Followers

Tuesday, 1 November 2011

ကျေးဇူးရှင်တွေထဲမှ ကျေးဇူးရှင်

ခွဲခွာနေရတာ ကြာပြီး ဖြစ်တဲ့ ရွာလမ်းကလေးကို လျှောက်ကာ ဝင်လာရင်း မိုးသူရင်ထဲ ပျော်ရွှင်ခြင်းတွေနှင့် မျက်နှာပြင်တစ်ခုလုံးက ပြုံးရွှင်နေသည်...။

ဒီရွာကလေးကို ခွဲခွာနေရတာ ကြာပြီး...။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရွာကလေးကို စွန့် ပြီး နယ်မြေခြားမှာ ဘဝကို ခြိုးခြံချွေတာ ရုန်းကန်နေခဲ့ရတာ...။ ကာလတစ်ခုရဲ့  အပိုင်းခြားအောက်မှာ ရင့်ကျက်မှုတစ်စုံတစ်ရာကိုတော့ သူ ပြောင်းလဲ ပိုင်ဆိုင်ခဲ့သည်ဟု ထင်ပါသည်...။

သို့ ပေမဲ့ ဒီရွာကလေးကို ချစ်တဲ့စိတ်၊ အမေ့ကို ချစ်တဲ့စိတ်ကတော့ ပြောင်းလဲမှု ရှိမည်မထင်..။အမေလို့  တွေးမိကာမှ အမေ့ကို သတိရတမ်းတစိတ်တွေကပိုလို့  တိုးလာသလိုလိုပင်....။

“အမေ”

ရင်ထဲမှာ အမေလို့  တိုးတိုးဖွဖွ ခေါ်ငင်ကြည့်လိုက်မိသည်..။

“အမေ ကျွန်တော်ပြန်လာပြီးအမေ..။အမေ့ရင်ခွင်ထဲက ထွက်ခွာပြီး သူစိမ်းတွေ အလည်မှာ ဘဝကို ရုန်းကန်ခဲ့တဲ့ အမေ့သား ခုတော့ အမေ့ရင်ခွင် ပြန်လည်ခိုလှုံဖို့  ပြန်လာခဲ့ပြီ အမေ...”

မိုးသူတစ်ယောက် နှုတ်မှ တစ်ဖွဖွ တီးတိုးရွတ်ဆိုရင်း ခြေလှမ်းတွေက တစ်ချိန်က သူနေထိုင်ခဲ့တဲ့ ခြံဝိုင်းလေးထဲ သုတ်ခြေတင်နေမိသည်..။ ရင်တွင်းမှလဲ အတွေးများစွာ ပလပွနှင့်သာ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
               အမေနေထိုင်တဲ့အုပ်ဆိုင်းဆိုင်းခြံဝင်း.....။ ထိုခြံဝင်းထဲက တရုတ်စကားပင်အောက်မှာ အမေ့ရဲ့  ခမ်းနားခြင်းမရှိတဲ့ တဲလေး ရှိသည်..။ သူနှင့် အမေ ထိုခြံဝင်းထဲမှာ ပျော်ရွှင်ခဲ့ဖူးသည်..။ အမေ့ရဲ့ သား မောင်ညိုနှင့်သူက လည်ပင်းဖက်ကစားဖော်..။ ဒီိလိုပြောလို့  သူကရော အမေ့ရဲ့ သား မဟုတ်ဘူးလား...။ ဟုတ်ပါသည် ...။ မိုးသူသည်လဲ အမေ့ရဲ့ သားပါပဲ..........။ သို့ သော် သားအရင်းမဟုတ်.........။ အမေ့ရဲ့  မွေးစားသား........။

