This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Thursday, 28 November 2013

ပြည်ကြီးငါး အကြွပ်ကြော်

ဒီနေ့တော့ ပြည်ကြီးငါးကို အကြွပ်ကြော် ကြော်စားကြမယ်နော်။



လိုအပ်သော ပစ္စည်းများ
၁။ ပြည်ကြီးငါး
၂။ဂျုံမှုန့် ပန်ကန်လုံးတစ်လုံးခန့်
၃။ဆားအနည်းငယ်
၎။ တရုတ်စမှုံမျိုးငါးပါးအမှုန့်
 (သို့) သစ်ဂျပိုး၊ကရဝေးရွက်အမှုန့်  - ကော်ဖီဇွန်း တစ်ဇွန်း

၅။ကြက်ဥ (၂) လုံး
၆။ အကြော်ကြော်ရန်ဆီ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးဆုံး ပြည်ကြီင်္းငါးများကို ရေဆေးသုတ်သင်ပြီး အကွင်းလိုက်ဖြစ်အောင်လှီးထားပေးရပါမည်။ သို့မဟုတ်ပါက အသင့်လှီးထားပြီးသားကို စူပါမားကက်များတွင် ဝယ်ယူနိုင်ပါသည်။
၂။ ကြက်ဥနှစ်လုံးကို နာနာခေါက်၍ လှီးထားပြီးသော ပြည်ကြီးငါးများကို ကြက်ဥထဲ နှစ်၍ စိမ်ပေးလိုက်ပါ။

၃။ ထို့နောက် အတူရောနှောကာ အသင့်ပြင်ထားသည့် ဂျုံမှုန့်၊ဆား၊တရုတ်စမုံမျိုးငါးပါး(သို့) သစ်ဂျပိုးနှင့်ကရဝေးရွက်မှုန့် တို့တွင် ပြည်ကြီးငါးများကို တစ်ကွင်းချင်း လှိမ့်ပေးရပါမည်။

၎။ ထို့နောက် မီးဖိုပေါ်တွင် အသင့်တည်ထားသော ဆီအိုးထဲတွင် ထည့်၍ ကြော်ပေးလိုက်ပါ။


အကြော်များကြွပ်လျှင်တော့ ဆီအိုးထဲမှ ဆယ်ယူပြီး ဆီစစ်ကာအသင့်စားသုံးနိင်ပါပြီ။ ဆီတွေ မကြိုက်လို့ မီးဖိုချောင်သုံး တစ်သျှူးစက္ကူလေးနှင့် အောက်ကခံကာ အကြော်ထဲမှဆီကို စစ်ယူထားလိုက်တယ်နော်။
အချဉ်ရည်နှင့် တို့စားလိုလျှင် မိမိစိတ်ကြိုက်အချဉ်ရည်ကို စပ်ယူနိုင်ပါသည်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ 
မေသဇင်



Thursday, 21 November 2013

သကြားမုန်လာသနပ်

အနောက်တိုင်းစာ salad နဲ့ပဲ တွဲစားစား ၊ မြန်မာစာ အဖြစ် အချဉ်သုပ်ကဲ့သို့ သနပ်အဖြစ်သုံးဆောင်လျှင်လဲ အဆင်ပြေသည့် သကြားမုန်လာ (BeetRoot)  သနပ်ပါ။ ပြုလုပ်ရသည်မှာလဲ လွယ်ကူ၍ တာရှည်ထားလဲ ခံသည့် သကြားမုန်လာသနပ်လေးပါရှင်။

ပါဝင်သော ပစ္စည်းများ



၁။ BeetRoot ခေါ် သကြားမုန်လာ (၆) လုံး

၂။ကြက်သွန်နီ (၆) လုံး

၃။ သကြား (၂) ခွက်

၎။ ဆလကာရည် (၂) ခွက်

၅။ ရေ (၂) ခွက်

၆။ ဆား သင့်တင့်ယုံမျှ

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ပထမဦးစွာ  သကြားမုန်လာကို  ရေမြုပ်အောင်ထည့်၍ နူးလာသည်အထိပြုတ်ပေးထားပါ။
တည်ထားသော သကြားမုန်လာဥ နူး/မနူး သိလိုလျှင် တူဖြစ်သော်လည်းကောင်း၊ ခက်ရင်းဖြစ်သော်လည်းကောင်း ထိုးကြည့်ပါ။ နူးလာလျှင် မီးဖိုပေါ်မှ ဖယ်ရှာကာ ရေအေးအေးဖြစ် ဆေး၍ အေးလာလျှင် အခွံနွှာက အကွင်းလိုက် လှီးကာ အသင့်ပြင်ထားပေးပါ။

