ခုလို ရက်ကြီးခါကြီးရောက်ရင် ရွာကို အရမ်းလွမ်းမိပါရဲ့။ ပုံမှန်လွမ်းချိန်ထက်ကို ပိုလွမ်းမိပါတယ်။
ဥပုသ်နေ့ရောက်ပြီဟေ့ဆို
မေတို့ရွာရဲ့ ချစ်စရာဓလေ့လေးတစ်ခုက လပြည့်၊လကွယ်၊ရက်ကြီးခါကြီးတွေ
ရောက်တိုင်း အိမ်တွေမှာ မုန့်တွေလုပ် ၊ဘုန်းကြီးကျောင်းကို
ဆွမ်းပို့၊မိမိအိမ်နီးချင်းများကို မုန့်ပန်ကန်လေးတွေ စီထည့်ထားတဲ့
မုန့်ဗန်းကြီးရွက်ပြီး တစ်အိမ်ချင်းစီ လိုက်ဝေလေ့ရှိတယ်။
မေတို့
တောရွာလေးမှာဆို မနက် (၄)နာရီဆို “အာရုံဆွမ်းပါဗျို့” လို့
အော်သံနှင့်အတူ ရွာမှ ကာလာသားများက ဆန်ကောကဲ့သို့သော ဇောက်အနည်းငယ်နက်ကာ
ကြီးမားကျယ်ပြန့်သည့် ဝါးဖြစ်ရက်ထားသော ဗန်းကြီးကို ကြိုးတပ်ထားကာ
ထမ်းပိုးနှင့် ရှေ့နောက် ထမ်းရင်း အာရုံဆွမ်း ခံလေ့ရှိပါသည်။ ဆိုင်းထမ်းဟု ခေါ်ပါသည်။
ဥပုသ်နေ့မရောက်ခင်
အဖိတ်နေ့ညနေမှာ ရွာမှ ကာလသားများက မောင်းထုကာ မနက်ဖြန်မနက်မှာ အာရုံဆွမ်း
လှည့်လည်မည် ဆိုသည့်အကြောင်း သတင်းပါးပါတယ်။
“ဿပုရိသနွယ်ဝင်
သူတော်စင်အပေါင်းတို့ခင်ဗျာ၊ မနက်ဖြန်မနက် (၄)နာရီအချိန်တွင် အာရုံဆွမ်း
လှည့်လည်ကြမည် ဖြစ်ပါသောကြောင့် အလှူဒယကာ/မများ စေတနာ သဒ္ဒါဖြစ်
လောင်းလှူနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည် ခင်ဗျာ”
ဒူဝေ........ဝေ........ဝေ.......(မောင်းသံ)
ထိုမောင်းသံနှင့် အာရုံဆွမ်း အလှူခံကြေငြာသံလေးသည် သာယာချမ်းမြေ့ဖွယ်ရာလေးပါ။
နောက်တစ်နေ့အာရုံနံနက်
(၄)နာရီ အချိန်တွင် သာယာနာပျော်ဖွယ်သော ကြေးစည်သံနှင့်အတူ
စတောင်းကင်းမီးဟုခေါ်သည့် ဓာတ်ဆီထည့်ပြီး မီးထိုးထားသည့်
မီးရောင်ထိန်ထိန်နှင့်အတူ ဆိုင်းထမ်းကြီးများ ထမ်းလာသော
အာရုံဆွမ်းအလှူခံတန်းကြီး ကြွလို့လာပါပြီ။ ထိုအခါမျိုးတွင် အိမ်တိုင်း
အိမ်တိုင်းရှိ မိန်းမပျိုလေးများ၊ အိမ်ရှင်မများက ရေနံဆီ မီးခွက်လေး
ကိုင်ပြီး မိမိချက်ထားသည့် ဆွမ်း၊ထမင်း၊ မုန့်မျိုးစုံ၊သစ်သီးဝရံတို့ကို
ဆိုင်းထမ်းအတွင်းရှိ သက်ဆိုရာ နေရာတွင်းသို့ လောင်းလှူခဲ့ကြပါသည်။
ထိုသို့
