လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက အာဖရိကကို
အလည်သွားရင် ရင်းနှီးလာခဲ့သည့် မိသားစုတွေထဲမှ Daniel ဆိုသည့်ကလေး။
ထိုအချိန်တုန်းက သူ့ရဲ့( ၁၄) နှစ်မြောက်မွေးနေ့နှင့်တောင် ကြုံခဲ့ပါသေးတယ်။
ကာလ အားဖြစ် (၂)နှစ်တာ အတွင်းမှာ
ဒုတိယအကြိမ်ပြန်လည်ဆုံတော့ အရပ်ကြီးက မြင့်မားလို့ ထွားလာလိုက်တာ မှတ်တောင်
မမှတ်မိချင်နိုင်စရာပါ။ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာ မဟုတ်ဘဲ
လမ်းမှာသာ တွေ့ရင်ဘယ်လိုမှ မှတ်မိနိုင်မည်မဟုတ်ပါ။
တိုက်တိုက်ဆိုင်ဆိုင် သူရဲ့ (၁၆)နှစ်မြောက်မွေးနေ့အတွက် မိသားစုလိုက် အပမ်းဖြေခရီး ထွက်တာတာပါတဲ့။
အကြောက်အလန့်မရှိတတ်တဲ့
သူတို့နိုင်ငံသားတွေရဲ့ ထုံစမ်းအတိုင်း ခရီးရောက်မဆိုက်
ဖုန်းကဒ်ဝယ်၊ပိုက်ဆံဖြည့် ကျောပိုးအိတ်လွယ်ပြီး မြို့ထဲ လှည့်ကြည့်ဖို့
ပြင်ဆင်နေပါတော့သည်။
နိုင်ငံခြားသားများ၏ ထုံးစံမှာ မိမိနေရပ်မှ
အခြားနေရပ်သို့ ခရီးထွက်လျှင် မည်သည့်အခါမျှ အိမ်တွင်အောင်းလေ့မရှိပါ။
အိမ်ရှင်မှ နေရာအနှံ့ လှည့်လည်ပြသမည့် အချိန်ထိ စောင့်ဆိုင်းလေ့မရှိတတ်ပါ။
မိမိသွားရောက်ချင်သည့်နေရာများကို
ခရီးမထွက်မှီအချိန်ထဲက အင်တာနက်ထဲမှာ ထိုနေရာဒေသ အနေအထားများကို လေ့လာ၍
လာခဲ့ပြီး ရောက်ရှိလာပါက မြေပုံစာရွက်ကိုင်ကာ မိမိအလိုကျ
လျှောက်သွားလေ့ရှိကြသည်။
ယခုလဲ ထိုကလေး ခရီးရောက်မဆိုက် အပြင်သွားဖို့
ပြင်ဆင်ပြီး သွားနေလိုက်တာ မိုးလင်းမိုးချုပ်။ မိဘတွေကလဲ သီးသန့်
သူတို့သွားချင်သည့်နေရာကိုသွား။ ညပြန်ရောက်လာရင် သူတို့ ဘယ်တွေသွားခဲ့လဲ
စသည်ဖြစ် မိမိရောက်ရှိခဲ့သည့် နေရာအတွေ့အကြုံများကို ပြန်လည်ဖလှယ်ကြရင်း
Holiday ဆိုသည့် နားရက်ကို အပြည့်အဝ စားသုံးခဲ့ကြသည်။
သူတို့ ပြန်ရမည့်ညမှာတော့ ညစာအတူစားကြရင်း အေးအေးဆေးဆေးစကားပြောဖြစ်ခဲ့ကြပါသည်။ ထွေရာလေးပါး စကားတွေ ပြောကြရင်း
“Daniel အခု ဒီက ပြန်ရင် ဘာလုပ်မှာလဲ”
လို့ မေးမိလိုက်သည်။ Daniel သည် (၁၆)
နှစ်သားလေး အထက်တန်းကျောင်းသားလေးပါ။ ယခု စာသင်နှစ် နှစ်ဝက်ကုန်ဆုံးချိန်
တစ်လတာ ကျောင်းပိတ်ရက်ကာလမို့ ကျောင်းအားနေသည့်အချိန် ဘာလုပ်မှာလဲလို့
မေးလိုက်သည့် သဘောပါ။
မေ့ရဲ့ အမေးကို သူက မဆိုင်မတွပင်
“အခုဒီကပြန်ရင် အလုပ်လုပ်မယ်လေ”
“အလုပ်....ဘာအလုပ်လဲ”
အလုပ်လုပ်မယ်ဆို၍ အံ့အားသင့်သွားရခြင်းပါ။
“ရှာရမှာပေါ့..waiter လုပ်ဖြစ်မယ် ထင်တယ်”
“waiter ??”
