Followers

Friday 3 February 2012

မေ့ရဲ့ မလေးရှားခရီးစဉ်

မေ့ မလေးရှားကို (၂၇ )ရက်နေ့ကနေ( ၃၀ )ရက်နေ့ထိ စီစဉ်ထားခဲ့ပါတယ်.........။ ခရီးစဉ်မှာ မေ့ကို တာဝန်ယူပြီး ကြိုဆိုမည့်သူတွေက မထသမင်းသားနှင့် ကျော်သူအောင်ပါ........။
မေမနက် ( 12 ) နာရီ ဝန်ကျင်လောက် ရောက်လာခဲ့မယ်လို့ ကြိုပြောထားတော့ အက်မင်နှစ်ယောက် တာဝန်ကျေစွာနှင့်ပဲ (၉)နာရီခွဲ အိပ်ရာထပြီး မေ့ကို လာရောက်ကြိုဆိုမည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်...။
ညက နှစ်ယောက်သား ပုလင်းထောင်တာ များသွားလို့ ခေါင်းတောင် မထောင်နိုင်ဘူးဆိုပဲ...။
ဂျဟိုးမှာသာ လူခံဥာဏ်လင်းဦ်းသာ မရှိရင် မေ တစ်ယောက်ထဲ ကားဂိတ်မှာ ယောင်လည်လည်ဖြစ်နေလောက်ပြီ.............။
နေ့ခင်း (၁၂) နာရီခွဲ  ထွက်မည့် KL သွားမည့်ကားပေါ် စီးနင်းလိုက်ပါရင်း ညနေ(၆) နာရီ ခွဲလောက်မှာ မေတို့ မြို့ထဲရောက်ခဲ့ပါတယ်...။
တွေ့ဆုံပွဲနေ့ မှာ အလုပ်ရှိလို့ မလာနိုင်ဘူးဆိုတဲ့ ချစ်သူမန်ဘာဝင် အောင်ခန့်က လာရောက်စောင့်ကြိုပြီး မေ့ကို ညစာဖြစ် ဧည့်ဝတ်ခံခဲ့ပါတယ်.........။
ထိုအချိန်ထိ လာရောက်ကြိုဆိုဖို့ တာဝန်ခံထားတဲ့ အက်မင် နှစ်ယောက်ကို မတွေ့ခဲ့ရသေးပါ...။
မေ မလေးရှားခရီးစဉ်မှာ တည်းခိုဖို့ စီစဉ်ပေးတဲ့ သူငယ်ချင်းက KLCC ကို လာခဲ့ဖို့ ပြောထားတာကြောင့် မေ KLCC ကို ဦးတည်လှမ်းခဲ့တာပေါ့.......။
KLCC အသွားမှာ ဘတ်စ်ကားတစ်ခုပေါ်မှာ ကားစပယ်ယာ လုပ်နေတဲ့ မလေးရှားရောက် မြန်မာအမျိုးသမီး ကားစပယ်ယာတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်..။