ဆွမ်းလောင်းလှူနေစဉ် ခံစားရသည့် ပီတိသည် ငြိမ်းချမ်းဖွယ်အတိ။
ကြည်နူးမှုများနှင့်အတူ အာရုံမနက်ခင်းလေပြင်ညှင်းက ရင်ထဲထိတိုင်
စိမ့်အေးနေသယောင် ခံစားချက်များ အေးစိမ့်နေလေသည်။
အိမ်တိုင်း
အိမ်တိုင်းမှ လောင်းလှူလိုက်သည့် ဟင်းများကို အိုးကြီးတစ်ခုထဲတွင် စုပြုံ၍
လောင်းလှူထည့်ထားသောကြောင့် ထိုအိုးထဲတွင် ဟင်းပေါင်းစုံ ရောနှောနေလေသည်။
ထိုဟင်းပေါင်းစုံကို “ဟင်းပေါင်း” ဟု ခေါ်ဆိုကာ ထိုဟင်းပေါင်းသည်
ရွာဦးကျောင်းရှိ သံဃာတော်မျာ၊ကိုရင်ငယ်များ၏ မနက်အာရုံဆွမ်းဖြစ်လေသည်။
သံဃာတော်များ
ဆွမ်းဘုန်းပေးပြီးနောက် ကျောင်းမှ ကပ္ပိယများ၊ ကျောင်းသားလေးများနှင့်
အာရုံဆွမ်း လှည့်လည်ကြသည့် ရွာမှ ကာလသားများက ဝိုင်းဖွဲ့၍ မြိန်ရည်ယှက်ရည်
လက်ရည်တပြင်တည်း စားသုံးကြလေသတည်း။
ထိုအချိန်တွင်
မိန်းမပျိုလေးများက မိမိအိမ်မှ လုပ်ထားသည့် မုန့်ဗန်းများရွက်ကာ
အိမ်နီးချင်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း မုန့်လိုက်ပို့ကြပါသည်။
မောင်နှမတွေအစုံအညီ စုရုံးကာ အဘိုးအဘွား၊ဦးလေးအဒေါ် မိမိထက်
သက်ကြီးဝါကြီးသည့် ဆွေမျိုးများနှင့် အရပ်ထဲရှိ သက်ကြီးရွယ်အိုများအိမ်သို့
ထမင်း၊ဟင်း ၊မုန်များအစုံ ချိုင့်ဆွဲကာ တစ်အိမ်ချင်း
လိုက်လံပို့ဆောင်ကြပြီး ကန်တော့ကြပါသည်။
အဘိုးအဘွားများ ပေးသည့်
“ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊အသက်ရှည် အနာကင်း၍ သွားလေရာလာလေရာ ခလုတ်မထိဆူးမညှိဘဲ လိုအင်ဆန္ဒတစ်လုံးတစ်ဝကြီး ပြည့်စုံကြပါစေ”
အစရှိသည့် ဆုများကို လက်ခံရယူကြပြီးသည့်နောက်တွင်
ဘုန်းကြီးကျောင်းသို့သွားရန်ပြင်ဆင်နေကြသည့် မိဘများနှင့်
ဘုန်းကြီးကျောင်းသို့ မောင်နှမအားလုံးလိုက်ပါသွားကြပါသည်။
ရွာဓလေ့အရ
မိဘများ ဘုန်းကြီးကျောင်းသွားလျှင် သားသမီးများအားလုံးလိုက်ပါသွားရကာ
မိဘများနှင့်အတူ တရားနာရပါသည်။ အိမ်လုံးကျွတ်ဘုန်းကြီးကျောင်းသို့
သွားကြရသည်။ ရွာမှ အိမ်များသည် အိမ်တွခါးမရှိ၍ တံခါးမပိတ်ပဲ မိသားစုလိုက်
သွားကြသည်။ ရွာတွင်သူခိုးမရှိ။ ထိုသို့သွားကြတိုင်း တစ်ခါမျှ အိမ်မှာ
