Followers

Friday 26 October 2012

'ငှက်ပျောသီးကိတ်မုန့်လေး လုပ်ကြရအောင်'

ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ ချစ်စရာဓလေ့လေးတစ်ခုက လပြည့်၊လကွယ်၊ရက်ကြီးခါကြီးတွေ ရောက်တိုင်း အိမ်တွေမှာ မုန့်တွေလုပ် ၊ဘုန်းကြီးကျောင်းကို ဆွမ်းပို့၊မိမိအိမ်နီးချင်းများကို မုန့်ပန်းကန်လေးတွေ စီထည့်ထားတဲ့ မုန့်ဗန်းကြီးရွက်ပြီး တစ်အိမ်ချင်းစီ လိုက်ဝေလေ့ရှိတယ်။
တစ်ခါတစ်ရံ တစ်အိမ်နှင့်တစ်အိမ် လုပ်ထားသည့် မုန့်များက တူနေလေ့ရှိသည်။ ထိုအခါမျိုးတွင်တော့ မုန့်အမည်ခြင်း လဲစားကြတာပေါ့ဟု နောက်ပြောင်လေ့ရှိသေးသည်။ ထိုကဲ့သိုသော အချိန်လေးကို တမ်းတရင်း ငှက်ပျောသီးကိတ်မုန့်လေး လုပ်ရန် စိတ်ကူးလိုက်မိသည်။

 

ငှက်ပျောသီးဆိုတာက မေတို့ မြန်မာနိုင်ငံမှာ ၁၂လရာသီ ပေါကြွယ်ဝသည့် အသီးဖြစ်သည်။ တစ်ခုပဲ အခက်တွေ့နိုင်တာက ကိတ်မုန့်ဖုတ်နိုင်မည့် Oven အခက်အခဲသာဖြစ်သည်။ မေ ရွာမှာနေတုန်းကတော့ မုန့်ဖုတ်ချင်ရင် လက်ဘက်ရည်ဆိုင်မှာ ရှိလေ့ရှိသည့် နံပြားဖိုကို ငှားသည်။ မနက်မိုးလင်းလို့ လက်ဘက်ရည်ဆိုင်က နံပြားဖုတ်ပြီးချိန်တွင် မေ အတင်း ဝင်တိုးလေ့ရှိသည်။ဆိုင်ရှင်က အသိဆိုတော့ မေ့အကြောင်းသိနေပြီ။ မေရစ်သီ ရစ်သီလုပ်ပြီးဆို မုန့်ဖုတ်ချင်လို့လားလို့ မေးလေ့ရှိသည်။ အဲ့ဒီလိုကို သူများနံပြားဖိုကို အပိုင်စီးတာ။

ပြောနေရင် လေကြောက ရှည်လာအုံးမယ်။ ငှက်ပျောသီးမုန့် စပြီးဖုတ်ကြရအောင်။

ပါဝင်သော ပစ္စည်းများ
၁။ ဂျုံမှုန့် (၃)ခွက် (ထမင်းပေါင်းအိုးတွင်ပါသော ဆန်ချိန်ခွက်နှင့် တိုင်းတာနိင်သည်(သို့) တစ်ခွက်လျှင် 250 ml နှင့် တိုင်းတာနိုင်ပါသည်)
၂။မုန့်ဖုတ်ဆိုဒါ ကော်ဖီဇွန်း (၁)ဇွန်း
၃။ဆား ကော်ဖီဇွန်း (၁)ဇွန်း
၎။baking powder (ဆိုဒါကဲ့သို့သော မုန့်ဖုတ်ပေါင်ဒါ) ကော်ဖီဇွန်း တစ်ဝက်
၅။ အမုန့်ပြုလုပ်ထားသော သစ်ဂျပိုးခေါက် ကော်ဖီဇွန်းတစ်ဇွန်း (မရှိလျှင် မထည့်လဲရပါ၏)

၆။သကြား (၂) ခွက်
၇။ဆီ (၁)ခွက်
၈။ကြက်ဥ (၃)လုံး
၉။vanilla extract(အအေးဖျော်ရာတွင် သုံးသည့် သစ်ခွရည်အဆီ) ကော်ဖီဇွန်း ၁ဇွန်း (နှင်းရည်အသုံးပြုနိုင်ပါသည်)
၁၀။ငှက်ပျောသီး (၄)လုံး(သီးမွှေးရလျှင် ပို၍ ကောင်းပါသည်)

ပြုလုပ်ရန် အဆင့်ဆင့်
၁။ အခွံနွှာထားသော ငှက်ပျောသီးများကို ခက်ရင်းနှင့် ထိုးဆွ၍ မွမွခြေပါ။