၂။ သကြားမုန်လာ ပြုတ်နေသော ချိန်တွင် ကြက်သွန်နီဥများကို အခွံနွှာ၍ အကွင်းလိုက်လှီးထားကာ ဇလုံထဲတွင် ထည့်ထားပြီး  ဆူနေသောရေနွေးလောင်းထည့်ကာ (၁၅)မိနစ်ခန့် ရေနွေးစိမ်ထားပေးပါ။ ထို့နောက် ရေများ သွန်ကာ ရေစစ်ထားလိုက်ပါ။ ကြာကြာထားလျှင် ကြက်သွန်များ နူးကာပျော့သွားမည် ဖြစ်သောကြောင့် အချိန်မလွန်စေရန်သတိထားပေးပါ။ ကြက်သွန်စိမ်းနံ့ ပျောက်ကာ မကျက်တကျက် ကြွပ်နေသော ကြက်သွန်အဖြစ်သာ ထားပေးပါ။


၃။ ရေ (၂)ခွက်၊ ဆလကာရည် (၂) ခွက်၊ သကြား (၂) ခွက် နှင့် ဆားသင့်တင့်ယုံတို့ကို ရောစပ်ကာ မီးဖိုပေါ်တင်၍ ဆူအောင်တည်ပေးလိုက်ပါ။

၎။ ထို့နောက် သကြာမုန်လာ၊ကြက်သွန်၊ အသင့်ကျိုထားသော အရည်တို့ကို ဇလုံတစ်ခုထဲတွင် အတူတကွ ရောမွှေပေးလိုက်ပါ။


ထို သကြားမုန်လာသနပ်များအေးလာလျှင် ပုလင်းထဲထည့်ကာ အဖုံးလုံလုံ လေလုံလုံဖြစ် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလျှင် လအတော်ကြာသည်အထိ သိမ်းထားနိုင်ပါသည်။ မိမိစားလိုသည့် အချိန်တွင် ထုတ်၍စားနိုင်ပါသည်။ ရေခဲသေတ္တာထဲ ကြာရှည်သိမ်းမည်ဆိုလျှင် အရည်များမြုပ်သည်အထိထားပေးရပါမည်။ အရေမမြုပ်လျှင် အပေါ်ပိုင်း မှိုတက်၍ ပျက်တတ်ပါသည်။ အရည်မလောက်လျှင် အချိုအစားညီညီ ထပ်၍ ကျိုကာထည့်နိုင်ပါသည်။

Saturday, 16 November 2013

ခရမ်းချဉ်သီးအစာသိပ်

မိုးလေးအေးအေးရှိတာနဲ့ လူကခပ်ပျင်းပျင်းတီဗီလေးရှေ့ ကွေးကွေးလေးထိုင်ရင်း ထုံစံအတိုင်း စိတ်ထဲမှာ ဘာလုပ်စားရင်ကောင်းမှာလဲ တွေးကြည့်နေမိတာပေါ့။ စားရင်းသောက်ရင်း ဝိတ်တွေကလဲ ပိုပိုပြီး တက်လာပြီးဆိုတော့ ဝိတ်လဲမတက်နိုင် ကျန်းမာရေးနှင့်လဲ ညီညွှတ်နိုင်မည့် ပေါ့ပေါ့ပါးပါးလေးတစ်ခုခု လုပ်စားမယ်လို့ စိတ်ကူးမိလိုက်တော့ ကျောင်းတက်စဉ်ကာလတွေတုန်းက သူငယ်ချင်းတွေနှင့်အတူ မက်မက်မောမောစားဖြစ်ခဲ့ကြသည့် ခရမ်းချဉ်သီးအစာသိပ်လေးလုပ်စားမယ်လို့ စိတ်ကူးရလာခဲ့ပါသည်။



ရေနွေးကြမ်းပူပူလေးနှင့် သိပ်ကိုလိုက်ဖက်သည့် ခရမ်းချဉ်သီးအစာသိပ်လေးပါ။ တီဗီကြည့်ရင်းစားစား ၊ သူငယ်ချင်းတွေနဲ့ စကားပြောရင်းစားစား အချိန်မရွေးစားသောက်နိုင်သည့် အပျင်းပြေ ၊ အစာပြေ ရသာစုံ အစာသိပ်လေးပါ။

ခရမ်းချဉ်သီး အစာသိပ်လုပ်စားရန် အသင့်တော်ဆုံးခရမ်းချဉ်သီးမှာ အနှစ်အသားများသည့် မေမြို့ခရမ်းချဉ်သီးခေါ်သည့် ခရမ်းချဉ်သီးသေးသေးရှည်ရှည်အမျိုးအစားဖြစ်ပါသည်။ ခရမ်းချဉ်သီးအလုံးကြီးမျိုးမှာ အနည်းငယ်အချဉ်စူးကာ အရည်ရွှမ်းသောကြောင့် အစာသိပ်လုပ်ပြီးလျှင် ခရမ်းချဉ်သီးထဲမှ အရည်စိမ့်ထွက်လာမှုများတာကြောင့် သိပ်ပြီးအဆင်မပြေပါ။ ပြောသာပြောနေရတာ မေနေသည့် အရပ်မှာ ထိုမေမြို့ခရမ်းချဉ်သီးမျိုးမရှိ၍ ဆင်ဆင်တူသည့် ခရမ်းချဉ်သီးကိုသာ အသုံးပြုထားရပါသည်။ မေမြို့ခရမ်းချဉ်သီးထက် အလုံးသေးနေပါသည်။