ပစ္စည်းပျောက်သည် ဆိုသော အသံမျိုး မကြားခဲ့ရ။ အိမ်မှ ယူဆောင်သွားသော
ဆွမ်းချိုင့်များကို ဆိုင်ရာ စုပေါင်း၍ ဓမ္မမိတ်ဆွေများ အတူတူစားသောက်ကြသည်။
ထမင်းစားသောက်ပြီးနောက်
လူကြီးများ နားနေချိန်(သို့) တရားထိုင်နေချိန် ကလေးများကတော့
ကျောင်းဝင်းအတွင်း၌ ကစားကြပါသည်။ ရွာတောင်ပိုင်း၊ရွာမြှောက်ပိုင်း စသည်ဖြစ်
အနည်းငယ်အလှမ်းဝေးသော ကလေးများသည် ထိုဘုန်းကြီးကျောင်းအတွင်း၌
တွေ့မြင်ကြကာ ရင်းနှီးသွားကြသည်။
ထိုမှ
တဖန် ညနေ(၄)နာရီအချိန်တွင် ဆရာတော်မှ တရားတစ်ကြိမ်ဟောပြန်သည်။
ထိုတရားပွဲပြီးသည့်နောက်တွင်တော့ အားလုံးအိမ်သို့ပြန်ကြလေပြီ။ လူကြီးများက
ဥပုသ်စောင့်၍ ကလေးများမှာတော့ မနက်မှ ထမင်းကျန်ဟင်းကျန်နှင့် ညနေစာကို
စားကြကာ ညနေချိန်တွက် ဆီမီး၊ရေချမ်း အစုံဖြစ် မိသားစုဝင်အားလုံး
ဘုရားကျောင်းဆောင်ရှေ့ ဒူးပုဆစ်တုတ်ကျုံ့ကျုံ့ထိုင်ကြကာ မိသားစုများ အတူတူ
ဘုရားရှစ်ခိုးကြပါသည်။
ထိုသည် မေတို့ရွာ၏ ဥပုသ်နေ့ရက်ကို ကုန်ဆုံးစေခြင်းဖြစ်သည်။
ခုနေချိန်မှာတော့
မေသည် ထိုရွာလေးနှင့် အဝေးမှာဖြစ်သည်။ ရွာမှာနေခဲ့သည့် ဥပုသ်နေ့တိုင်း
ဘုန်းကြီးကျောင်းသွားရန်မဆိုထားနှင့် တစ်ခါတစ်ရံ ဥပုသ်နေ့ဆိုတာတောင်
မသိခဲ့သည့် နေ့မျိုး ရှိခဲ့ဖူးသည်။
အွန်လိုင်းလောက
ဆိုသော လောကတစ်ခုသို့ လျှောက်မိပြန်တော့ ဥပုသ်နေ့ကိုရောက်တိုင်း ဟိုလူက
နိုးဆော်၊ဒီလူက နိုးဆော်နှင့် ဥပုသ်နေ့လေးကို သိလာခဲ့ရသည်။
ထိုသို့အခြေအနေတွင် မိမိ၏ ချစ်စရာဓလေ့နှင့် ရွာကို လွမ်းခဲ့ရသည်မှာ
အမှန်ပါပဲရှင်။
ကာလတွေကြာညောင်းလို့
မေခွဲခွာရသည့် မေ့ရွာလေးကရော ဓလေ့တွေ ပြောင်းနေပြီလား။ အရင်လို ဘာသာ
၊သာသနာကို လက်ဆင့်ကမ်း မျှဝေနေတုန်းလား၊ မိဘဘိုးဘွား၊သက်ကြီးရွယ်အိုများကို
အလေးထားပြုစုစောင့်ရှောက်နေကြတုန်းလား၊ ဒါနတွေကို ရက်ရောစွာ
ပေးကမ်းစွန့်ကြဲနေတုန်းလား လားပေါင်းများစွာတွေ မေးရင်း တွေးကာ
လွမ်းမိပါသည်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်