Followers

Sunday 9 September 2012

မေသဇင်၏ မမေ့နိုင်စရာ ငယ်ဘဝပုံရိပ်များ

ဖြတ်သန်းလာရသည့် ကာလတစ်လျှောက်မှာ အမှတ်တရတွေ များစွာရှိခဲ့ကြမှာပါပဲ။မေကိုယ်တိုင်မှာလဲ အမှတ်တရများစွာရှိခဲ့တာပေါ့။ မေ့ရဲ့ မမေ့နိုင်စရာ အမှတ်တရတွေအကြောင်းပြောရမည်ဆိုလျှင်ကုန်နိုင်မည်မထင်။ အမှတ်ရစတရာအများကြီးထဲမှ ရင်ထဲ စွဲကျန်လွန်းသည့် အမှတ်တရများကို ဆွဲနှုတ်ဖော်ပြပေးပါမည်။

(၁)
မေ မပီကလား ပီကလား စကားပြောတတ်တဲ့ အရွယ်က အမှတ်တရကနေပဲ စပြီးပြောရမှာပဲ။
ကလေးငယ်တွေရဲ့ မိခင်အပေါ် ချစ်ခင်စွဲလမ်းမှုကို လူတိုင်းကိုယ်စီခံစားဖူးခဲ့ကြမှာပါပဲ။ မေလဲ မိခင်ကို စွဲလမ်းချစ်ခင်သူတစ်ယောက်ထဲမှာ အပါအဝင်ပေါ့။ ဘယ်လောက်တောင်များ စွဲလမ်းခဲ့သလဲဆိုရင် မေတို့အိမ်က မိသားစုဝင်တွေရဲ့ နာမည်ကိုမေးတိုင်း မေ့ရဲ့ မေမေနာမည်ကိုပဲ တမ်းတမ်းစွဲပြောခဲ့တယ်။ အမေ့နာမည်ကသာ မေ့ရဲ့အသိ၊မေ့ရဲ့ နှလုံးသားထဲမှာ စွဲနေတာထင်ပါရဲ့။
“သမီးအဖေ နာမည်ဘယ်လိုလဲ”
စသည့် မေးခွန်းများ မေးမြန်းခြင်းခံရလျှင်တောင်မှ မေ ပြန်ဖြေလိုက်သည့် နာမည်သည် မေ့ရဲ့ မေမေနာမည်။
မေမေ့နာမည်မှာ “ပွင့်” ဆိုတာ ပါတယ်။
မေက စကားကို မပီကလား ပီကလားပြောတတ်ချိန်လေးဆိုတော့ “ပွင့်”ကို ”ပွင့်” လို့ ပီသအောင်မခေါ်နိုင်ပဲ “ပစ်”လို့ အသံထွက်တယ်။
ဒါကြောင့် လူကြီးတွေက နာမည်မေးတိုင်း
“သမီး မေမေနာမည်ဘယ်လိုခေါ်လဲ”
“မေမေ ပစ်”
“သမီး ဖေဖေနာမည် ဘယ်လိုခေါ်လဲ”
“ဖေဖေပစ်”
“သမီးနာမည်ဘယ်လိုခေါ်လဲ”
“မီးမီးပစ်”
“သမီး မောင်လေးနာမည်ရော ဘယ်လိုခေါ်လဲ”
“မောင်မောင်ပစ်”
မေ့ရဲ့ တစ် “ပစ်”ထဲ “ပစ်” နေတဲ့ အဖြေတွေကို သဘောကျရင်း ခဏခဏ မေးနေကြတာပေါ့။
ဒီလိုနဲ့ပဲ မေ့ရဲ့ အပြောလှပုံကြောင့် မေတို့ တစ်မိသားစုလုံး “ပစ်”မိသားစု ဆိုပြီး ဝက် မိသားစု ဖြစ်သွားကြပါလေရော။

(၂)
ဒုတိယ မမေ့နိုင်စရာတစ်ခုကတော့ မေ တစ်နေ့လုံး အရိုက်ခံရတဲ့ နေ့ပေါ့။
ထိုအချိန်တုန်းက ဆံပင်ကောက်တွေ ခေတ်စားနေတဲ့ အချိန်လေ။ မိန်းကလေးတွေရဲ့ ခေါင်းတွေကို ကြည့်လိုက်တိုင်း ဆံပင်လေးတွေကိုယ်စီကောက်ထားကြပြီး လှလှပပ ရှိနေကြတာပေါ့။ မေလဲ မမလှလှတွေကိုကြည့်ပြီး သူတို့လိုပဲ လှချင်ပချင်လာတာ ထင်ပါရဲ့။ မေ့ရဲ့ ဖြောင့်စင်းစင်းဆံပင်လေးတွေကို ကောက်ချင်လာတာပေါ့။ ဒါကြောင့် မိဘတွေကို မေ့ရဲ့ ဆံပင်တွေကောက်ပေးဖို့ပူဆာမိပါတယ်။ ခက်တာက စကားကိုတောင် ပီအောင်မပြောတတ်သေးတဲ့မေက မေ့ရဲ့ ဆံပင်တွေ ကောက်ချင်တာကို ပီသအောင်မပြောနိုင်ဘူးလေ။
မေက ပီသအောင်မပြောနိုင်တော့ မိဘတွေက မေဘာပြောလဲဆိုတာ နားမလည်ဘူးပေါ့။ မိဘတွေက မေပြောတာကို နားမလည်တော့ မေက စိတ်ဆိုးပြီးငို ၊ မေအော်ကြီးဟစ်ကျယ် ငိုနေတာကို မိဘတွေက စိတ်ညစ် ကြာလာတော့ ငိုချင်းကမဆုံးနိုင် အဆက်မပြတ်ငိုနေတဲ့မေ စတင်ပြီး အရိုက်ခံရပါလေရော။ မေကလဲ တစ်ခုခုလိုချင်ပြီးဆိုရင် ဇွဲကောင်းကောင်းနဲ့ မရမချင်း ငိုတတ်တာ ငယ်ငယ်ထဲက အကျင့်။