သူ့ ရဲ့  မမြင်ဖူးခဲ့တဲ့ မိဘများက အမေ့ရဲ့  ခြံထောင့်လေးက တရုတ်စကားပင်အောက်မှာ လာရောက်စွန့် ပစ်ထားခဲ့ကြောင်း  ဘကြီးဖြိုးပြောခဲ့၍ သူသိခဲ့ရသည်..။ သားငယ်မောင်ညိုလေးကို နို့ ချိုတိုက်ကြွေးနေသော သားသည်အမေသည် သူ့ ကိုလဲ နို့ ချို တိုက်ကြွေးခဲ့သည်..။

မိဘမရှိတဲ့သူ အမေဆိုတာ ခေါ်ငင်စရာမရှိခဲ့တဲ့သူ့ အဖြစ်၊ ခိုလှုံစရာ ရင်ခွင်မရှိခဲ့တဲ့သူ အမေ့ကိုသာ အမေလို့  မြတ်မြတ်နိုးနိုးခေါ်ငင်ပြီး အမေ့ရင်ခွင်ခိုလှုံခဲ့သည်..။ အမေချီပိုးရာကို တစ်ကောက်ကောက်လိုက်ခဲ့သည်...။ အမေ့အလုပ်ထဲသို့ လဲ လိုက်ပါခဲ့ဖူးသည်..။ အမေသည် အလုပ်ကို ကြိုးစားလုပ်ကိုင်သူလဲ ဖြစ်သည်..။ တစ်ခါတစ်ရံ အမေ့ရဲ့  သူ့ အပေါ်ချစ်မြတ်နိုးမှုအပေါ် မနာလို မရှုဆိတ်တဲ့ မောင်ညိုနှင့် ရန်တွေဖြစ် တွန်းကာ တိုက်ကြရင်း စကားများသည့်အခါများ ၊ကျီစယ်သည့်အခါ ကျီစယ်နှင့် သူ့ ရဲ့ ကမ္ဘာလေး ပျော်မွှေ့ ခဲ့ဖူးသည်...။သူ ရေမြေခြားကို ထွက်မသွားခင်ချိန်ထိပေါ့.......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့သည့်နှစ်က ဘကြီးဖြိုး ရေးလာသော စာထဲတွင် အမေသည်အတော်လေး အိုမင်းလာပြီးဖြစ်ကြောင်းနှင့် အရင်လို အလုပ်မလုပ်နိုင်တော့ပဲ အနားယူနေရကြောင်း စတဲ့ သတင်းတွေပါလာတော့ သူဝမ်းနည်းခဲ့ရသည်..။ ဩော် ..အမေသည်လဲ အသက်ကြီးပြီပဲ....။

“ဇရာဖုံးနေတဲ့ အမေ့ရဲ့  အရေပြားတွေ တွန့် ကြေနေပြီးလား....အမေ့ရဲ့  မျက်နှာပေါ်က အပြုံးတွေ အရင်လို တောက်ပနေဆဲလားအမေ...... သားပြန်လာတာတွေ့ ရင် ကြည်နူးပီတိပြုံးနဲ့  ကြိုနေမှာလား အမေ”

အတွေးတွေ ပြည့်သိပ်စွာနှင့် ခြံထဲလှမ်းဝင်လိုက်သည့် မိုးသူခြေလှမ်းများက ခြံထဲမှာ မြင်ကွင်းတစ်စုံတစ်ရာကြောင့် ရပ်တန့် သွားသည်...။ ဘာတွေ ဖြစ်နေကြတာလဲ...........။
ဘာတွေ လုပ်နေကြတာလဲ..........။
အမေ့နားမှာ လူတွေဝိုင်းလို့ ............။
သူတို့ .....
သူတို့ ....................................
အမေ့ကို............................................။

အမေသည် ထိုသူတို့  ကြားထဲတွင် ရုန်းရင်ဆန်ခတ်............။ အမေ့ကို ဆွဲကာခေါ်သူတို့ ရဲ့  လက်ထဲတွင် ပြန်လည်ရုန်းကန်ရင်း ထိုသူတို့ နောက်မလိုက်ဖို့ အရေး ခွန်အားရှိသလောက် ပြန်လည်ရုန်းကန်ရင်း အမေခုခံကာကွယ်နေသည်...။ အမေ့ကို သူတို့  ကြိုးတုတ်ထားသည်....။ ရိုက်နှက်ကာ ခေါ်ဆောင်နေသည်...။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေနှင့်...။ အမေ့ရဲ့ မျက်ရည်စတွေက အမေ့ပါးပြင်တစ်လျှောက်....။ မိုးသူ တစ်ခဏ ကြက်သေသေကာ ရပ်ကြည့်နေရင်းမှ