ပါဝင်သော ပစ္စည်းများ


၁။ ခရမ်းချဉ်သီး
၂။ ပုဇွန်ခြောက်မှုန့်
၃။ ဆီ ၊ ရသာမှုန့် ၊ ဆား (သို့) ငံပြာရည်တို့နှင့် နှပ်ထားပြီးသော လက်ဖက်အဆိမ့်
၎။ကြက်သွန်ဖြူ၊နီ အကြွပ်ကြော်
၅။ နှမ်း

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ခရမ်းချဉ်သီးကို ရေစင်စင်ဆေးကာ အစာသိပ်မည့် ပုံစံအတိုင်း ဓားဖြစ် ခွဲခြမ်း၍ အရင်းနားထိ  လေးခြမ်းစိပ်လိုက်ပါ။
၂။ ထို့နောက် ပုဇွန်ခြောက်မှုန့်ထည့် ၊ လက်ဖက်ထည့်၊ ကြက်သွန်ကြော်၊နှမ်း စသည်တို့ကို အစာသွပ်ထည့်လိုက်လျှင် စားသုံးရန်အသင့်ဖြစ်ပါပြီ။
 လွယ်ကူလွန်းလို့ ခက်နေမလားမသိဘူးနော်။ ဟိ ဟိ

ခရမ်းချဉ်သီးအစာသိပ်ကို ငရုတ်သီးစိမ်းတောင့်၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက် အစရှိသည်ဖြစ် တွဲဖက်၍ စားသုံးနိုင်ပါသည်။

ရေနွေးကြမ်းပူပူလေးကတော့ မပါမပြီး ရှေ့သွားနောက်လိုက်ညီသည့် စုံတွဲပေါ့။

အသင့်စားသုံးနိုင်ပြီးဖြစ်သည့် ခရမ်းချဉ်သီးအစာသိပ်

Thursday, 14 November 2013

မုန်လာဥနှင့်ပုဇွန်ချဉ်ရည်ဟင်း

မုန်လာဥ ချဉ်ရည်ဟင်းလေး ချက်စားဖြစ်လို့ မိတ်ဆွေတွေလဲ အတူစားရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။ ချဉ်ရည်ဟင်းတွေဆိုတော့ မြန်မာ့ရိုးရာ မိရိုးဖလာဟင်းတွေပဲဖြစ်ကာ အတော်များများက ချက်ပြုတ်တတ်ကြပါတယ်။ ဒါကြောင့် မုန်လာဥချဉ်ရည် ချက်နည်းကိုရေးဖို့အစီအစဉ်မရှိသောကြောင့် ပုံတွေတော့ မရိုက်ထားဖြစ်ခဲ့ပါဘူး။  ချက်ထားပြီးသား ပန်ကန်ကိုပဲ facebook ပေါ်တင်ရင်း အိမ်နှင့်ဝေးကာ အမေ့လက်ရာကို လွမ်းနေကြသည့် ပြည်ပရောက် မောင်ငယ်၊ညီမငယ်များက ထိုဟင်းချက်နည်းရေးပေးဖို့ တောင်းဆိုလာတာကြောင့် ချက်နည်းကို ရေးပေးလိုက်ပါတယ်ရှင်။




ပါဝင်သော ပစ္စည်းများ

၁။ မုန်လာဥကြီး (၂)လုံးခန့်
၂။ ပုဇွန် (၁၀)သား
၃။ ငရုတ်သီးအရောင်တင်မှုန့် စားပွဲတင်ဇွန်း (၁) ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည်)
၎။ နနွင်းမှုန့် အနည်းငယ်
၅။ ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းခန့်
၆။ဆားအနည်းငယ်
၈။မန်းကျည်းသီးမှည့် စားပွဲတင်ဇွန်း (၁) ဇွန်းခန့်
၉။ ဟင်းမွှေးမဆလာ အနည်းငယ်

၁၀။ ကြက်သွန်နီ ဥကြီး (၁) ဥ
၁၁။ ကြက်သွန်ဖြူ (၃)မွှာ
ရသာမှုန့် /အချိုမှုန့် စားသုံးမည်ဆိုလျှင် မိမိစိတ်ကြိုက်အနည်းငယ် ထည့်နိုင်ပါသည်။