၂။ အမှတ်စဉ်(၁)မှ(၅)အထိ ပါဝင်ပစ္စည်းများကို အတူတူရောစပ်၍ ဇကာလေးနှင့် စစ်ပေးလိုက်ပါ။


၃။ အမှတ်စဉ် (၆)မှ (၉) ပါဝင်ပစ္စည်းများကို အတူတူရောပေးပါ



ထို့နောက် သမအောင် နာနာလေး ခေါက်မွှေပေးပါ။ မွှေစက်ရှိနေလျှင်တော့ စက်သုံးပြီး မွှေလိုက်ယုံပါပဲ။

၃။ အားလုံးနှံ့စပ်သွားလျှင် ငှက်ပျောသီးထည့်၍မွှေ ၊ ထို့နောက် ရောစပ်ထားသော ဂျုံမုန့် ထည့်ဝင်ပြီး ဖြည်းဖြည်းနှံ့စပ်အောင်မွှေပေးလိုက်ပါ။
အားလုံး ညီညွတ်စွာ နှံ့စပ်သွားပြီးဆိုလျှင်တော့ ကိတ်မုန့်ဖုတ်ရန် အနှစ်သားလေး ရပါပြီ။
အိမ်တွေ လိုက်ပို့ရလွယ်အောင် ခွက်သေးသေးလေးတွေကိုပဲ သုံးမယ်နော်။ ခွက်အကြီးကြီးဆို လှီးနေရအုံးမယ်။
ဒီတော့ စက္ကူခွက်သေးသေးလေးနဲ့ တစ်ခါထဲ ပြီးအောင်သုံးမယ်။
မုန့်နှစ်သား ထည့်လျှင် မိမိသုံးသည့် ခွက်တစ်ဝက်မျှသာ ထည့်ပေးရပါမည်။ သို့မှသာ ပွလာမည့် အရှိန်နှင့် အလောတော်ဖြစ်ပေလိမ့်မည်။ မေကတော့ ချော့ကလက်အသေးလေးတွေကို အပေါ်က တင်ထားပေးမယ်။ အပေါ်မှာ ခရင်မ်တွေ မသုံးချင်လို့။
၎။ Oven ကို 180'c အပူပေးထားပါ။ အာဗန်မရှိလျှင်တော့ နံပြားဖိုသော်လည်းကောင် ၊အပေါ်မီးအောက်မီးသုံး၍သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ကိတ်မုန့်က ပွလာမည် ဖြစ်သောကြောင့် အကွာအဝေး ခပ်မြင့်မြင်နှင့် ကျယ်ဝန်းစွာ ထားပေးရန်တော့ လိုအပ်ပါသည်။
၅။Oven အသင့်ဖြစ်ပြီးဆိုလျှင် အစီအရီထည့်ထားသော ကိတ်မုန့်ကို Oven ထဲ ထည့်ပါ။


၆။ (၂၅) မိနစ်မျှ ဖုတ်ပြီးလျှင်တော့ သီးမွှေးငှက်ပျောသီးနှံ့မွှေးမွှေးလေးနှင့် ကိတ်မုန့်ရပါပြီ။ (မုန့်ကျက်လား မကျက်လားသိချင်လျှင် အသုံးမပြုရသေးသော သွားကြားထိုးတံလေးနှင့် မုန့်ထဲသို့ ထိုးကြည့်နိုင်ပါသည်။ ဝါးတံလေးတွင် မုန့်များ ကပ်ပါလာပါက မကျက်သေးပါ။ မည်သည့်မုန့်အသားမှ ကပ်၍ပါမလာလျှင် သင်၏ ကိတ်မုန့်လေး ကျက်သွားပါပြီ။
ထိုနောက် Oven ထဲမှ ထုတ်ပြီး အအေးခံနိုင်ပါပြီ။



စားသုံးရန် အသင့်ဖြစ်နေသော ကိတ်မုန့်လေးများကို သူငယ်ချင်းတွေဆီ အိမ်တိုင်ရာရောက် ပို့ပေးပါမည်။
Halloween လဲ နီးလာပြီး ဖြစ်သောကြောင့် halloween လက်ဆောင် ချော့ကလက်တွေကို အရည်ပျော်အောင်ကျိုချက်ပြီး ပုံစံခွက်ထဲ လောင်းထည့်ထားသည့် လင်းနို့ချော့ကလက်နှင့်


သုံးဆောင်နိုင်ပါသည်ရှင်။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်















1 comment:

  1. တားတားချားချင်အောင်လုပ်နေရယ်နော်
    အတုန်ချားကျစ်မှာ

    လည်လည်လာရောက်ကာ စာတွေဖတ်သွားပါတယ်နော်
    followerလုပ်ခဲ့ပါတယ်နော် ခင်မင်ချင်လို့ ပါ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်