Followers

Monday 13 February 2012

★*~*~* မေတို့ချစ်သော ထိုပုဂ္ဂိုလ် *~*~* ★


မကြည်မလင် ဖြစ်နေတဲ့ ခေါင်း ၊ စပ်ဖျည်းဖျည်းဖြစ်နေတဲ့ မျက်လုံးအစုံနှင့် တစ်ညတာ အိပ်စက်ခြင်းမှ အလန့်တကြား နိုးထလာခဲ့မိတယ်...။ တစ်ချောက်ချောက်နဲ့ ခြောက်ကပ်ကပ်မြည်နေတဲ့ နာရီကို အိပ်ချင်မပြေသေးသော မှုံဝါးဝါးအကြည့်နှင့် တစ်ချက်လှမ်းကြည့်ရင်း (၅) နာရီမှာ ညွှန်ပြနေတဲ့ လက်တံတိုရှည်ကြောင့် ဆုံးဖြတ်ချက် တစ်ခုနှင့် အိပ်ရာထက်မှာတွင်ပဲ ဘယ်ညာလှိမ့်ပြောင်းကာ ဆက်အိပ်လိုက်အုံးမည်လို့ တွေးတောလိုက်ပြီး အဲယားကွန်းဒဏ်ကြောင့် အေးစိမ့်နေသော လက်မောင်းသာကို စောင်နှင့် လုံအောင်ပြန်လည်ဖုံးရင် စပ်ဖျင်းဖျင်း မျက်လုံးအစုံကို မျက်လွှာ အိအိနှင့် ပြန်လည်ဖုံးကွယ်လိုက်မိ၏...။
ပြန်အိပ်အုံးမှ... အိပ်ရာနိုးထဖို့ အချိန်က စောသေးတာပဲ...။ နောက်ထပ် (၂)နာရီလောက်တော့ အေးအေးဆေးဆေး ပြန်လည်အိပ်စက်လို့ ရသေးသည်..။ မနက်စောစောတော့ မနိုးထချင်ပါ..။ ညဆိုလျှင် အွန်လိုင်းကို ညဥ့်နက်သည့်အထိသုံးတော့ မနက်စောစောနိုးထဖို့ကို ခန္ဓာနှင့်အချိန် နေ့စဉ် စစ်ခင်းရမြဲ...........။
“အားးးး အွန်လိုင်း ဆိုမှ သတိရတယ်.. ညနေတုန်းကတောင် ရေးနေမကျတဲ့ ကဗျာတစ်ပုဒ်ကို ဗိုလ်ချုပ်မွေးနေ့ကို ကြိုးစားရေးလိုက်သေးတယ် ။
ဟုတ်တယ် ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ပဲ ”
ဗိုလ်ချုပ်မွေးနေ့လို့ တွေးမိတော့ စောက စပ်ဖျင်းဖျင်းနှင့် ပြန်လည် အိပ်ချင်စိတ်က တစ်ဟုန်ထိုးပြေးထွက်သွားခါ ကြည်လင်သွားပြီး ဆက်အိပ်ဖို့အရေးမတွေးတော့ပဲ အိပ်ရာမှ လူးလဲထလိုက်မိသည်။
ကာလအတော်ကြာမလုပ်ခဲ့ဖူးသော စောစောထခြင်းအမှုကို ပြုလုပ်ခဲ့ရင်း ငယ်စဉ်က ရွတ်ဆိုခဲ့တဲ့ ပြုကျင့်နေကြအစဉ်တစ်ခု
“စောစောထ ၊ သွားတိုက်
မျက်နှာသစ် ၊ ပလုတ်ကျင်း
အဝတ်လဲ ၊....... ”
အင်း ကျောင်းသွားရတော့မည့် အရွယ်မဟုတ်၍ ကျောင်းကိုတော့ မသွားတော့ပါ..။ ဒါပေမဲ့ ဒီနေ့အဖို့ မနက်စောစော သွားစရာနေရာတစ်နေရာ ရှိခဲ့၏..။ တခြားတော့ မဟုတ်ပါ..။
အာရုံသစ်မှာ ကြည်လင်နေတဲ့ စိတ်နဲ့ ခန္ဓာ တွဲကာယှဉ်လျှက် မေ့ရဲ့ ခြေလှမ်းတွေက ဘုရားခန်းသို့ ဖွဖွ လှမ်းကာ လာပါတော့သည်..။
အိပ်ရာထချိန်မှာ ပြုမူနေကြအတိုင်း သရဏံဂုံ (၃)ပါးကို တိုးဖွဖွ ရွတ်ဆိုရင်း ဘုရားကျောင်းဆောင် ရှင်းလင်း ၊သောက်တော်ရေလဲ ၊ ဆီမီးကပ်ရင်း ဗိုလ်ချုပ်အတွက် ကောင်းမှုကုသိုလ် တစ်ခု ပြုလုပ်ပေးဖို့ ရည်စူးခဲ့သည်..။
ဤကနေ့ စောစောထ ဆီမီးပူဇော် ရေချမ်းကပ်လှူ ဘုရားရှစ်ခိုးခြင်းဟာ တစ်ချိန်က ထွန်းတောက်ခဲ့တဲ့ ဗိုလ်ချုပ်အတွက် သီးသန့်ပါ...။ သက်ရှိထင်ရှား မမြင်ခဲ့ဘူး ၊မသိခဲ့ဘူးပေမဲ့ သူ့သမိုင်းနဲ့ ရင်းနှီးနေခဲ့တာ ၊ သူပေးခဲ့တဲ့ လွပ်လပ်ရေးအရသာကို စားသုံးခွင့်ရခဲ့သူတစ်ဦး အနေနှင့် ထိုပုဂ္ဂိုလ်အား ကျေးဇူးရှင်သဖွယ် ဦးထိပ်ဆင်ရင် ကောင်းမှုတွေ ပြုလုပ်ပါရစေ..။