ဘဝအတွက် ရုန်းကန် လုပ်ရှားနေရရှာတဲ့ ကားခ အပြည့်အဝ မပေးချင်တဲ့ မန်ကျီးသီး( ခေါ်)အိန္ဒိယကုလားတွေကို အနိုင်ပြောနေရင်း ကျသင့်ငွေကို မရမက တောင်နေရရှာတဲ့ မြန်မာလူမျိုး အမျိုးသမီး စပယ်ယာပါ...။
KLမှာ မေ တည်းခိုဖို့ စီစဉ်ပေးတဲ့ သူငယ်ချင်းစောအလွန်းက ည (၁၀)နာရီမှ အလုပ်ထွက်မှာမို့ KLCC ထဲက ရှော့ပင်စင်တာထဲ လမ်းသလားနေရင်း အထုတ်တွေ အပိုးတွေနဲ့ လမ်းသလားနေခဲ့တာပေါ့...။ 
အက်မင်နှစ်ယောက်ကိုလဲ မကျေမချမ်း ဖုန်းနဲ့ မြည်တွန်းတောက်တီးနေရင်း (၂ရ) ရက်နေ့ ရဲ့ တစ်နေ့တာကို ကုန်ဆုံးစေခဲ့ပါတယ်..။
အလုပ်ပြီးလို့ လာရောက်ကြိုတဲ့ သူငယ်ချင်းက မေ့ကို သူစီစဉ်ထားပေးတဲ့ သူနေထိုင်ရာနှင့်နီးတဲ့ Ampang Point နားက Hotel ကို ခေါ်ဆောင်သွားပြီး ခွဲခွာရတာ (၁၀)နှစ်နီးပါးရှိတဲ့ သူငယ်ချင်း နှစ်ယောက် အတွေ့အကြုံတွေ ဖလှယ် စကားတွေ ပြောကြရင်း နောက်တစ်နေ့ ဘယ်သွားရမလဲဆိုပြီး ခရီးစဉ်ကို တိုင်ပင်ဆွေးနွေးကြတော့ နောက်ဆုံး မေက တောင်ပေါ်သွားချင်တယ် ဆိုတာနှင့် Genting သွားဖို့ကို သဘောတူ ဆုံးဖြတ်လိုက်ပြီး အက်မင်နှစ်ယောက်ကို ဖုန်းဆက်၊ဥာဏ်လင်းဦးကို ဖုန်းဆက်ပြီး နက်ဖြန်မနက် ဇေယျာမှာ နံနက်(၉)နာရီ ဆုံပြီး Genting သွားဖို့ တိုင်ပင်အကြောင်းကြားခဲ့တာပေါ့..........။
                    နံနက် (၉) နာရီ ဇေယျာရောက်တော့ ပြန်ပြီး အလုပ်ဆင်းမယ်ပြောထားတဲ့ အောင်ခန့်က အခန့်သားနှင့် ဇေယျာဆိုင်မှာ ကြိုရောက်နေလေရဲ့..။ ဧည့်သည်က တစ်ခါတစ်လေမှ လာတာ အလုပ်မဆင်းလဲ ဘာမှ မဖြစ်ဘူးဆိုပြီး တစ်ရက် အလုပ်ဖျက်လိုက်တယ်ဆိုပဲ...။
ထိုအချိန်ထိ ဝိရိယကောင်းတဲ့ အက်မင် (၂) ယောက်ကို မတွေ့ရသေး....။ ဖုန်းဆက်ကြည့်တော့ အိပ်ချင်မူးတူးသံနှင့်
“အင်း လာခဲ့မယ်.. ညက သောက်တာ များသွားလို့ ခုမှ နိုးတာတဲ့”
သောက်ပဲ သောက်နိုင်လွန်းတဲ့ အက်မင်တွေ
တောင်ပေါ်ကို ၁၁နာရီမိနစ်၂၀ ကားနဲ့ ထွက်ခဲ့ပါတယ်..။ ဟိုအက်မင် နှစ်ယောက်အတွက် ကားလက်မှတ်ကြိုဝယ်ထားပေးမယ်လို့ ပြောပေမဲ့ သူတို့လာမှ ဝယ်မယ် ဆိုတာကြောင့် သူတို့အတွက် နေ့လည်စာကို သာ ဝယ်ခဲ့ရင်း မေတို့တွေ အကွေ့အကောက်ပေါများလှတဲ့ တောင်ပေါ်ခရီးစဉ်ကို ထွက်လာခဲ့ကြတာပေါ့.........။
Genting ထဲက အဆောက်အအုံထဲက ဓာတ်ပုံတစ်ချို့
အဆောက်အအုံထဲက အပြင်အဆင်တွေပါ