ငိုလို့ပင်ပမ်းရင် အိပ်တယ်၊အိပ်ရာနိုးရင် ပြန်ဆက်ငိုတယ်။ အဲ့လို ငိုနေချိန်မှာ နှပ်တွေထွက်လို့ လာပြီးသန့်ရှင်းရေး လုပ်ပေးရင် နှပ်လာညစ်ပေးမှုနဲ့ ပြန်ဆက်ငိုတယ်။မိဘဆိုတော့ ငါ့သမီးလေး ငိုရတာမောနေမှာပဲလို့ တွေးပြီး ရေလေးလာတိုက်ရင် ရေလာတိုက်မှုနဲ့ ထပ်ငိုတယ်။ အဲ့ဒီလိုကို မပြီးဆုံးတမ်း ရက်ဆက်ပြီးငိုတတ်တာက မေ့အကျင့်။
ခုလဲ ဆံပင်ကောက်ချင်တာကို မကောက်ရလို့ စတင်ငိုပါပြီ။ မေက
“ဟီး ဟီး မေမေ မီးမီးပင်ကောက်မယ်”
“ပင်ကောက်မယ်...ဘာပင်ကောက်ချင်လဲသမီး။ငါ့သမီးဘာလိုချင်လဲပြော”
“ပင်ကောက်မှာပါဆို”
“အေးလေ ပင်ကောက်မယ်ဆိုတာ မေမေသိပြီး ၊ဘာပင်ကို ကောက်ချင်တာလဲ သမီး”
မေမေက ဘာပင်ကောက်ချင်တာလဲ မေးတော့ မေက ဆံပင်တွေ ဆွဲပြတယ်။ မေမေနဲ့ ဖေဖေက အဓိပ္ပါယ်တွေ ကောက်ယူမှားပြီး မေစိတ်ဆိုးလို့ ကိုယ့်ဆံပင်တွေ ကိုယ်ပြန်ဆွဲနေတယ် ထင်ပြီး မေ့ကို
“ဆံပင်တွေမဆွဲနဲ့သမီး ။ သမီးဆံပင်တွေ နာလိမ့်မယ်(မိဘမေတ္တာ ...မိဘမေတ္တာ)။”
“ပင်ကောက်မယ်ဆို ပင်ကောက်မယ်”
ကိုယ်ပြောတာကို နားမလည်..အမူအရာနဲ့ လုပ်ပြတော့လဲ နားမလည်တော့ မေက စိတ်ဆိုးပြီး သံကုန်ခြစ်အော်ပါလေရော။
အဲ့လိုနဲ့ပဲနာရီပေါင်းများစွာ ဆံပင်ကောက်ဖို့အရေးကိုပူဆာနေတာ ၊နားမလည်တဲ့ မိဘတွေကြောင့် မေဆိုနေတဲ့ အရေးက မအောင်မြင် ၊ မေက စိတ်တွေဆိုးပြီး အော်ဟစ်ငိုနေလိုက်တာ။ နောက်ဆုံးတော့ ပင်ပမ်းလာတဲ့ မိဘတွေက စိတ်ဆိုးပြီးရိုက်တဲ့ အထိပါပဲ။
”ဖေဖေကဆို သမီးဘာဖြစ်ချင်လဲပြော”
“ပင်ကောက်ချင်ပါတယ်ဆို”
“ဖင်ကောက်ချင်တာလားသမီး ၊သမီးဖင်က ကောက်လို့မရဘူးလေ”
ဖေဖေက အမူအရာနဲ့ တင်ကောက်ပြတော့ မေက မေ့ကိုလှောင်တယ်ဆိုပြီး သံကုန်ခြစ်အော်ငိုတာပေါ့။ အဲ့ဒီနေ့ အရိုက်ခံရင်း ငိုရင်း ညှိနှိုင်းရင်းနဲ့ တစ်နေကုန်နီးပါးမှာ ကံကောင်းချင်တော့ အိမ်ရှေ့ကနေ ဆံပင်ကောက်ထားတဲ့ မမတစ်ယောက် ဖြတ်လျှောက်တာတွေ့သွားလို့ မေ့မှာ ဝမ်းသာအားရ
“ဟိုမမလို ဖင်ကောက်မယ်”
သံကုန်ခြစ်အော်လိုက်တာ အိမ်ရှေ့က မမမှာတော့ မျက်နှာလေး ပန်းရောင်စွန်းလို့။ အင်းလေး သူ့မှာလဲ မေ အသံထွက်သလို ကိုယ်လုံးအနေအထားမျိုးကိုး။ မေကတော့ ဒါတွေဘယ်သိပါ့အုံးမလဲ။(အဲ့ဒီမမို ခုချိန်ထိမျက်နှာပူတုန်း..ပူမှာပေါ့..မေအလှကြိုက်ပုံကို ခုချိန်ထိ တွေ့တိုင်း စနေတာကိုး)။ မမတစ်ယောက်လုံးကိုပြပြီး ဖင်ကောက်မယ်လို့ပြောတာကို သဘောမပေါက်တဲ့ မိဘတွေကိုမေက
“အဲ့ဒီမမလို ဖင်ကောက်မယ်..အဲ့ဒီမမလိုပင်ကောက်မယ်”
ဆိုပီး မေ့ဆံပင်တွေ အဆက်မပြတ် ဆောင့်ဆွဲပြနေတော့မှ
“ဩော်..ငါ့သမီး ဆံပင်ကောက်ချင်နေတာလား”
“ဟုတ်တယ် ဟုတ်တယ်..ပင်ကောက်မယ်”
မေရဲ့ ဝမ်းသာအားရဖြေသံအဆုံးမှာ မိဘနှစ်ပါးက ငိုအားထက် ရယ်အားသန်ခဲ့ရလေပြီ။

(၃)
နောက်ထပ် မမေ့နိုင်စရာ အဖြစ်ပျက်လေးတစ်ခုကတော့ ရုံးအပြန်နောက်ကျတဲ့ ဖေဖေ့ကို မျှော်နေမိတဲ့ ညနေခင်းပေါ့။