လောဘ အလိုတွေနှင့် ပြည့်နှက်နေသူတွေ ကြားထဲ အနစ်နာခံကာ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သူ..။
“မစားဘဲ စွန့်သူနှင့် မစွန့်ပဲ စားသူ ”
ထိုသူ နှစ်မျိုးနှစ်စားမှာ လူထု ဘဝင်ကို ချစ်ခင်ခြင်းတွေ ခိုက်မှန်စေတဲ့ မစားသောက်ဘဲ စွန့်ခဲ့သူ တစ်ဦးအနေဖြစ် သမိုင်းစဉ်ဆက် မှတ်ကျောက်တင်ခံခဲ့ရသည့်သူ...။
ထို ကျေးဇူးရှင်လူသားတစ်ဦးအတွက် ဒါန တစ်ခုတော့ ပြုလုပ်ပေးပါရစေ..။
ခုနေချိန်မှာသာ သက်ရှိထင်ရှား ရှိနေခဲ့လျှင်(၉၇) နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့...။ (၉၇) နှစ်ဆိုတော့ ကြာဇံလို ဖြူဖွေးဖွေး ဆံပင်တွေအောက်မှာ အရေလှိုင်းတွေနဲ့ တွန့်ကြေနေတဲ့ မျက်နှာပြင် တစ်ခု ၊ငယ်စဉ်ခါလို မတောက်ပတော့ပဲ အရောင်မွဲနေသည့် မျက်ဝန်းအစုံကို ကာရံထားသည့် မျက်မှန်ထူထူတစ်လက် ၊ နားအစုံကလဲ  ပြတ်ပြတ်သားသား မကြားနိုင်တော့ပြီ ။
တုန်ချိချိ လက်အစုံကရော ငယ်စဉ်လို သန်မာတော့မည် မဟုတ် ။လက်ပြင်တွေ ထိုးကာဟိုက်လို့ ခါးတွေလဲ ကုန်နေလောက်နေပြီလေ..။
ဒါက မေ့ရဲ့ ခဏတာ စိတ်ကူးလေးပါ...။ လက်ရှိမှာတော့ ထိုပုဂ္ဂိုလ် ဗိုလ်အောင်ဆန်းဆိုတာ ဘယ်တုန်းကမှ ထိုကဲ့သို မအိုစာခဲ့ပါ။ လူတိုင်းရဲ့ အတွေးထဲမှာ ဗိုလ်အောင်ဆန်းသည် (၃၂) အရွယ် ဖျတ်လတ်သန်မာနေဆဲ..။ အားလုံးရဲ့ အမြင်မှာ ခန့်ညားတည်ကြည်တဲ့ ဥပတိရုပ်နှင့် ရှင်သန်နေဆဲ..။
နှစ်စဉ်နှစ်တိုင်း ထိုသူရဲ့ မွေးနေ့ကို ကျင်းပပြုလုပ်နေဆဲပါ..။
လူသေပေမဲ့ နာမည်မသေခဲ့ပဲ ထာဝရ ရှင်သန်နိုင်ခဲ့သူ.....။
ဘယ်တုန်းကမှ အိုမင်းရင့်ရွယ်နေခြင်းမရှိ ၊ သေဆုံးခဲ့ခြင်းမရှိသူသည် လက်ရှိချိန်ထိ မြန်မာနိုင်ငံမှာ တစ်ဦးတည်း ။
ထိုသူသည် မအိုဆေး၊မသေဆေးကို စားသုံခြင်းမရှိပဲ အစဉ် နုပျို ရှင်သန်နိုင်ခဲ့သူ...။
ထိုသူအတွက် မွေးနေဆုတောင်းလေးနဲ့ ကောင်းမှုကုသိုလ် မျှဝေပါရစေ....။
ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ
ကျေးဇူးရှင်..........။


~*~*~*~*~*~*~*~*~~*~*~*~*~*~*~*~*~*~*~*





ဗိုလ်ချုပ် မိသားစု ဆွေဆက်ဇယား
ဗိုလ်ချုပ်မွေးနေ့အမှတ်တရ


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်