ခရီးစဉ် ဒုတိယပိုင်းကို ဆက်လက်စောင့်မျှော် ဖတ်ရှု့ပေးပါနော်...။
မေ မနေ့က Genting ကိုသွားတဲ့ အကြောင်းတော့ ဖော်ပြထားပေးပါတယ်..။ နံနက်(၉)နာရီမှာ ဆုံဖို့ ချိန်းထားတဲ့ အက်ဒ်မင်တွေကို နံနက်(၉)နာရီဖုန်းဆက်ကြည့်တော့ အိပ်ချင်မူးတူးသံနဲ့ ဟုတ် ခုပဲ ရေချိုးပြီး ထွက်လာမယ်ဆိုတဲ့ ပြန်ဖြေသံနှင့်အတူ ခွင့်လွတ်ခြင်းတွေ နှင့် မေ စောင့်ခဲ့ရတာပေါ့...။
အဲ့လိုနဲ့ ဇေယျာဆိုင်မှာတော့ မစောင့်တော့ဘူး ကားဂိတ်ကို လိုက်လာခဲ့ဆိုပြီး မေတို့ ကားဂိတ်ကို သွားနှင့်ပြီး ကျော်သူအောင်နဲ့ မထသကို ကားဂိတ်မှာပဲ စောင့်ဆိုင်းနေလိုက်တယ်..။ မရောက်လာနိုင်သေးတဲ့ သူတို့ကို စောင့်ရင်း ကားလက်မှတ်ဝယ်ကြိုဝယ်ထားဖို့ သူတို့ကို ဖုန်းခေါ်ပြီးပြောတော့
“မိဝေ နင်တို့ဘယ်မှာလဲ”
“အဲ့ဒါဆို ငါအခု ၁၁နာရီ ၂၀ အခေါက်နဲ့ သွားဖို့ လက်မှတ်ဝယ်နေတယ် နင်တို့အတွက်ပါ ဝယ်ထားလိုက်မယ်နော်”
“အား မဝယ်နဲ့အုံး ကျွန်တော်တို့ရောက်မှ ဝယ်ယူမယ်”
လို့ ဆိုတာနဲ့ မဝယ်ပဲ ထားခဲ့တယ်..။ တောင်ပေါ်မှာစားဖို့ အစားအသောက်ကို မေနဲ့ အောင်ခန့်က အနီးအနားမှာရှိတဲ့ ဆိုင်မှာ သွားဝယ်ထားလိုက်တာပေါ့..မေ့စိတ်ကူးက တောင်ပေါ်ရောက်မှ ပျော်ပျော်ပါးပါးစားကြမယ်ပေါ့..။
၁၁း၂၀ ကားထွက်ခါနီးထိ ကိုယ်တော်ချောတွေ ရောက်မလာသေး..။   ဖုန်းထပ်ခေါ်ကြည့်တော့
“KLရောက်ခါနီးပြီး မမမေ ”
ဆိုတဲ့ တစ်ခွန်းကပဲ မရိုးနိုင်စွာ ကြားခဲ့ရတယ်...။
အကွေ့အောက်တွေ ပေါများလှတဲ့ တောင်ပေါ်ခရီးလမ်းမှာ အက်မင်ကိုယ်တော်ချောတွေကို မကြာမကြာ ဖုန်းဆက်နေပေမဲ့
“လာနေပြီ မမမေ ”ဆိုတဲ့ စကားတစ်ခွန်းကပဲ ထပ်ဖန်တစ်လဲလဲကြားနေရတာပေါ့
တောင်ပေါ်ကိုရောက်တော့ နေ့ခင်း တစ်နာရီကျော်နေပြီ..ဗိုက်ကလဲ ဆာနေကြာပြီး..။ သူတို့ကိုမစောင့်ပဲ စားရင်လဲ မကောင်းတာမို့ ဖုန်းထပ်ခေါ်ကြည့်လိုက်တယ်..။
လမ်းတစ်ဝက်လောက်ရောက်လာရင်တော့ မစားသေးပဲ စောင့်တာပေါ့ ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ်တော်ချောတွေကို ဖုန်းဆက်ကြည့်လိုက်တော့
“ကားဂိတ်မှာ တောင်ပေါ်တက်တဲ့ ကားကိုစောင့်နေပါတယ်” တဲ့...။
“ဟူးးးးးးးးးးးးးးးးးးး”
ဗိုက်ကလဲ ဆာပြီးဆိုတော့ ဒီလူပု စိတ်က တိုလာပြီပေါ့...။
မေသဇင် စိတ်တိုရင် အစားပိုစားတာ ငယ်ငယ်လေးထဲကနေ အကျင့်က ပါလာပြီးသား..။
အဲ့တော့ သူတို့အတွက် ဝယ်လာသမျှပါ အကုန်စားလိုက်ရော..။ ကောင်းရောဟုတ်..။
စားပြီးတော့ အက်မင်တွေကို ဖုန်းထပ်ဆက်ကြည့်တယ်..။ သူတို့ကား ထွက်လာခါနီးနေပြီတဲ့..။ အဲ့ဒါဆိုရင်တော့ သူတို့ကို စောင့်ရင်းနဲ့ တောင်ပေါ်မှာ လှည့်ပတ်ကြည့်ထားလိုက်မယ်လို့ တွေးပြီး တောင်ပေါ်ကို တက်ခဲ့တယ်..။ တောင်ပေါ်ကိုရောက်တော့ ဓာတ်ပုံတွေ လိုက်ရိုက်...ဟိုငေးဒီငေး လုပ်ရင်းအချိန်တွေဖြုန်းပေါ့..။ နောက်တော့ စိတ်ကူးရတာနဲ့ Cable နဲ့ Sky way စီးပြီး တောင်အောက်မှာ ကိုယ်တော်ချောတွေကို ပြန်စောင့်မယ်လို့တွေးပြီး စကိုင်းဝေးစီးဖို့ လက်မှတ်ဝယ် တောင်အောက်ကို စကိုင်းဝေးနဲ့ ဆင်းခဲ့လိုက်တယ်..။