ညနေရောက်တိုင်း ဖေဖေရုံးပြန်လာချိန်ကို မျှော်တတ်တဲ့မေက ခုလိုနောက်ကျတဲ့နေ့မျိုးဆို တစ်မျှော်ထဲမျှော်လို့မဆုံးပေါ့။မျှော်ရင်လဲ ဒီအတိုင်းမျှော်နေမိတာတော့မဟုတ်။ ပါးစပ်ကလဲ ဆီမန်းမန်းသလို တရစပ်အော်နေလေ့ရှိတတ်တာပါ။
ဥပမာ“ ဖေဖေရေ လာပါတော့ မေလေးတစ်မော့မော့”
အဲ့လိုလကာင်္လေးနဲ့ မျှော်တတ်တာ ငယ်ငယ်က မေ့နာမည် မေလေးလို့ မတွင်ခဲ့ဘူး။
အဆော့သန်ပြီး ညစ်ပတ်လွန်းလှတဲ့မေဟာ ငယ်ငယ်ကဆို နှပ်ချေးတွဲလောင်းနဲ့(ဟိ) ဒေါင်းတောက်အောင်ဆော့နေသူလေ။ နှပ်တွေထွက်လာရင် သန့်သန့်ရှင်းရှင်းသုတ်ဖို့ မစဉ်းစားပဲ လက်ခုံလေးနဲ့ “ရွှတ်”ခနဲ့ ပါးပေါ်ဆွဲတင်လိုက်တဲ့ အကျင့်က ဘယ်သူနဲ့ တူမှန်းမသိ။ (စာဖတ်နေတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်နဲ့ တူတယ်နေမှာ) လက်ခုံလေးနဲ့သုတ်လိုက်တော့ ဖုံတွေသဲတွေနဲ့ ညစ်ပတ်နေတဲ့ လက်ရယ်စေးကပ်ကပ်နှပ်တွေကြောင့် မေ့ပါးပြင်လေးပေါ်မှာ အစင်းကြောင်းတွေကထင်းလို့။ ပါးပြင် ဘယ်ညာနှစ်ဖက်အစင်းကြောင်းလေးတွေ ထင်းနေတဲ့ မေ့ကို အိမ်မှာမွေးထားတဲ့ကြောင်လေးရွှေဝါနဲ့ တူတယ်ဆိုပြီး ”မိရွှေဝါ” လို့ နာမည်ပေးထားကြတာ။
အဖေရုံးအပြန်မျှော်နေတဲ့ မေက လကာင်္လေးနဲ့
“ဖေဖေရေ လာပါတော့ မိရွှေဝါ တစ်မော့မော့”
မလာမချင်း မနားမနေ အဆက်မပြတ် အဲ့ဒီလိုအော်လေ့ရှိတာ။ အဲ့ဒီနေ့က မေမေက ကရင်အကျီ င်္လေး ဝတ်ထားပေးတယ်။ ကရင်အကျီ င်္ဆိုတော့ သိတဲ့အတိုင်း ရင်ပတ်တွေ ဂျိုင်းတွေမှာ အကျီ င်္ကိုအလှဆင်ထားတဲ့ အမွေးတွေပါတယ်လေ။ မီးမလာတဲ့ညနေခင်းလေးမှာ ဖယောင်းတိုင်လေးထွန်းထားတဲ့ မေ့အိမ်ရှေ့ကပြင်လေးမှာ ဖေဖေပြန်အလာကိုမျှော်ရင် စောစောက ရွတ်ပြနေတဲ့ သီချင်းလေးကဆိုနေတာပေါ့။ ပါးစပ်က သီချင်းလေးဆိုပြီး အငြိမ်မနေသလို လက်ကလဲ အငြိမ်မနေတတ်ဘူးလေ(အငြိမ်မနေနိုင်တာကိုက မေ့အကျင့်)
“ဖေဖေရေ လာပါတော့ မိရွှေဝါတစ်မော့မော့”
ဆိုပြီး လက်က အကျီ င်္က အမွေးလေးကိုဆွဲပြီး ဖယောင်းတိုင်မီးနဲ့ ရှို့ရှို့နေတာ။
“ဖေဖေရေ လာပါတော့ မိရွှေဝါတစ်မော့မော့”
တစ်ချက်ပြော တစ်ချက်ရှို့လုပ်နေလိုက်တာ ရင်ဘတ်က အကျီ င်္အမွေးလေးတွေကုန်ပြီး ရင်ဘတ်ကြီးမီးစွဲတဲ့ အထိပဲ။(မေမေက အိမ်အနောက်မှာ ညစာပြင်နေတာ)။ ရင်ဘတ်ကြီးလဲ မီးလောက်လို့ ပူလာရော မေ့က သံကုန်ခြစ်ပြီးအော်တာပေါ။ ဒီတိုင်း
“မီးပူတယ်..ပူတယ်”  အော်ပါလား..အဲ့လိုအော်ဖို့တော့ သတိမရဘူး..။စောစောက ဆိုနေတဲ့သီချင်း
“ဖေဖေရေ လာပါတော့ မိရွှေဝါတစ်မော့မော့”
ဆိုတာကြီးကိုပဲ အဆက်မပြတ်သံကုန်ခြစ်နေလိုက်တာ ရုတ်တရက် ဘယ်သူမှလဲ မသိ.နောက်မှ မေမေက ဒီကလေးမ ငိုနေတာ ငယ်သံပါအောင်ပဲ ဘာဖြစ်နေလဲ လာကြည့်တော့ မေ့ ရင်ဘတ်မီးလောင်နေပြီ။ကံကောင်းလို့ အသက်မသေ ၊အိမ်တွေမီးမလောင်တာ။

(၄)
နောက်ထပ်မမေ့နိုင်စရာတစ်ခုကတော့ မေမေနဲ့မေ ချောင်းထဲမှာရေသွားချိုးတဲ့နေ့လေးတစ်နေ့ပါ။ အမေ အဝတ်လျှော်ချိန်မှာ မေက ချောင်းထဲမှာ ဖျံလိုရေကူးရေဆော့ရင်း မေမေအဝတ်လျှော်အပြီးကို စောင့်နေတာပေါ။ (အမှန်တော့ မေက ရေဆော့ချင်လို့ လိုက်ရှုပ်တာ) မေ့ရဲ့ တစ်နှစ်ခွဲကျော်ကျော်လောက်သာရှိသေးတဲ့ မောင်လေးကို ဝမ်းကွဲအစ်ကိုတွေက ထိန်းထားပေးတယ်။