“မလုပ်နဲ့ .......... ကျွန်တော့်အမေ့ကို အဲ့ဒီလို မရိုက်နှက်ကြပါနဲ့ ဗျာ...။ ကျွန်တော့်အမေကို မခေါ်သွားကြပါနဲ့ ဗျာ...”

သူ့ ရဲ့  အလန့် တကြားအော်သံကြောင့် အမေ့ကို ဖမ်းဆီးခေါ်ဆောင်နေကြသူများက ခဏမျှရပ်တန့် သွားကြသလို အမေ့ရဲ့  မျက်ဝန်းတွေက ပိုပြီး အရောင်တောက်လာသယောင်ယောင်..။ မတွေ့ မြင်ရတာ ကြာပြီးဖြစ်တဲ့ သားကို မှတ်မိနေသေးတဲ့ ဟန်...။ ဖမ်းဆီခေါ်ဆောင်သူတွေရဲ့  ရန်မှ လွတ်ကင်းရန် အားကိုးတစ်ကြီး အကူအညီတောင်းလို ဟန်.....။ အဓိပ္ပယ်တွေများစွာ ပြည့်နှက်နေတဲ့ အမေ့ရဲ့  မျက်ဝန်းတွေ...။ ခဏနေတော့ အမေ့ရဲ့  နှုတ်ခမ်းများဆီမှ ဝမ်းသားအားရ ထွက်ပေါ်လာသော တစ်စုံတစ်ရာအသံ............

“ဘွတ်အဲ”

“အမေ..ကျွန်တော် ပြန်လာပြီ အမေ...အမေ့ရဲ့ သားပြန်လာပြီ... အမေ့ကို ဘယ်သူမှ မခေါ်သွားစေရဘူး...”
အမေ့ဆီသို့  လျှောက်ခါသွားရင်း အမေ့ရဲ့ ဦးခေါင်းကို ရင်ခွင်တွင်းသို့  ဆွဲကာသွင်း၍ ပွေ့ ဖက်လိုက်မိသည်...။

“ကျွန်တော့်အမေကို မခေါ်သွားကြပါနဲ့ ဗျာ...ဘကြီးဖြိုးရယ် အမေ့ကို ဘာလို့ များ ဒီလူတွေရဲ့  လက်ထဲကို ထည့်ရတာလဲ ဘကြီးဖြိုးရယ်...။

တစ်ချိန်တုန်းက ဘကြီးဖြိုးကို အမေ အလုပ်အကြွေးပြုခဲ့ပါတယ် ဘကြီးဖြိုးရယ်..”

“မေ့နေတာလား...ဘကြီးဖြိုး အမေ့ရဲ့  ကျေးဇူးတွေကို မေ့နေတာလား..အမေ အလုပ်ကြွေး ပြုခဲ့တာကို မေ့နေတာလား ဘကြီးဖြိုးရယ်”



“နေပူမရှောင်မိုးရွာမရှောင် ဘကြီးဖြိုးအတွက် အလုပ်လုပ်ပေးခဲ့တာပါ...။ အမေ့ရဲ့ သား မောင်ညိုကြီးလာတော့လဲ အမေနဲ့ တူတူ ဘကြီးဖြိုးရဲ့  လယ်ထဲမှာ ရုန်ကန်ပေးခဲ့ကြတာပဲ မဟုတ်လား..ခုချိန်မှာ အမေအလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ အမေ့ကို သားသတ်ရုံကို ရက်ရက်စက်စက် မပို့ ပါနဲ့ ဗျာ...”