Cable ထဲမှာ လေးယောက်သာ ဆူညံစွာ ဓာတ်ပုံရိုက်နေရင်း နောက်ကျတဲ့ ကိုယ်တော်ချောတွေအပေါ် ထွက်နေတဲ့ ဒေါသတော့ ခဏ ပျောက်သွားတာပေါ့..။

သို့သော်....................
တောင်အောက်ရောက်ပြီးလို့ ထိုအက်မင် ကိုယ်တော်ချောတွေကို ဖုန်းဆက်ကြည့်တော့ 
“မိဝေ နင်တို့ ဘယ်ရောက်နေပြီးလဲ ငါတို့ အောက်မှာ ဆင်းစောင့်နေပြီ”
“ကျွန်တော်တို့ တောင်ပေါ်ရောက်ခါနီးနေပြီ”
“အမ်း ဘယ်ထိရောက်နေပြီလဲ..ကာသမားကို ပြောကြည့်ပါအုံး စကိုင်းဝေးစီးတဲ့ နေရာနားမှာ ကားရပ်လား ကားရပ်ရင် အဲ့ဒီမှာပဲ ဆင်းလိုက်”
“သိဘူး ကျွန်တော်တို့ တစ်ခါမှ မရောက်ဖူးဘူး..အပေါ်မှာပဲ ပြန်စောင့်ပေး”
“ဟမ်းးးးးးးးးးး ကဲပါ ကဲပါ ငါတို့ ပြန်စောင့်ပေးပါ့မယ်..”
“မင်းသားချောတွေကို တွေ့ချင်လွန်းတော့ ပြန်စောင့်ယုံပေါ့”
အပေါ်ကိုပြန်တက်ဖို့ Cable ပြန်စီးတဲ့ နေရာကို ကြည့်လိုက်တော့ တန်းစီနေတဲ့ သူတွေက အားလားလား
သူတို့ပြောပါတယ်..အနည်းဆုံး (၂)နာရီလောက်ကြာအောင် စောင့်ရမယ်တဲ့
အမှန်တကယ်ကို နှစ်နာရီလောက်ကြာခဲ့ပါတယ်...။ လူပေါင်းများစွာနဲ့ လောင်ပိတ်နေတာမို့ မေ အဲ့ဒီနေရာမှာပဲ အာရုံတွေ နောက်ပြီး မူးတော့တာပဲ..။ လူက ချွေးတွေကို စိုရွှဲလို့ လှုပ်မနိုင်တော့ပါ..။
တောင်အောက်ကနေ တောင်ပေါ်ပြန်တက်တဲ့ ခရီးမှာတော့ လေးယောက်လုံး ပင်ပမ်းနေပြီမို့ အလာခရီးတုန်းကလို မသွက်တော့ ဓာတ်ပုံတွေလဲ မရိုက်နိုင်တော့..။ လူက လှုပ်တောင် မလှုပ်နိုင်တော့တာ..။
မေတို့ တောင်ပေါ် ပြန်ရောက်တဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာနှင့် အက်မင်နှစ်ယောက်စီမှ ဖုန်းခေါ်သံဝင်လာခဲ့တယ်..။
“မမမေတို့ ဘယ်မှာလဲ”
“အင်း တောင်ပေါ်ပြန်ရောက်ပြီ..ငါ လှုပ်လဲ မနိုင်တော့ဘူး..အရမ်းပင်ပမ်းနေပြီ..နင်တို့ ရောက်နေပြီးလား ဘယ်မှာလဲ”
“ကျွန်တော်တို့ အောက်မှာပဲ ရှိသေးတယ်”
“ဟဲ့ ခုထိ အောက်မှာနေတုန်းလား ဘယ်အောက်မှာလဲ”
ဒေါသတော့ ထွက်လာပြီ..။
“မဟုတ်ဘူး မမမေ ကျွန်တော်တို့ လာပါတယ်..။ဒါပေမဲ့ လမ်းမှားသွားလို့”