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ပုဇွန်ကို ဦးခေါင်းခွံနွှာ ၊အညစ်အကြေးထုတ် ရေစင်စင်ဆေးပြီး အသင့်ပြင်ဆင်ထားပါ။
၂။ မုန်လာဥကို အခွံနွှာ မိမိစိတ်ကြိုက် ပုံစံအနေအထား လှီးဖြတ်ထားလိုက်ပါ။
၃။ကြက်သွန်ဖြူ၊နီတို့ကို ငရုတ်သီးမှုန့် ၊နနွင်းမှုန့်တို့နှင့်ရောထောင်း။ ငရုတ်ဆုံထောင်းရန် အဆင်မပြေသူများ ကြက်သွန်ဖြူ၊နီတို့ကို ခပ်သေးသေးအရွယ်အစား လှီးကာ ထိုတိုင်းထည့်နိုင်ပါသည်။
၎။ မိမိချက်မည့်အိုးထဲတွင် မုန်လာဥ၊ပုဇွန်၊ကြက်သွန်ဖြူ၊နီ၊ငရုတ်သီမှုန့်၊ဆီ၊ဆား၊ရသာမှုန့် စသည်တို့ကို အတူထည့်နှယ်ကာ ရေစပ်စပ်လေးထည့်၍ အဖုံးလုံအောင်ပိတ်ပြီး မီးဖိုပေါ်တွင် တည်ထားလိုက်ပါ။
၅။ ထိုအချိန်တွင် မန်ကျည်းသီးမှည့်ကိုရေဖြစ် ဖျော်ထားပြီးအသင့်ပြင်ထားလိုက်ပါ။
၆။ ဟင်းအိုးဆူလာ၍ မုန်လာဥများနူးလောက်ချိန်တွင် မန်ကျည်းသီးမှည့်ဖျော်ရည်ထည့်ပြီး ဆူအောင်ပြန်တည် ထားလိုက်ပါ။
၇။ ထို့နောက် ရသာ အပေါ့အငန်မြည်း၍ အနေတော်လေးဖြစ်လာလျှင် ဟင်းမွှေးမဆလာအုပ်က ဟင်းအိုးကို မီးဖိုပေါ်မှာ ဖယ်ရှာပေးနိုင်ပါပြီရှင်..။

အချိန်ကုန်သက်သာ၊ လူသက်သာပြီး ရသာကောင်းမွန်သည့် မုန်လာဥနှင့် ပုဇွန်ချည်ရည်ဟင်းတစ်ခွက်ကို အသင့်သုံးဆောင်နိုင်ပါပြီရှင်။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Thursday, 31 October 2013

သဘောင်္သီးသုပ် နှစ်မယ်

သဘောင်္သီးသုပ်စားချင်လာတာနဲ့ ဈေးသွားပြီး သဘောင်္သီးသွားဝယ်တာ သဘောင်္သီးတွေက တစ်လုံး တစ်လုံးအကြီးကြီးတွေ။ စားတဲ့သူက ကိုယ်တစ်ယောက်ထဲ ဖြစ်နေလေတော့ ဘယ်လိုမှ မကုန်နိုင်ဘူးလေ။ စားချင်စိတ်ကလဲ ပြင်းပြနေလေတော့ ရှိတဲ့ သဘောင်္သီး အလုံးကြီးကြီးကိုပဲ ဝယ်ပြီးပြန်လာခဲ့လိုက်တာပေါ့။
စနေ၊တနင်္ဂနွေမှ မဟုတ်လျှင် လူတိုင်းက အလုပ်သွားနေကြတာကြောင့် သဘောင်္သီးသုပ်ပြီးစားဖို့ လာခဲ့ပါလို့ ခေါ်စားရင်တောင် ဘယ်သူမှ မလာနိုင်တာ သေချာလေပြီ။ ဒီတော့ သဘောင်္သီးကို ထပ်ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းကို အိတ်ထဲ ပြန်ထည့်၊ နောက်နေ့မှာ သဘောင်္သီးသုပ်စားဖို့ ရေခဲသေတ္တာထဲ ပြန်သိမ်း ၊ ကျန်တစ်ခြမ်းကို ပထမနေ့ အနေနှင့် ယိုးဒယား သဘောင်္သီးထောင်း ထောင်းစားဖို့ ပြင်ဆင်လိုက်ပါတယ်။

ယိုးဒယားသဘောင်္သီးထောင်းကို လူအတော်များများက ရေးခဲ့ဖူးသော်လည်း မသိသေးသူတွေ ထပ်မံလေ့လာရအောင် မေ ထပ်၍ရေးသားပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ


၁။ သေဘာၤသီး လက္တစ္ဆုပ္စာ
၂။ ကြက်သွန်ဖြူ (၂)မွှာ
၃။ ပုဇွန်ခြောက်စားပွဲတင်ဇွန်း (၁)ဇွန်း
၎။ ငရုတ်သီးစိမ်းတောင့် (မိမိစားနိုင်သော အစပ်နှုန်းထား)
၅။ခရမ်းချဉ်သီး (၁) လုံး
၆။ ထန်းလျှက်ခဲ (၁)ခဲ
၇။ ပဲတောင့်ရှည် (၃) ချောင်းခန့် ချိုးထားလိုက်ပါ
၈။ငံပြာရည် (၂)ဇွန်း (ငါးပိရည်ကျို နှစ်သက်လျှင် ငါးပိရည်ကျို ထည့်ပါ)
၉။လှော်ထားပြီးသော မြေပဲဆန် စားပွဲတင်ဇွန်း (၁)ဇွန်း
၁၀။ သံပုရာသီး တစ်လုံး
အသင့်ဝယ်ယူ၍ ရသည့် ထိုင်းနိုင်ငံထုတ် ဆားနယ်ထားသော ပုဇွန်၊ဂဏန်း တို့ မှာ အလျင်းသင့် မရှိ၍ မထည့်ဖြစ်တော့ပါ။ ဂွေးသီး (အချို/အချဉ်) ရှိလျှင် ထပ်၍ ထည့်နိုင်ပါသည်။ သဘောင်္သီးထောင်းလေး စားချင်စဖွယ် အရောင်လှအောင် မုန်လာဥနီကိုလဲ အနည်းငယ်မျှ ခြစ်ကာ ထည့်ပါသည်။

