ပါးစပ်က တစ်ဒိုင်းဒိုင်းအော်ကာ ပစ်ရသည့် စစ်ပွဲထက်
လက်တွေ့အသားနာအောင်ပစ်ရသည့် စစ်ပွဲကို ပိုမိုကြိုက်နှစ်သက်လာသည်။
သူငယ်ချင်းတွင် အုပ်စုနှစ်စုခွဲ ၊ စစ်ဗျူဟာများခင်းကာ ကစားသုအယောက်တိုင်း
ကျည်အပြည့်ထည့်ထားသော လွယ်အိပ်များလွယ်ကာ စစ်တိုက်ကြလေပြီ။
မေတို့သုံးသော
ကျည်ဆံသည် မြရာသီးဟုခေါ်သည့် အစိမ်းရောင်အသီးနုလေးများဖြစ်သည်။
ထိုမြရာသီးသည် မှည့်လာလျှင် နီရဲလာကာ စား၍ရပါသည်။ အပင်၌ မရင့်မှည့်မှီ
နုငယ်သော အစိမ်းရောင်အရွယ်သည် မေတို့၏ သေနတ်ကျည်ဆံ ၊ မြရာရွက်သည်
ဆိတ်များစားသောက်ရန်အစာ။ သို့ပါသောကြောင့် ဆိတ်ကျောင်းသွားသည့်
သူငယ်ချင်းများက မြရာရွက်ခုတ်ရင်း မြရာသီးများပါ ခူး၍ပြန်လာကာ ဝေစုခွဲ၍
ကစားကြပါသည်။ မြရာသီးများ မရှိသည့်ရာသီတွင် စက္ကူစုတ်များ
ရေစွတ်၍သော်လည်ကောင်း ၊ပါးစပ်တွင်း ဝါးချေ၍သော်လည်းကောင်း
ပျော့ပျောင်းအောင်ပြုလုပ်၍ သေးငယ်သော အလုံးလေးများ လုံးပြီးလျှင်
ထိုသေနတ်ထဲသို့ သိပ်ထည့်ကာ တစ်ဖောင်းဖောင်းနှင့် ပစ်ကြပါသေးသည်။
မေတို့အသုံးပြုခဲ့သော
သေနတ်သည် အခေါင်းပွင့် ဝါးအသေးစားလေးကို ထက်အောက် အဆစ်ဖြုတ်၍
ဟောင်းလောင်းပေါက်အတိုင်းထားကာ အခြားသော ဝါးအပိုင်းစဖြစ် ညီတူမျှသော
အရှည်အတိုင်းတိုင်းတာကာ ထို ဝါးပေါက်ထဲ ထည့်နိုင်ယုံမျှ ဝါးချောင်းလေးအဖြစ်
ဖန်တီးကာ ထိုဝါးချောင်းလေးအာ အရိုးတပ်၍ ဝါးပြွန်လေးထဲ သွင်းကာ
ပစ်ကစားခြင်းဖြစ်သည်။
ထိုလက်နက်လေးကို
မြင်မိပြန်တော့ ငယ်ဘဝပုံရိပ်ကို ပြန်လည်မြင်ယောင်မိရင်း ပြုံးမိပြန်သည်။
မြရာသီး မရှိသည့် အချိန် အမေ့ဘောင်ချာစားရင်းစာအုပ်လေးကို လုံးချေကာ
ကျည်ဆန်းလုပ်ခဲ့မိ၍ ထိုနေ့က လှိမ့်ပိတ်အရိုက်ခံရသော အဖြစ်အပျက်မျိုးကိုလည်း
သတိရကာ ပြုံးမိခဲ့ပါသေးသည်။
မေတို့ နှစ်သက်စွာ ကစားခဲ့သည့် သေနတ်နှင့် ကျည်ဆန်လေးများ ကို “ဖောင်းဖောင်း” ဟု ခေါ်သည်။
ထို “ဖောင်းဖောင်း” သည်
ထိုပုံလေးကို
facebook စာမျက်နှာမှ ကော်ပီယူခဲ့ပြီ မေ့နာမည်ကို
အပိုင်စီးထိုးထားလိုက်တာပါ။ ပိုင်ရှင်ခွင့်လွတ်ပါရှင်။ ငယ်ငယ်က အကျင့်
မပျောက်သေးလို့ပါ။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်