“ကျွန်တော်တို့ Genting သွားတာ ကားမှားစီးမိတယ် ..ကျွန်တော်တို့ စီးတဲ့ ကားကအဲ့ဒီဘက်သွားတာ မဟုတ်ပဲ LCCT Air post သွားတဲ့ ကားကြီး ဖြစ်နေတယ်..ခု ကျွန်တော်တို့ လေယဉ်ကွင်းနားကနေ ပြန်လှည့်လာရတယ်”
“တော်တော့ တော်တော့ ဆက်မပြောနဲ့တော့ မလေးရှားမှာ ဂျပိုးတွေ လုပ်နေပြီး ဒီခရီးနဲ့ ဒီခရီးတောင် မှားရတယ်လို့..နင်တို့ မေ့ကို Genting လိုက်ပို့တာလား မြန်မာပြည်ပြန်ပို့ဖို့လား”
“အဟီးးး စိတ်မဆိုးပါနဲ့ မမမေရယ် ပြန်ဆင်းလာတော့နော်..အနော်တို့ မဟာနန်းက စောင့်နေမယ်..ခု ပြန်ဆင်းလာနော်”
“မလာဘူး ခု ပြန်လာမနိုင်သေးဘူး ဒီမှာ လှုပ်တောင်မနိုင်ဘူး”
“မမမေက လိမ္မာပါတယ် ခုလာနော်”
“ခု မလာနိုင်ဘူး..ငါ ကော်ဖီတစ်ခွက်လောက်တော့ သောက်ပြစေအုံး..ဒီမှာသေတော့မယ်”
“အဟိ...ရတယ်..ရတယ်...သောက် ..သောက်..ကော်ဖီသောက်ပြီးရင်သာ ပြန်ဆင်းလာနော်”
မေ့ရဲ့ ပျော့တိပျော့ခွေပုံကို ကြည့်ပြီး သနားလာတဲ့ သူငယ်ချင်းက
“ဟိကုံ..နင်နိုင်သေးရဲ့လား..မဆင်းနိုင်တော့ရင် ဒီတောင်ပေါ်က Hotel မှာပဲ တည်းလိုက်တော့..ဒီမှာပဲ ညအိပ်လိုက်တော့”
“ဖြစ်သေးဘူးဟ နက်ဖြန်တွေ့ဆုံပွဲရှိတယ်..တော်ကြာ ငါနောက်ကျနေမယ်..ပြီးတော့ တွေ့ဆုံပွဲအတွက်လဲ ဘာမှ မတိုင်ပင်ရသေးဘူး.....အေးဆေးခဏနားပြီး ပြန်ဆင်းကြတာပေါ့”
မေတို့ စကားတွေ ပြောပြီး အချိန်ညှိနေကြတော့ အက်မင်နှစ်ယောက် တောင်အောက်မှာ စောင့်နေတာကို အားနာတဲ့ ဥာဏ်လင်းဦးက
“မမေ သူတို့တွေ အောက်မှာ စောင့်နေကြတယ်လေ”
“ရတယ် စောင့်ပလေ့စေ..သူတို့ စောင့်နေလို့ ငါအမြန်ပြန်မဆင်းနိုင်တော့ဘူး..လူက ပင်ပမ်းနေပြီး..မေ တစ်မနက်လုံး သူတို့ကို စောင့်ပြီးပြီ..သူတို့စောင့်တာကို မေ အားမနာနိုင်တော့ဘူး”
ခဏအနားယူပြီးတော့ တောင်အောက်ကို ပြန်ဆင်းလာ ကားလက်မှတ်ဝယ်တော့ ၄း၄၀ ခေါက်နဲ့ ကားလက်မှတ်ရခဲ့တယ်..။
အပြန်ခရီးလမ်းမှာတော့ မေ စကားတစ်လုံးမျှ မပြောနိုင်ရှာတော့ပါ...။ တစ်လမ်းလုံး နှုတ်ဆိတ်စွာနှင့်ပဲ ခွေခေါက်လို့ ပြန်ပါလာတော့၏......။