 ပြုလုပ်ပြင်ဆင်ပုံ

၁။ သဘောင်္သီးကို ရေဆေး၊အခွံနွှာကာ အမျှင်လေးများ ဖြစ်အောင် ခြစ်ပေးလိုက်ပါ။ မုန်လာဥနီထည့်လျှင် မုန်လာဥနီကိုပါ ခြစ်ကာ ရောထားပေးလိုက်ပါ။
၂။ ဆုံထဲတွင် ကြက်သွန်ဖြူကို ညက်ညက်ထောင်းကာ ငရုတ်သီးစိမ်းတောင့် ထည့်ထောင်း၊ ငရုတ်သီးစိမ်းထောင်းများ မညက်တစ်ညက်ဖြစ်လာလျှင် ပဲသီးထည့် တစ်ချက်နှစ်ချက်ထောင်း၊
ထို့နောက် ထန်းလျှက်ခဲကို ထည့် ကာ ဖွဖွလေးထောင်းပေးပါ ၊ အရည်များထွက်လာ၍ စင်မည်ဆိုသောကြောင့် ဖြစ်သည်။
သို့မဟုတ်ပါက မျက်နှာကို အရည်စင် သက်သာစေရန်  ငရုတ်ကျည်ပွေ့နှင့် ခပ်နာနာလေးသာ ဖိကြိတ်ပေးပါ။
မြေပဲထည့်၊ ပုဇွန်ခြောက်ထည့် ၊ အသင့်လှီးထားပြီးသော ခရမ်းချဉ်သီးထည့်၊ ဂွေးသီးထည့်၊ ငံပြာရည်ထည့်၊ (အချိုမုန့်စားသုံးလျှင် ထည့်)၊ သဘောင်္သီး ထည့်ကာ ငရုတ်ကျည်ပွေ့နှင့်နှံစပ်အောင် မွှေ့လိုက်ပါ။ ထောင်းစရာမလိုပါ။ နှံ့စပ်အောင်သာ ခပ်နာနာလေး ဖိကြိတ်၍ နှံ့အောင် နယ်ပေးလိုက်ပါ။

၃။ ထို့နောက် အသင့်စားသုံးနိုင်သော ယိုးဒယား သဘောင်္သီးထောင်းကို ရရှိပါပြီ။ သဘောင်္သီးထောင်းကို  မုန့်ဟင်းခါးအဖတ်နှင့် တွဲဖက်စားသုံးနိုင်ပါသည်။ ဂေါ်ဖီထုပ် ၊ ရေခဲစိမ် သခွားသီး အေးအေးလေး ထပ်၍ ထည့်ကာ စားသုံးနိုင်ပါသည်။

ဒါလေးကတော့ ရှိတာလေးနှင့် ထောင်းထားသော ရိုးရိုး သဘောင်္သီးထောင်းပါပဲ။



ဒုတိယနေ့

မြန်မာသဘောင်္သီးသုပ်


အထွေအထူး ရေးပြမနေတော့ဘူးနော်။ ပါဝင်ပစ္စည်းတွေကို ဓာတ်ပုံထဲ ထည့်ထားပြီးသာ။
အချိုးအစားကိုထည့်ပြီးမရေးပေးတော့ဘူးနော်။ အချို၊အငန်၊အစပ် စားတဲ့နှုန်းထားက တစ်ဦးနှင့် တစ်ဦး မတူညီတာကြောင့်ပါ။
 ခြစ်ထားပြီးသော သဘောင်္သီးသုပ်ထဲ ၊အားလူးပြုတ်ထည့်၊
ကြက်သွန်နီ၊ရှောက်ရွက် ပါးပါးလေး လှီးထည့်၊
မန်းကျည်းသီးမှည့်ရည် ရွှဲရွှဲလေးဆမ်း၊ ငံပြာရည်ကို လိုသလောက်ထည့် ၊ ကြက်သွန်ဖြူ ဆီချက်ထည့်၊
ပုဇွန်ခြောက်မှုန့် ၊မြေပဲဆန်မှုန့်၊ ပဲမှုန့်၊ငရုတ်သီးမှုန့်ထည့်
ထို့နောက် အားလုံးကို သမနှံ့စပ်အောင် နယ်ပေးလိုက်လျှင် စီးစီးပိုင်ပိုင် ချဉ်ငံစပ် မြန်မာ့ရိုးရာ သဘောင်္သီးသုပ်လေး ရရှိပါပြီရှင်။