“အမေဟာ မောင်ညို့ ရဲ့  ကျေးဇူးရှင် ချစ်မြတ်နိုးရတဲ့ အမေ”


“ဘကြီးဖြိုးတို့ ကို နေပူမရှောင် မိုးရွာမရှောင် မညီးငြူပဲ အလုပ်ကြွေးပြုခဲ့တဲ့ ကျေးဇူးရှင်......။
ဘကြီးဖြိုးကိုသာမက အမေ့ရဲ့  ခွန်အားနဲ့  လူပေါင်းများစွာရဲ့  ဝမ်းတစ်ထွာကို ဖြည့်ဆည်းပေးနိုင်တဲ့ လူပေါင်းများစွာရဲ့ ကျေးဇူးရှင်...”

“အထူးသဖြင့် မိဘမဲ့ ကျွန်တော့်ရဲ့  မွေးစားမိခင်....။ကျွေးမိခင်.....။
အမေတိုက်ကျွေးခဲ့တဲ့ နို့ ရည်တွေနဲ့  ကျွန်တော်ရှင်သန်လာခဲ့ရတာပါ ဘကြီးဖြိုးရယ်...”


“အမေဟာ ကျွန်တော်တို့  အားလုံးရဲ့ ကျေးဇူးရှင်...အမေ့ရဲ့  ခွန်အားတွေနဲ့  ကျွန်တော်တို့  ဝမ်းဖြည့်ခဲ့ကြတယ်..ခွန်အားတွေ ကုန်ခမ်းတော့ အသွေးအသားတွေကို စားသောက်ကြမယ်ဆိုရင် ကျွန်တော်တို့ ဟာ ကျေးဇူးရှင်တွေကို ကျေးစွပ်တဲ့ ရက်စက်တဲ့ လူသားတွေ ဖြစ်မနေဘူးလား ဘကြီးဖြိုးရယ်...”

“အမေ့မျက်နှာကို ကြည့်ပါအုံး ဘကြီးဖြိုးရယ်...အမေကြေကွဲနေရှာတယ်..။အမေ မသွားချင်တဲ့ သားသတ်ရုံကို အမေ့ကို မပို့ ကြပါနဲ့ ဗျာ.. ကျွန်တော် အမေ့ကိုယ်စား ဘကြီးဖြိုးတို့ ကို အလုပ်ကြွေးပြုပါ့မယ်.. အမေ့ကို လွတ်ငြိမ်းချမ်းသားခွင့်ပေးပါဗျာ..”

“ဟူးးးးး
ခက်တာပဲ...ငါလဲ ပို့ ချင်လွန်းလို့ တော့ မဟုတ်ပါဘူး.... ကဲပါ..ထားလိုက်ပါတော့...
ကဲ..ကဲ.. မင်းအမေကို ငါမရောင်းတော့ဘူး...။ ဟုတ်တယ် သူဟာ မင်းအမေ..မင်းကိုနို့ ချိုတိုက်ကြွေးခဲ့တဲ့ မိခင်...ငါ့တို့ ကို ခွန်အားတွေနဲ့  အလုပ်အကြွေးပြုခဲ့တဲ့ ငါ့တို့ အားလုံးရဲ့  ကျေးဇူးရှင်...။ ငါ့ကျေးဇူးရှင်ကို ငါ လက်လွတ်စပယ်လုပ်မိတော့မလို့ ပါလား...။ သွားပေအုံးတော့ သားသတ်သမားတို့ ရေ...”
ဘကြီးဖြိုးရဲ့  စကားသံ အဆုံးတွင်တော့ အမေက နားလည်သည့်အလား ဝမ်းခေါင်သံကြီးနှင့် အသံရှည်ဆွဲလျှက်

“ဘွတ်အဲ”