လမ်းတစ်ဝက်အရောက်မှာ ဖုန်းဆက်လာတဲ့ ကျော်သူအောင်ကို မေက
“မိကျော်ရေ..မေ့ကို ရထားဘူတာမှာ လာထမ်းချေတော့”
လို ဆိုတော့ သူက
“ဟုတ် စိတ်ချ စိတ်ချ လာထမ်းမယ်” တဲ့...။
ဘူတာရောက်တော့ မျက်ဝန်းတွေက ဝေ့ဝိုက်ရှာဖွေကြည့်တယ်.. သူတို့ နှစ်ယောက်ကို တွေ့လိုတွေ့ငြား..။ စာဖတ်သူတွေ တွေးတဲ့ အတိုင်းပေါ့..အက်မင်နှစ်ယောက် ပျောက်ဆုံးလို့ နေ၏..။ ဘူတာမှာ မရှိခဲ့ပါ..။
ဖုန်းထပ်ခေါ်ကြည့်လိုက်တယ်
“ဘယ်မှာလဲဟေ့”
“မဟာနန်းမှာလေ”
“အားးးးးးးး နင်တို့ကို ဘူတာမှာ လာစောင့်ခိုင်းတာလေ”
“မဟာနန်းကို လာခဲ့လိုက်နော် မမမေ”
“မုန်းချင်လာပြီနော်..နင်တို့ကို မေ တကယ်မုန်းချင်လာပြီနော်”
“မမုန်းနဲ့ ..မမုန်းလိုက်နဲ့..အာဝါးပေးမယ်”
“ယူဘူး နင်တို့ ပါးစပ်ပုတ်နဲ့ အာဝါး..တစ်ချိန်လုံး မေ့ကို ညာနေတဲ့ ပါးစပ်ပုတ်တွေ”
စိတ်ဆိုးမာန်ဆိုး ဆတ်တောက် ဆတ်တောက်နဲ့ပဲ မေ မဟာနန်းကို ရောက်ခဲ့ပါ၏..။ ဟိုရောက်တော့ ဘသားချောတွေ ဖန်ခွက်လေးထောင်လို့..ပုလင်းတော့ မဟုတ်ပါ..။ ပုလင်း ဘယ်နားဖွက်ထားမှန်းမသိ..။ ဖန်ခွက်လေးပဲ တွေ့တော့တယ်..။ရွှေခေါ ရွှေညာကတော့ အနောက်သွားနေလို့ မတွေ့ရသေး..။
ပထမအကြိမ် အက်မင်ချင်း စတင်မြင်ဖူးချိန်မှာပဲ မေသဇင်လက်က ကျော်သူအောင်ရဲ့ ကျောပြင်ကို ဂျပိုးများတဲ့ ဖျာထဲမှ ဂျပိုးရိုက်ထုတ်သလို တဖုန်းဖုန်း ရိုက်ထည့်လိုက်လေပြီ..။
မှတ်ကရော............။
ဟုတ်တယ်လေ နက်ဖြန်တွေ့ဆုံပွဲလုပ်မယ်...ခုချိန်ထိ အက်မင်တွေချင်း မတွေ့ရသေး..။ နက်ဖြန် အစီစဉ် ဘယ်လိုလဲဆိုတာ မစီစဉ်ရသေး..။
မလေးမြေကို စနင်းကာစ ညက သူငယ်ချင်းကို KLCC ထဲ ထိုင်စောင့်ရင်း တွေ့ဆုံပွဲလာတဲ့ မန်ဘာတွေကို ဟမ်ဘာဂါကျွေးရင်ကောင်းမလာလို့ တွေးပြီး Mcdonut မှာ ဘာဂါတွေ လိုက်ကြည့်ဖြစ်သေးပေမဲ့ မန်ဘာတွေမှ ကြိုက်ပါ့မလားတွေးမိရင်း တောင်ပေါ်ခရီး သွားနေချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုင်ကို ဖုန်းလှမ်းဆက်လိုက်ပြီး နက်ဖြန်အတွက် ထိုင်းစာ ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်ကို ဘယ်အက်မင်ရဲ့ သဘောတူညီချက်မှ မယူပဲ ကြိုမှာထားလိုက်တယ်..။