ဟင်းခါးရည် ချက်ဖို့ အချိန်မရှိလျှင်တောင် ရေနွေးကြမ်းပူပူလေးနှင့် တွဲဖက်စားသုံးနိုင်သည့် မြန်မာ့ရိုးရာ စွဲမက်ဖွယ် သဘောင်္သီးသုပ်လေးပါ။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Friday, 25 October 2013

မုန့်ဟင်းခါး ချက်စားကြစို့ကွယ်

မြန်မာလူမျိုး အတော်များများကမုန့်ဟင်းခါးကို ကြိုက်နှစ်သက်ကြတယ်။ မနက်စာကို မုန့်ဟင်းခါးပူပူလေးနဲ့ စတင်စားသုံးချင်ကြတယ်။ ဘယ်နေရာ ၊ဘယ်ဒေသရောက်ရောက် မမေ့မလျော့ပဲစားချင်နေခဲ့ကြတယ်။ အိမ်ကို လွမ်းတဲ့အလွမ်းတွေနဲ့အတူ မုန့်ဟင်းခါးကိုပါ ပါဝင်၍ လွမ်းတတ်ကြပါတယ်။
မုန့်ဟင်းခါး................


မြန်မာလူမျိုးတို့ရဲ့ ဘဝင်ခိုက်စေတဲ့ စားသောက်ဖွယ်ရာ။ သူ့အရပ်၊ သူ့ဒေသအလိုက်   ၊ ချက်ပြုတ်နည်းတွေ ကွဲပြားခြားနားခဲ့ပေမဲ့ မုန့်ဟင်းခါးဆိုသည့် နာမည်လေးကတော့ လူတိုင်းရင်မှာ စွဲမြဲနေဆဲပါ.. နှစ်ခြိုက်စွာ စားသုံးချင်ခဲ့ကြတာပါ။

ဒီနေ့တော့ မုန့်ဟင်းခါး ချက်နည်းပေါင်းစုံထဲက တစ်နည်းချက်ပါမည်။

ပါဝင်သည့် ပစ္စည်းများ

၁။ ငါး (၂၀) သားခန့်
၂။ ပဲဝါကြမ်း ( ၅)ကျပ်သား
၃။စပါးလင် (၆) ချောင်း
(စပါးလင်များကို ရေစင်စင်ဆေးပြီး အပြင်ပိုင်းအရင့်နှင့် အတွင်းသာ အနုတို့ ခွဲခြားထားလိုက်ပြီး အတွင်းသား နုနုများကို ပါးပါးလေး လှီးကာ အသင့်ပြင်ထားလိုက်ပါ)
၎။ ကြက်သွန်ဖြူ (၂) ဥ
၅။ ကြက်သွန်နီ (၅၀)ကျပ်သား
၆။ ဂျင်း တစ်တက်စာမျှ
၇။ငံပြာရည် (၁၀) ဇွန်း
၈။ ငရုတ်သီးအရောင်တင်မှုန့်
၉။ နံနွင်းမှုန့်
၁၀။ ရွှေကြည်မှုနှ်ု့ အနည်းငယ် (မနှစ်သက်လျှင် မထည့်ပါနှင့်)
၁၁။ ဆီအနည်းငယ်
၁၂။ ကြက်ဥ/ဘဲဥ ပြုတ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ပထမဦးစွာ ငါးကို သန့်စင်ပြီး ရေစင်စင်ဆေးကာ ဟင်းရည်တည်မည့်အိုးတွင် နံနွင်းမှုန့်အနည်းငယ် ၊ငံပြာရည်(၁၀)ဇွန်း၊ စပါးလင် (ဖယ်ထားသော  အပြင်ပိုင်းများကို စုစည်းကာ ချည်၍ ထည့်လိုက်ပါ) စသည်တို့ကို အတူထည့်၍ ပြုတ်ထားလိုက်ပါ။
၂။ ထိုအချိန်တွင် ပဲဝါကြမ်းကိုလဲ သီးသန့်အိုးဖြစ် ပြုတ်ထားလိုက်ပါ။
၃။ ငါးနှင့်ပဲများ ပြုတ်ထားချိန်တွင် ကြက်သွန်ဖြူ/နီ ၊ ဂျင်း စသည်တိုကို အခွံနွှာ ဆေးကြောသန့်စင်ကာ အသင့်ပြင်ဆင်ထားပါ။ ပြီးနောက် ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင် အတွင်းသားနုနုများနှင့် အရောင်တင်မှုန့် တို့ကို အတူရောထောင်းပြီးအသင့်ပြင်ထားပါ။
၎။ ငါးများဆူလာ၍ အသားနူးလာလျှင် မီးဖိုပေါ်မှာ ဖယ်ရှားပြီး အရိုးနှင့် အနယ်များ မပါဝင်စေရန် ဇကာ(သို့) ရေစစ်လေးဖြစ် စစ်ယူထားကာ အသားများကို ခေတ္တမျှ အအေးခံ ၊ အရိုးအပါစေရန် အရိုးများကို ဂရုတစ်စိုက် ဖယ်ရှာပြီး အသားကြီးများနွှင်၍  အသင့်ပြင်ထားသော (ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင် အတွင်းသားနုနုများနှင့် အရောင်တင်မှုန့်) ထောင်းကို ဆီသတ်ကာ မွေးရနံ့များရလျှင် အရိုးသင်ထားသော ငါးများကို ထည့်ကာ ကြော်ပေးလိုက်ပါ။