အစ်ကိုတွေကလဲ ကိုးနှစ်ဆယ်နှစ်ကျော်လေးတွေဆိုတော့ ကစားကလဲ မက်တာပေါ့။ အစ်ကိုတွေနဲ့ အိမ်နားက ရွယ်တူအစ်ကိုသူငယ်ချင်းတွေ ဂေါ်လီလှိမ့်တမ်းကစားနေတာ သူတို့ထိန်းနေတဲ့ မောင်လေးကို မေ့သွားပါလေရော။ မောင်လေးကလဲ လေးဘက်ထောက်သွားတတ်ယုံလေး။ သူ့ဘာသာသူ လေးဘောက်ထောက်လေးသွားတာ ကျင့်နေတာပါ။သူက လေးဘက်ထောက်သွားတာကျင့်တာ ဒီတိုင်း မေတို့မြေဝိုင်းလေးထဲမှာ မကျင့်ပဲ လမ်းမပေါ်တက်သွားတယ်။ ဒါကိုကစားနေတဲ့ အစ်ကိုတွေကလဲ သတိမထားမိဘူး။ အဲ့ဒီအချိန်မှာရေစုတ်စက်တွေ ၊ပိုက်တွေတင်လာပြီး လယ်ထဲဆင်းဖို့သွားနေသော နွားလှည်းတစ်စင်းက မောင်လေးလေးဘက်ထောက်ကျင့်နေတဲ့ ကျင့်ကွင်းထဲသို့ တည့်တည့်။
နွားက ကလေးတွေ့ပြီးမသွားတော့ဘူး၊ဒါကို လှည်းမောင်နေသော သခင်က မေ့အစ်ကိုတွေကစားနေတဲ့ ဂေါ်လီဝိုင်းကို လှမ်းငေးရင်းကြိမ်လှမ်းထိုး၊နွားက ကလေးကိုမနင်းချင်တော့ ကလေးကိုခုန်ကျော်သွားတာ(နွားမောင်းသူ ကလေးကိုမတွေ့ပါ၊တွေ့မြင်သူက အလန့်တကြားအော်ပြီးတားတာကို မကြားခဲ့ပါတဲ့)။ နွားက အသိဥာဏ်လေးနှင့် မနင်းဘူးဆိုသော်ငြား လှည်းဘီးက အသိဥာဏ်မရှိတော့ မောင်လေးကျောကို ဖြတ်ကြိတ်သွားပါတော့၏။
မောင်လေး လှည်းကြိတ်ခံရတယ်လို့ လမ်းမက အော်ပြောသံကို ချောင်းထဲက မေမေ့က ကြားတော့ သားဇောနဲ့ စိတ်ပူပြီးကမ်ပေါ်ကိုပြေးအတက် ရေထဲဆော့နေတဲ့ သမီးကိုလဲ သတိရသွားတော့ ရေထဲပဲ ပြန်ဆင်းပြီး သမီးဆင်းခေါ်ရမလား၊သားဆီပဲ ပြေးသွားရမလား ဝေခွဲရခက်နေတဲ့ အမေ။ မပဋာ မြေလူးတာကိုမမြင်ဖူးလို့ မသိပေမဲ့ အမေ့ရဲက ဗျာများနေတဲ့ မျက်နှာကိုတော့ မမေ့ခဲ့ပါ။

(၅)
နောက်ထပ်မမေ့နိုင်စရာကတော့ မောင်လေးကိုဆေးကုဖို့ ရန်ကုန်သွားကြတုန်းကပေါ့။
မောင်လေးလှည်းကြိတ်ပြီးတော့ ဘာရောဂါလက္ခဏာမှ မပြခဲ့ပါ။ ကျောပြင်ပေါ် လှည်းဘီးရာကြီး စလွယ်သိုင်းထင်ကျန်နေရစ်ခဲ့တာကလွှဲ၍၊ကြိတ်ခံရစဉ် ဝမ်းထဲမှ မစင်တွေ တစ်တောင်အကွာလောက်အဝေးသို့ အရှိန်နှင့် လွှင့်စင်သွာယုံမှလွှဲ၍ အခြားနာကျင်မှုဝေဒနာ ထူးခြားစွာမပြခဲ့ပါ။ အရိုးတစ်ချောင်းမျှသော်ကျိုးကြေသွားခြင်းမရှိခဲ့။ သို့သော် အရွယ်တိုင်၍ လမ်းလျှောက်တတ်ချိန်မှာ လမ်းမလျှောက် စကားပြောချိန်မှာ စကားမပြော၍ ရန်ကုန်သို့သွားပြီး ပါရဂူနဲ့ သွားရောက်ကုသရန် ရန်ကုန်သို့ သွားခဲ့ကြပါသည်။ထိုအချိန်တွင် မေမေသည် တတိယကိုယ်ဝန်ကိုလွယ်ထားခဲ့ပြီ။
တောမှာနေပြီး တောမှာကြီးပြင်းခဲ့သည့် မေမေသည် ရန်ကုန်ဆိုသည့် မြို့တော်နှင့်လဲ မနီးစပ်ခဲ့ပါ။ အထူးသဖြစ်ရန်ကုန်မြို့များရှိ ကုန်တိုက်ကြီးများ၊ထိုကုန်တိုက်များတွင် ထားရှိခဲ့သည့် စက်လှေခါး၊ဓာတ်လှေခါးများနှင့် မနီးစပ်ခဲ့ပါ။