အကျွေးအမွေးအတွက်တော့ ပူစရာမလိုတော့..။ နက်ဖြန် ဘာလုပ်မယ်ဆိုတာတော့ မတိုင်ပင်ရသေးတော့ ဆွေးနွေးဖို့လိုပြီ..။
အချိန်ကြည့်လိုက်တော့ ၇နာရီထိုးတော့မယ်...။သူတို့က ကလန်းထိပြန်ရမှာမို့ စောစောလေးတော့ ပြန်ချင်တယ်တဲ့..။
“မထူးဘူး မမမေပါ ကလန်းလိုက်ခဲ့လိုက်..မနက်မှ အားလုံးတူတူ စောစော ပြန်လာကြတာပေါ့..ကလန်းမှာ မိငြိမ်းမလဲ ရှိတယ်..မင်းဆက်ဆက်ခလဲရှိတယ်..မနက်ကျ အားလုံးတူတူပြန်လာကြရအောင် ကလန်းကို လိုက်ခဲ့တော့”
သူတို့ နေထိုင်ရာဒေသ အခြေအနေက အရမ်းညဥ့်နက်လွန်းရင်ပြန်ရန်မသင့်တာမို့ စကားပြောချိန်လဲ မရတဲ့နောက်ဆုံး ကလန်းသို ခြေတက်လာခဲ့ရတော့သည်..။ အောင်ခန့်က တော့ နက်ဖြန် အလုပ်ဆင်းမှာ ရမှာမို့ ပြန်သွားလေပြီ..။ မေ့ကို စိတ်မချတဲ့ မေ့သူငယ်ချင်းက မေ့သွားရာနောက် လိုက်ပါရင်း နက်ဖြန်ရှိနေသည့်အလုပ်ကို ဖုန်းနှင့်စီစဉ်ညွှန်ကြားရင် မေသွားရာနောက် တစ်ကောက်ကောက်..။
မေကလဲ သူငယ်ချင်းကို ဒုက္ခပေးရင်း ခုမှ တွေ့သည့် အက်မင်တွေကို အလွတ်မခံနိုင်တော့သည့် အဆုံး သူတို့သွားရာနောက် တစ်ကောက်ကောက်............။
တတိယပိုင်း မျှော်..........။

4 comments:

  1. သြော်..မလေးရှားလည်းရောက်လာသေးတာကို.......

    ReplyDelete
  2. စိတ်သွားတိုင်းကိုယ်ပါသူပေပဲ..အားကျပါတယ် မမေရာ..

    ReplyDelete
  3. ဟုတ် မလေးရှားကို ရောက်ခဲ့ပါတယ်..
    မေက မလေးမှာ ဇေယျာရေရရရရရ လို့ အော်သေးတယ်...။
    ဒါပေမဲ့ ဇေယျာက ရေယူမလာဘူးကွယ်
    ဇေယျာဆိုင်က ရေပဲ သောက်ခဲ့တော့တယ်

    ReplyDelete
  4. စိတ်သွားတိုင်းတော့ မပါပါဘူး မေမြို့မိုးရယ်
    စိတ်သွားတိုင်းသာ ကိုယ်ပါရင် ခုနေ မေ အသွားချင်ဆုံး တစ်နေရာရှိတယ်
    ဟင့် ဟင့် အခွင့်အရေး မပေးဘူး

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်