၅။ ပြုတ်ထားသော ပဲများ နူးလာလျှင် ဆုံဖြင့် ထောင်း၍သော်လည်းကောင်း ၊ကြိတ်စက်ဖြစ်သော်လည်းကောင်း ညက်နေအောင် ချေလိုက်ပါ။
၆။ စစ်ယူထားသော ငါးပြုတ်ရည် ၊ထောင်းချေထားသော ပဲနှင့် ပဲပြုတ်ရည်နှင့် လိုအပ်သည့် ရေတို့ ထပ်၍ ထည့်ကာ ခွင်ပေါ်ပြန်တင်၍ဆူအောင်ပြန်တည်လိုက်ပါ။ အရည်အိုးဆူလာလျှင် ကြော်ထားပြီးသော ငါးအနှစ်များထည့်၊ခေတ္တမျှ စောင့်၍ ဆူလာလျှင် ကြက်သွန်နီဥများပါ တည့်ကာ တည်ထားပေးလိုက်ပါ။

၇။ ကြက်သွန်ဥများ နူးစပြုလာလျှင် ဆား၊ ရသာမှုန့် ထည့် မိမိလိုအပ်သည့် အပေါ့အငန်မြည်းကာ မိမိလျှာအရသာအကြိုက် ထည့်ဝင်နိုင်ပါသည်။ ဟင်းရည်ပျစ်ပျစ်ကြိုက်လျှင် ရွှေကြည်မှုန့် အနည်းငယ်ကို ရေအေးအေးနှင့် ဖျော်ကာထည့်၊ မကြိုက်လျှင်တော့ ထားခဲ့ပေါ့။ ပြုတ်ထားပြီး စိပ်ထားသော ကြက်ဥ/ဘဲဥ ကို ထည့်ကာ ဟင်းအိုးဆူလာလျှင် စားသုံးရန်အသင့်ဖြစ်ပါပြီ။


ဟင်းခါးရည်အိုးလေး အသင့်ဖြစ်ပြီဆို ပဲသီး၊နံနံရွက် ၊အကြော်စုံ ၊ငရုတ်သီးမှုန့်၊သံပုရာသီး စသည်ဖြစ် မိမိနှစ်သက်ရာများကို ပြင်ဆင်ကာ မုန့်ဟင်းခါးဖတ်နှင်အတူ တွဲဖက်စားသုံးနိုင်ပါပြီ။ မေကတော့ ဒီနေ့ ဝယ်ထားသည့် အကြော်စုံ အသင့်မရှိ၍ မထည့်နိုင်ခဲ့ပါရှင်။



.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Thursday, 24 October 2013

ဒန့်ဒလွန်သီးနှင့် ငါးခြောက်ချဉ်ရည်ဟင်း



ဒန့်ဒလွန်သီးတွေ ပေါတဲ့ ရာသီမှာ ဒီနေ့တော့ ဒန့်ဒလွန်သီးနဲ့ ငါးခြောက်ဟင်းချက်ဖို့ စိတ်ကူးလေးရလာတယ်။ ငယ်ငယ်လေးထဲကနေ စားခဲ့ဖူးကြသည့် အမေ့လက်ရာ  မြန်မာဟင်းလဲ ဖြစ်တာရယ် ၊လွယ်ကူတဲ့ ဟင်းလဲ ဖြစ်တာကြောင့် ချက်ပြုတ်နည်းကို အချိုးအစားအတိအကျနဲ့ မရေးတော့ဘူးနော်။ ချဉ်၊ငန်၊စပ်၊ပေါ့၊စသည့်ရသာတို့ကို မိမိအလိုကျအတိုင်း ထည့်ဝင်နိုင်ပါသည်ရှင်။

ပါဝင်သောပစ္စည်းများ


၁။ ဒန့်ဒလွန်သီး

၂။ ငါးခြောက်

၃။ ခရမ်းချဉ်သီး

၎။ ကြက်သွန်ဖြူ /နီ

၅။ ဆီ အနည်းငယ်

၆။ အရောင်တင်မှုန့်(ငရုတ်သီးအစိမ်းမှုန့်)

၇။ နံနွင်းမှုန့်(အနည်းငယ်)

၈။ နံနံပင်

၉။ ငရုတ်သီးစိမ်း

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ထို့နောက် ကြက်သွန်ဖြူ/နီ ၊ ငရုတ်သီးမှုန့်၊ နံနွင်းမှုန့်တို့ကို အတူရောထောင်းကာ အသင့်ပြင်ထားလိုက်ပါ။