သမီးတစ်ဖက်၊ မကျန်းမာသည့်သားတစ်ဖက်၊ ကိုယ်ဝန်တစ်ဖက်နှင့် မေမေအတော်ကို ပင်ပမ်းခဲ့မှာပင်။ ထိုအချိန်က မေလဲ နားလည်သည့်အရွယ်မဟုတ်၍ အမေ့ရဲ့ ပင်ပမ်းမှုကို စာနာပေးခြင်းမရှိနိုင်ခဲ့ပါ။ ဖေဖေက ထိုရန်ကုန်မြို့တစ်နေရာတွင်ပင် သင်တန်းလရှည်တက်နေရသည်။ စနေ၊တနင်္ဂနွေ နေ့များတွင်သာ တည်းခိုအိမ်သို့ လာရသည်။ကျန်သည့် တနလာင်္မှ သောကြာနေ့အထိ ကလေးနှစ်ယောက်ကိုယ်ဝန်မပေါ့မပါးနှင့် မေမေတစ်ယောက်ထဲသာ။
အဖြစ်အပျက်ကိုမေသေချာမမှတ်မိတော့ပါ။ ဖြစ်ပျက်ပုံက မြန်ဆန်လွန်းသည်။ မေ့သိလိုက်တာ ကုန်တိုက်တစ်ခုကိုအသွားမှာ စက်လှေခါး၊ဓာတ်လှေခါးကိုကြောက်တတ်သည့်မေမေ စက်လှေခါးပေါ်အတက်မှာ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ရင်း ထမိန်စနှင့် စက်လှေခါး ညှပ်ကာ ပြုတ်ကျရင်း လှေခါးခြေရင်းမှာ ပက်လက်လေး ခွေနေသည်။ အသံကြား၍ မေလှည့်ကြည့်တော့ မောင်လေးနှင့် မေမေ လှေခါးရင်းမှာ လဲလို့။မေက မေတို့တည်းခိုသည့် အိမ်ရှင် နှင့်အပေါ်သို့ ရောက်လုပြီး။
ကိုယ်ဝန်နှင့် လှေခါးခြေရင်းမှာ ပက်လက်လေးလဲနေသည့်မေမေ ကြောက်အား၊လန့်အားငိုနေသည့် မောင်လေး ထိုမြင်ကွင်းလေးသည် မေ့အတွက် မေ့မရသည့်မြင်ကွင်းလေးတစ်ခုပါ။
ထိုကိုယ်ဝန်သည် မပျက်ခဲ့ပါ။
သို့သော် ထိုကိုယ်ဝန်မှမွေးလာသည့် ရင်သွေး သမီးငယ်လေး၊မေ့ညီမလေးသည် ဘဝကံမကောင်းရှာ မွေးဖွားပြီး (၅)ရက်အကြားတွင် သေဆုံးခဲ့သည်။
ဆေးရုံမှ ညီမလေး၏ အလောင်းကိုကြေကွဲစွာ ပိုက်ထွေးပြီးပြန်လာသည့် မေမေ့ရဲ့ အငိုမျက်နှာကိုကြည့်ပြီး ထိုနေ့ညက မေနှစ်ခြိုက်စွာ စားနေသည့် ဝက်သားဟင်းနှင့် ထမင်းကိုကုန်အောင်မစားနိုင်ခဲ့ပါ။ ညီမလေးသေဆုံးတာကို ကြေကွဲရမည်ကိုသေချာ မသိသေးပေသော်လည်း ကြေကွဲစွာငိုနေသည့် မေမေကြောင့် မေကြိုက်နှစ်သက်ခဲ့သည့် ဝက်သားဟင်းကို ကုန်အောင်မစားဖြစ်ခဲ့ပါ။

(၆)
နောက်ထပ် မမေ့နိုင်စရာတစ်ခုကတော့ မေ (၄)တန်းရောက်နေပါပြီ။
ဖေဖေသင်တန်းတစ်ခုမှအပြန် (ရုံးကိစ္စ၊သင်တန်းကိစ္စများနှင့်  ဖေဖေသည် မိသားစုနှင့်ဝေးကွာ အိမ်မှာရှိနေနိုင်သည့်အချိန်နည်းပါးခဲ့သည့် ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ဖူးသည်) မေ့အတွက် လက်ဆောင် ဝယ်လာပေးသည့် အဖြူရောင်အခံတွင် အနီရောင်အတုံးအကွက်၊အပွင့်များပါသော ဂါဝန်တစ်ထည် ဝယ်လာခဲ့သည်။ ထိုဂါဝန်လေးသည် လေထီးကြီးပမာ ကြီးမားပြန့်ကားနေသည့် လေထီးဂါဝန်ဖြစ်သည်။
တောမြို့ကျောင်းလေး၏ ထုံးစံအတိုင်း စနေတနင်္ဂနွေ ကျောင်းပိတ်ရက် အချိန်ပိုခေါ်လေ့ရှိသည်။ တနေ့သော အချိန်ပိုတွင် မေက ထိုအကျီ င်္အသစ်လေး ကျောင်းသို့ဝတ်သွားသည်။ ကြွားချင်တာပါ။အဖေဝယ်လာသည့် အကျီ င်္အသစ်လေးဆိုပြီး ကြွားလိုက်ရတာအမော။ အဲ့ဒီလိုအကျီ င်္ပုံမျိုးကိုလဲ ကိုယ့်ရွယ်တူသူငယ်ချင်းတွေဆီမှာမှ မရှိတာ။ ဒါတွေက မြို့မှာဝတ်နေကြသည့် ဖက်ရှင်လေ(မြင်ယောင်ကြည့်ကြနော်)။