“အမေ...အမေမသွားရတော့ဘူးအမေ..အမေ ကျွန်တော်တို့ နဲ့  သက်တမ်းကုန်တဲ့ထိ နေရတော့မယ်အမေ...”
သူ ပြောဆိုနေတာ အမေက နားလည်နေသည့်အလား ခေါင်းတညိတ်ညိတ်...။
အမေ့ရဲ့  အမြီးက သူ့ ကျောပြင်ကို လာရိုက်ပုတ်နေသည်...။ အမေသူ့ ကို နှစ်သိမ့်ပေးနေတာများလား...။ ထိုသို့ တွေးနေချိန်မှာပဲ အမေ့ရဲ့  လျှာက သူ့ မျက်နှာပြင်အနှံ လာလျှက်လို့ နေသည်...။

အိုးးးးးးးးးးး အမေ ပျော်ရွှင်စွာနဲ့  သူကို နမ်းနေတာများလား...။
အမေ စကားမပြောတတ်ပေမဲ့ ခံစားမှုတွေက နားလည်နေသယောင်...။ အမေ့မှာ လူသားတွေလို အသိဥာဏ်မရှိပေမဲ့ လူသားအားလုံးရဲ့  ကျေးဇူးရှင်.....။

အမေ့ရဲ့  မျက်ဝန်းတစ်လျှောက် မျက်ရည်တွေ စီးဆင်းကျနေသည်...။

သေချာပါသည် ထိုမျက်ရည်သည် ကြွေကွဲ၍ ကျသော မျက်ရည်တော့ မဖြစ်နိုင်တောပြီ...............။

ဒီတစ်ခါ ကျဆင်းနေတဲ့ အမေ့ရဲ့  မျက်ဝန်းထဲမှ မျက်ရည်တွေက ပီတိမျက်ရည်...။ ကြည်နူးမှုကြောင့် ကျသော မျက်ရည်...။

အမေ့ကို သိုင်းကာ ဖက်ရင်း မိုးသူ ပါးပြင်တစ်လျှောက်မှာလဲ မျက်ရည်များက စီးဆင်းလျှက်...။

သေချာတာပေါ့ သူ့ ပါးပြင်ပေါ်မှာ စီးဆင်းနေတဲ့ မျက်ရည်တွေကလဲ ပီတိမျက်ရည်ဆိုတာ......။

ကျေးဇူးရှင် အမေ့ရဲ့  အသက်ကို ကယ်တင်နိုင်ခဲ့၍ ရသော ပီတိ...။ ကျေးဇူးဆပ်ခွင့်ရခဲ့သောပီတိ...။  ပီတိတွေ လျှံကာ ကျဆင်းနေသော မျက်ရည်စက်များပါ ကျေးဇူးရှင်မေမေ............။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






 



2 comments:

  1. ဟုတ်ပါတယ် မမေရေ... သူတို့ရဲ့သခင်တွေ အိမ်မီးဖိုချောင်က အိုးခြစ်သံကြားရင်တောင် သူတို့လုပ်ကျွေးတာ မဝလို့ဆိုတဲ့ အသိနဲ့ မျက်ရည်ကျတတ်တဲ့ သတ္တဝါပါ.... လူတွေကသာ သူတို့လုပ်အားနဲ့ ရတဲ့ထမင်းကို သူတို့အသားနဲ့ မြိန်မြိန်ကြီး စားတတ်ကြတာလေ.. "နွားမေတ္တာစာ" ကိုဖတ်ပြီးကတည်းက ကျွန်တော်လည်း အမဲသားဆို ရှောင်ဖြစ်ခဲ့တယ်... ပို့စ်လေး ဖတ်လို့ကောင်းတယ်ဗျာ...

    ReplyDelete
  2. ဖတ်ပြီး စိတ်ထဲ တမျိုးကြီးခံစားမိတယ်...
    ကျေးဇူးတရားဆိုတာ လူပဲဖြစ်ဖြစ်
    တိရိစ္ဆာန်ပဲဖြစ်ဖြစ် နားလည်သင့်ပါတယ်...
    လေ့လာဖတ်မှတ်သွားတယ်နော်.........

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်