“ဟုတ်”
“ဟုတ်လား Mel”
မေက သူ့အမေ ကို မေးလိုက်ခြင်းပါ။ ယခုလို မေးရခြင်းက Daniel သည် ချမ်းသာသည့် မိဘနှစ်ပါးမှ မွေးဖွားလာသည့် တစ်ဦးတည်းသော သားဖြစ်သည်။
“ဟုတ်တယ်လေ..ကျောင်းပိတ်ရက်မှာ သူအပိုဝင်ငွေရှာတာ”
“အော် . သူအလုပ်လုပ်မှာကို .Mel သဘောတူလား”
“လုပ်ပါစေပေါ့..”
“Mel ဘာမှ မပြောဘူးလား ။ လုပ်ခွင့်ပေးလား ”
“ဒါမှ အလုပ်ရဲ့ တန်ဖိုးကို နားလည်မှာ..
။သူရှာတဲ့ ပိုက်ဆံရဲ့ တန်ဖိုးကိုသိမှာ.။ ပြီးတော့ သူ့မှာ အတတ်ပညာ ၊အတန်းပညာ
ဒီလောက်ပဲ ရှိရင် သူ ဒီလိုအလုပ်မျိုးပဲ ရှာနိုင်မှာ ၊သူ့မှာ
ဒီထက်ပြည့်စုံရင် ပြည့်စုံတဲ့ အလုပ်မျိုးရမယ်ဆိုတာ သူသိလာပြီး ၊
ပိုပြီးကြိုးစားလိုစိတ်တွေ ဖြစ်လာမှာ။ သူကိုယ်ပိုင် အလုပ်တွေ လုပ်နိုင်တဲ့
အခါကျရင်လဲ အခု သူလုပ်လာတဲ့ အလုပ်တွေရဲ့ အတွေ့အကြုံတွေက သူ့ကို
ပြန်လည်သင်ကြားပေးမှာပေါ့”
တည်ငြိမ်နေတဲ့ သားအမိတွေရဲ့ မျက်နှာကို ဟိုဒီကြည့်ရင်း မေ့ရင်ထဲ အတွေးစတွေ ဝင်ရောက်လာခဲ့သည်။
မေတို့ ကြီးပြင်လာသည့် နိုင်ငံလေးသည်
အေးမြသည့် မေတ္တာတွေ ရှိကြသည်။ မိမိသားသမီးများကို ရင်အုပ်မကွာ
စောင့်ရှောက်ချင်ကြသည်။ ယခုလို ကာလတို ကျောင်းပိတ်ချိန်တွင်မဆိုထားနှင့်
ကျောင်းပိတ်ရက်ရှည်ကာလများတွင်ပင် မိမိသားသမီးများကို မခိုင်းရက်ကြပါ။
အတော်လေး ကြပ်တည်းသည့် မိသားစုများမှ မိသားစုဝင်တွေလောက်သာ ပညာသင်ကြားရင်း
အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက် ပညာသင်ကြားကြရသည်..။
မိဘများသည် မိမိတို့ စားသောက်ရန်ထဲမှ
ချွေတာစွာသုံးစွဲ၍ မိမိသားသမီးများ မကြောင့်မကျ ပညာသင်ကြားနိုင်ရန်
အစွမ်းကုန်ပံ့ပိုးခဲ့ကြသည်။ မိမိသားသမီးကိုယ်ပေါ်မှပင်ပမ်းဆင်းရဲစွာကျသည့်
ချွေးတစ်ပေါက်မျှ အကျမခံစေချင်။
အချို့ လူငယ်လေးများသည် လူငယ်တို့သဘာဝ
အလုပ်အကိုင်လေးကို စမ်းသပ်လုပ်ကြည့်ချင်သည်။ လူငယ်သဘာဝ