ဒါပေမဲ့ အဆော့သန်လှသည့်မေသည် အကျီ င်္သစ်လေးဝတ်ပြီး ဒီတိုင်းမနေ ၊အချိန်ပိုအပြီးတွင် သူငယ်ချင်းဖြစ်သူ ချို ၏ အိမ်သို့ အလည်လိုက်ခဲ့သည်။ အကျီ င်္သစ်ကို အိမ်လည်ပြီးကြွားတာ။ ချို တို့အိမ်ကို သွားလည်ယုံနှင့်မပြီး ချိုတို့ပိုင်ဆိုင်သည့် ကိုင်းတောထဲသို့ သွားစကားရန်တိုင်ပင်ကြပြီး သူငယ်ချင်းအားလုံးချီတက်လာခဲ့ကြသည်။ အရင်ကလဲ သွားကစားနေကြပါ။
ဆောင်းရာသီဖြစ်သောကြောင့် ရာသီပေါ် ဇီးသီးများက ပင်လုံးကျွတ်မျှ ဝေဝေဆာဆာ။ ဇီးပင်ပေါ်မှာ ပြွတ်ခဲနေအောင်သီးနေသော ဇီးသီးတွေက မျောက်ရှုံးအောင်ဆော့တတ်သည့် မေ့ရဲ့ စိတ်ကို ဆွဲခေါ်နေပြီ။ စိတ်ခေါ်ရာနောက်လိုက်သည့်မေသည် နောက်ဆုံးတော့ ဇီးသီးကိုမက်ရင် ဇီးပင်ပေါ်မှာ ပြုတ်ကျခဲ့လေသည်။ ဇီးပင်ပေါ်မှ ပြုတ်ကျတာ ရိုးရိုးကျလျှင်တော်ပါသေးသည်..။ ခုတော့.....
ဝတ်ထားသည့် အစမတန်ကားလွန်းသည့် အကျီ င်္စကြောင့်လား၊ဆူးများသည့် ဇီးကိုင်းကြောင့်လား ဘာကြောင့်ရယ်မသိ၊မေ့မှာတော့ ဇီးပင်မှာ ဇောက်ထိုးမိုးမျှော်၊ အကျီ င်္စ တစ်ချို့က ပြန်လည်ကျဆင်းလာပြီး ခန္ဓာကိုယ်ဖုံးနေသည်မှာ လေးထီးက အပင်ပေါ်မှာ ချိတ်နေသည်ထက် လင်းစွဲငှက် အပင်ပေါ် တွဲလွဲစွဲနေသည်နှင့်သာ တူခဲ့ပါသည်။ ဇောက်ထိုးပြောင်းပြန်ချိတ်နေသည်မှာ အသက်ရှုရယုံ ခေါင်းလေးတစ်လုံးသာ မနည်းပေါ်အောင် ခေါင်းရမ်းပြီး နေရသည်ကို။
ထိုနေ့က  အိမ်နှင့်အလှမ်းဝေးသည့် ကိုင်းတောထဲမှ အိမ်သို့ ပြေးပြီး မိဘများကို ခေါ်လာသည့် ချိုကြောင့်  ထိခိုက်ဒဏ်ရာမရှိပဲ ပြန်ဆင်းလာခွင့်ရခဲ့ပေမဲ့ မေကြွားချင်သည့် အကျီ င်္လေးမှာောတ့ မေ့ကိုယ်ဝိတ်ကိုမခံနိုင်ဘူးထင်ပါရဲ့ ။ငိုကြွေးပြီး အပြဲဘဝသို့ ပြောင်းသွားပါလေရော။ မေ့မှာလဲ အပင်ပေါ် အချိန်မှာစွာနေခဲ့ရသည့် နာကျင်မှုကိုမှ သတိမရအား မေ့အကျီ င်္လေးကြောင့် ငိုကြွေးခဲ့မိသည်။ အစွဲအလမ်း။


(၇)
မေ (၆)တန်းလောက်ရောက်တော့ ရည်းစားသနာကိစ္စတွေ စိတ်ဝင်စားစပြုလာပြီ။ ကိုယ်ထားတာတော့ မဟုတ်ပါ။ သူများအတွဲတွေ လိုက်ချောင်းရတာ ဝါသနာပါစပြုလာခဲ့ပါပြီ။
မေတို့ထက် အတန်းကြီးတဲ့ ကိုချစ်နှင့် မနွယ်တို့ရဲ့ အတွဲက မေတို့ ချောင်းနေကြအတွဲပေါ့။ သူတို့နှစ်ယောက်လုံးက ကျောင်းမှာ စတားတွေကိုး။ ကျောင်းကောင်စီအတွင်းရေးမှူးကိုချစ်နဲ့ ကျောင်းကပွဲတိုင်းမှာ မပါမပြီးအဆိုအကကောင်းတဲ့ မနွယ် ၊သူတို့က  လူသိများတယ်လေ။ ကျောင်းမှာ စာစီစာကုံးရေးပြိုင်ရတိုင်း၊မြို့နယ်ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲတွေအတွက် လေ့ကျင့်ရတိုင်းမှာ မေတို့ထက် ဝါကြီးတဲ့ ကိုချစ်က မေတို့ရဲ့ နည်းပြဖြစ်ခဲ့တာပေါ့။ ဒါကြောင့် စနေ၊တနင်္ဂနွေပိတ်ရက်တွေဆို ဆုံဖြစ်ကြတာများတယ်။ ကိုချစ်ပို့ချသမျှ မေအပါအဝင် (၄)ယောက်က လိုက်မှတ်ရတာကိုး။ အဲ့ဒီလိုနေ့တွေမှာ မေတို့ ပြန်ခါနီးချိန်လောက်ဆို မနွယ်က ရောက်ရောက်လာတယ်။
အယ်..... အဲ့ဒီလောက်ဆိုသိပြီးပေါ့။
မေတို့ကလဲ ဘယ်ရပါ့မလဲ။ သူရဲကောင်း (၄)ဖော် ဆိုပြီး ကိုယ့်ဘာသာကိုယ် နာမည်ပေးပြီး အတွဲချောင်းခြင်းလုပ်ငန်းကို စကြတာပေါ့။ သူတို့က ကွမ်းတောကြီးကို အမှီပြု ၊အုတ်နံရံလေးမှီပြီး စတည်းချတာ။ မေတို့ သူရဲကောင်းလေးဖော်က အုတ်နံရံရဲ့ ဒီဘက်အခြမ်းကနေ ခေါင်းလေးပြူးပြီး ချောင်းတာ။
အဲ့ဒီလို ချောင်းရင်းနဲ့ ကိုချစ်နဲ့ မနွယ်က ပွေ့ဖက်ထားပြီး ခေါင်းချင်းတဖြည်းဖြည်းတိုးကပ်လာ........။ မေတို့ခေါင်းလေးလုံးကလဲ အုတ်နံရံပေါ် ကနေ ပိုပြူးတက်လာ။
မေသဇင်တို့ ဘယ်လောက်များ အာရုံများသလဲဆို (အနောက်က တွန်းခံရတာလဲ ပါတာပေါ့) ချောင်းရင်းနဲ့ အရှိန်လွန်သွားပြီး ပြုတ်ကျတာ ကိုချစ်ရဲ့ ထောင်နေတဲ့ ဒူးနဲ့ ရင်းခေါင်းကို စောင့်မိတာ အသက်တောင် မရှုနိုင်။ တော်သေးတယ်။
မေလဲ ပြုတ်ကျရော ကျန်တဲ့ သူရဲကောင်း သုံးဖော်က ခြေကုန်သုတ်ပြေးတာ သူရဲကောင်းဆိုတဲ့ နာမည်နဲ့တောင်မလိုက်။ သူရဲကောင်းဆိုတာက အတွဲချောင်းတဲ့ သူရဲကောင်းကိုး။
ထိုနေ့က ပြုတ်ကျလို့ ဒူးခေါင်းနဲ့ ရင်ခေါင်းထိုးမိပြီး အသက်မရှုနိုင်တဲ့ မေ့ကို ကိုချစ်ကပဲ ဆွဲထူပြီးပြုစုပေးခဲ့ရတယ်။ နားရင်းလဲ တစ်ချက် အုပ်တီးခံရတယ်။ မနွယ်ကလဲ ရှက်လို့ဆိုပြီး တစ်ချိုးထဲ လစ်ပြေးတာပါပဲ။
မေလဲ အဲ့ဒီနေ့က စပြီး ဘယ်အတွဲကိုမှ မချောင်းတော့တာ ယနေ့ထိတိုင်ပါပဲ။ အဟီးးးရှက်သွားတာလေ။

(၈)
မေ (၇)တန်းနှစ်မှာ သိုင်းကစားရတာကို စိတ်ဝင်စားလာတယ်။
အဲ့ဒီတော့ မြန်မာ့သိုင်း၊ဗန်တို၊ဗန်ရှည်နဲ့ တုတ်ရှည်သိုင်းတွေကို ဆရာတစ်ယောက်ဆီက သင်ယူတယ်။ ဆရာက တစ်ယောက်ဆိုပေမဲ့ နှစ်ယောက်ပါ။ တစ်ယောက်မအားရင် ကျန်တစ်ယောက်က ကူတယ်။ ပထမမှာ မြန်မာ့သိုင်းအခြေခံ (၅၃)ကွက်ကို သင်ရတယ်။
အဲ့ဒါက ဆရာတစ်ယောက်။
ပြီးတော့ တုတ်ရှည်သိုင်းကို စသင်တဲ့ အချိန်မှာ တုတ်သိုင်းဆိုတော့ သင်တန်းသွားမယ်ဆိုတိုင်း တုတ်ကြီးကို သယ်နေရတာကိုး။ သင်တန်းက ကျောင်းမှာပဲ။ သင်တန်းသင်တဲ့ ဆရာကလဲ ကျောင်းက ဆရာပဲ။ ပထမအခြေခံသိုင်းကိုသင်ပေးတာ ကျောင်းကဆရာပါပဲ။ ပြီးတော့ မေတို့ ဖေဖေနဲ့လဲ ဆွေးမျိုးတော်စပ်နေသေးတယ်။ အဆင့်မြင့်လာတဲ့ တုတ်သိုင်းတွေကိုတော့ အခြားဆရာက လာသင်တာ။
အင်း....မေက တုတ်သိုင်းလေး စသင်ဆိုတော့ စိတ်က ခပ်ကြွကြွ။ တုတ်လေးတစ်ဝင့်ဝင့်နဲ့ စာသင်ချိန်ဆိုလဲ ဆရာ၊ဆရာမတွေက စာရေးခိုင်းရင် စာမရေးချင်ဘူး၊စာသင်ခန်းရဲ့ အနောက်ဘက် နေရာလွတ်လေးနည်းနည်းမှာ ဟိ...ဟ ။ ဟိ........ဟ လုပ်ပြီး ဟန်ရေးပြနေတာ။
သိုင်းသင်ပေးတဲ့ ဆရာရဲ့ စာသင်ချိန်ရောက်လာတဲ့ အထိကို ဟိ......................ဟ၊ ဟိ...........................ဟ လုပ်နေတုန်း။
“ဆရာက မိရွှေဝါ ” (အဲ့ဒီအချိန်ထိ မိရွှေဝါ နာမည် တွင်နေတုန်း..စာဖတ်သူများ မည်သူ့ကိုမှ အတင်းမချကြေးနော်၊မိရွှေဝါနာမည် ဘယ်လိုရလာလဲဆိုတာ ပြန်မပြောကြေး၊ ဆရာကလဲ အမျိုးဆိုတော့ အဲ့ဒီနာမည်လှလှလေးကိုပဲ နှုတ်ဆွဲပြီး ခေါ်နေတုန်း)
“...............ဟိ.................ဟ၊ ဟိ.....................................ဟ”
“မိရွှေဝါ  ! ! !”