အတွေ့အကြုံသစ်လေးများကို ခုံမင်သည်။ စူးစမ်းချင်ကြသည်။ ထို့ကြောင့်
တစ်ခါတစ်ရံ အလုပ်လုပ်ရန် မိဘကို ပူဆာမိသောအခါ မိဘများပြောလေ့ရှိသည်မှာ
“မင်း အဲ့င်္ဒီအလုပ်လုပ်ရင် လုပ်အားခ ဘယ်လောက်ရမှာမို့လဲ”
“......ကျပ်”
“အဲ့ဒီလောက် ပိုက်ဆံလေးနဲ့များကွာ၊ လုပ်မနေနဲ့ အိမ်မှာ အေးအေးနေ။ အဖေမုန့်ဖိုးပေးမယ်”
ဆိုတာက တစ်မျိုး
“မင်းကိုကျောင်းထားတာ၊ကျောင်းနေချိန်မှာ စာကိုပဲ အာရုံစိုက်၊ အပိုအလုပ်တွေ လုပ်ဖို့ စိတ်မကူးနဲ့ အလုပ်ဆိုတာ တစ်ချိန် မင်းလုပ်ရမှာပဲ”
ဆိုတာမျိုးက တစ်ဖုံ မိဘ၏ ချစ်ခြင်းမေတ္တာနှင့် သားသမီးပင်ပမ်းမှာကို မကြည့်ရက်ပဲ တားဆီးလေ့ရှိကြသည်။
အချို့သားသမီးများမှာလဲ အလုပ်မလုပ်ရသည်ကို
ဂုဏ်ယူကြသည်။ ငါ့မိဘက ငါ့ကို ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင်
ထားနိုင်တယ်။ ငါ အလုပ်မလုပ်ပဲ နေနိုင်တယ်ကွ ဟုဆိုကာ ဂုဏ်တုဂုဏ်ပြိုင်
ပြိုင်ဆိုင်လေ့ရှိကြသည်..။
ထိုထိုသော ကလေးတွေ အသက်သာ ကြီးရင့်လာမည်။
ကိုယ်ပိုင် အလုပ်အတွေ့အကြုံ ၊ဗဟုသုတက အဘယ်မှာနည်း။ မိဘအပေါ်မှီခိုခြင်းဖြစ်
မှီခိုချင်စိတ်တွေကသာ တစ်စထက်တစ်စ ကြီးထွားလာကြမည်သာ။
သားသမီးတို့ ပြုလုပ်ချင်သည့် ဆန္ဒများကို
မိမိသားသမီးများကို ယုံကြည်စွာ လွပ်လွပ်လပ်လပ် ရွေးချယ်ခွင့်ပေး၍
ပြုလုပ်ခွင့်ပေးရင်း လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးမည်လော။
မိမိသားသမီးကို ချစ်လွန်း၍ စိတ်မချနိုင်စွာ
အချစ်တွေပိုရင်း အချစ်လွန်၍ ချစ်ရာမရောက် နစ်ရာရောက်ပြီး လောင်းရိပ်မိကာ
မှီခိုလိုစိတ်နှင့်သာ ဘဝကြီး ပြီးဆုံးစေကြမည်လော။
မေကတော့ Daniel နှင့် တွေ့ဆုံသည့် တစ်ခဏမှာ
ကုဋေရှစ်ဆယ် သူဌေးသားပုံပြင်ကိုလဲ အမှတ်ရရင်း မေ့ရဲ့ ညတွေက
တစ်ထောင့်တစ်ညပမာ ရှည်လျားစွာ တွေးတောမိနေဆဲ။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်