“ဟိ.....................ဟ” (ဂရုကိုမစိုက် ၊ (ငယ်ငယ်ထဲကနေကို မကြောက်တာလေ)
ဆရာက ပြန်မပြောနားမထောင်လုပ်နေတဲ့ မေ့အနားကို လာပြီး မေ ကစားနေတဲ့ တုတ်ကိုလာလုတာ။ မေကလဲ ဒီအတိုင်း ဘယ်ပေးလုခံမှာလဲ။ သိုင်းသင်ထားတယ်လေ..ဟဲ ဟဲ..။
ဆရာ့လက်ကိုရှောင်လိုက် ပြန်ခုခံလိုက်။ ပျော်နေလိုက်တာ။
ဆရာကလဲ ကိုယ့်ဆရာပဲ။ ဒီအရှောင်အတိမ်းတွေကို သူက သင်လာပေးတာ။ မေရှောင်တာလောက်တော့ အပျော့ပေါ့။
ဒီလိုနဲ့ ဆရာနဲ့မေ (အိမ်မှာဆို ဦးငယ်၊ကျောင်းမှာဆို ဆရာလို့ ခေါ်တာ) အပြန်အလှန်တုတ်လုကြတာ ဆရာကပဲ အလုကောင်းတာလား၊မေကပဲ အရှောင်အတိမ်းကျွမ်းကျင်လွန်းတာလားမသိ၊ ဆရာဆီကို ပြန်ယမ်းနေတဲ့ တုတ်က နောက်ပြန်လာပြီး မေ့ဆီ ပြန်လာမှန်တာ
“တိန်း”
ဆရာအာခံ အာခေါင်လှံစူးဆိုတဲ့ ဗျိုင်းဆရာရဲ့ ပုံပြင်ကို ဖတ်ပဲ ဖတ်ဖူးပြီး ကိုယ်တိုင်မကြုံဖူးခဲ့ပေမယ့်၊ ဆရာ့စကားနားမထောင် ခေါင်းအာလူသီးယောင် ဆိုတာတော့ လက်တွေ့ကြုံခဲ့ရပါပြီး။ နှစ်ယောက်လုံးက အရှိန်နဲ့ အသေအလဲ လုနေတာကိုး။ ဆရာတစ်ဖြစ်လဲ ဦးက အခြားတပည့်တွေရှေ့မှာ မေက မထီးလေးစားလုပ်နေတာ(အိမ်မှာဘယ်လိုဆိုးဆိုးပေါ့) ကို လက်မခံပဲ အလျှော့မပေး၊မေကလဲ အတန်းဖော်တွေအရှေ့မှာ တုတ်လုခံရတော့ မပေးချင် အသေအလဲ ပြန်လုတာ နောက်ဆုံးတော့ ဦးခေါင်းအာလူးသီးဖုမှပဲ အရှုံးပေးဖြစ်တော့တယ်။
ဆရာ့စကားနားမထောင်ချင်အုံးလို့ ကိုယ့်ဘာသာကိုယ် တွေးခဲ့မိတယ်။ ခုလိုအရွယ်ရောက်တော့ 
“ဩော် ငါ့ဆရာအပေါ် ငါပြစ်မှားခဲ့တာပါလား။ ဆရာကို အာခံချင်ခဲ့တာပါလား”လို့ တွေးပြီး စိတ်မကောင်းဖြစ်နေခဲ့ရင်း ထိုအချိန်က အဖြစ်ပျက်လေးက ဆရာကျေးဇူးတွေကို ပြန်တွေးမိတိုင်း နောက်ကျောမလုံးစရာ အမှားတစ်ခုအဖြစ် အမှတ်ရနေခဲ့တယ်။

ကျန်ရှိနေသော မမေ့နိုင်စရာ ငယ်ဘဝပုံရိပ် အမှတ်တရများ အချိန်ရလျှင် ဆက်ရန်ရှိသေးသည်။ ဒီနေ့တော့ လက်ညောင်းပြီ။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

1 comment:

  1. တစ်ချိန်တစ်ခါဆီကိုပေါ့ မေ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်