၂။ ထို့နောက် ဒန့်ဒလွန်သီးများကို အခွံသင်၊ မိမိအလိုရှိသည့် အရှည်မျှ ပိုင်းဖြတ်ပြီး သန့်စင်အောင်ရေဆေးကြောလိုက်ကာ ဟင်းချက်မည့်အိုးထဲ ထည့်လိုက်ပါ။ ငါးခြောက်ပိုင်းများကိုလည်း ရေဆေးကာထည့်။ ခရမ်းချဉ်သီးများကိုပါ စိပ်ကာ ထည့်လိုက်ပါ။ အသင့်ထောင်းထားပြီးသော ငရုတ်သီးထောင်းကိုပါ အတူပြင်ဆင်ထားလိုက်ပါ။


၃။  ထို့နောက် ဆီ၊ဆား၊ရသာမှုန့်တို့ကို အတူထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။ ငါးခြောက်မှာ ဆားပါသောကြောင့် ဆားကို လျှော့ထည့်ထားပါ။ အပေါ့အငန် မြည်းပြီးမှ မိမိလိုအပ်လျှင် ထပ်၍ထည့်နိုင်သည်။ ရေစပ်စပ်လေး ထည့်ကာ ချက်နိုင်ပါပြီရှင်။


၎။ ဟင်းအိုးဆူလာ၍ ဒန့်ဒလွန်သီးနူးလာလျှင် နံနံပင်နှင့် ငရုတ်သီးစိမ်းတောင့်လေး အုပ်ကာ မီးဖိုပေါ်မှ ဖယ်ရှားနိုင်ပါပြီရှင်။

ကဲ ဒန့်ဒလွန်သီးနဲ့ ငါးခြောက် ချဉ်စပ်ဟင်းလေးကို သုံးဆောင်နိုင်ပါပြီရှင်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Saturday, 5 October 2013

ဖန်ပေါင်းချောင်ထဲက ဖားတို့ရဲ့ဘဝ

ဖား ....................

ဖားဆိုတာ သူ့သဘာဝကိုက ခုန်ဆွ ခုန်ဆွ သွားလာတတ်တဲ့ သတ္တဝါတွေပါ။ အမြဲတမ်း သွက်လက် ဖျတ်လတ်နေတဲ့ သတ္တဝါပါ။ သူ့ရဲ့ သဘာဝကိုက အစာရှာထွက်လဲ ခုန်ဆွ ခုန်ဆွ၊ တစ်နေရာမှ တစ်နေရာ သွားလဲ ခုန်ဆွ ခုန်ဆွ။ သူရောက်လေရာ အရပ်မှာ နေရာသစ် နေရာဟောင်းမရွေးပဲ အမြဲတမ်း တက်ကြွစွာ ဖြစ် ခုန်ဆွ ခုန်ဆွ သွားလာတတ်သည့် သတ္တဝါပါ။

အဲ့ဒီလို ဖားတွေရဲ့ မူလသဘာဝကို မနာလို မရှုဆိတ်သူတစ်ဦးတော့ ရှိလေတယ်။ သူက ဖားလို ခုန်ဆွ ခုန်ဆွ သွားလာဖို့ အရေအချင်းမရှိသူလေ။ သူက ဖားတွေလို ခုန်ဆွ ခုန်ဆွ သွားလာဖို့ သက်လုံလဲမကောင်ဘူး။ခုန်နိုင်တဲ့ အရည်အချင်းလဲ မရှိဘူး။ သူ့မှာဖားလေးထက်သာတဲ့ ခွန်အား ဗလ ရှိချင် ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဖားလေးလို သွက်သွက်လက်လက်မခုန်နိုင်၊ သက်လုံမကောင်းလေတော့  တက်တက်ကြွကြွ ခုန်နေတဲ့ ဖားလေးကို အမြင်တွေကပ်၊ မနာလို မရှုဆိတ်တွေဖြစ်ပြီး ခုန်နေတဲ့ ဖားလေးကို ဖန်ပေါင်းချောင်ကြီးနဲ့ အုပ်ထားပြီး လှောင်ထားလိုက်တယ်။

ဖန် ဆိုတဲ့ သဘောက အမြင်ကြည်တယ်လေ။ ဟိုဖက် ၊ ဒီဖက် နှစ်ဖက်လုံး ဖောက်မြင်နိုင်စွမ်းရှိတော့ သနားစရာဖားကလေး ဖန်ပေါင်းချောင်ထဲ အအုပ်ခံလိုက်ရတာကို မသိခဲ့မိဘူး။ ဒီတော့ သူက ခုန်မြဲတိုင်း ခုန်လိုက်တယ်။

ဖားလေးရဲ့ အရှိန်ပြင်းပြင်းနဲ့ ခုန်ချက်က သူလိုရာကို မရောက်ဘဲ ဖန်ပေါင်းချောင်ရဲ့ နံရံနဲ့သာ တိုက်မိပြီး ဖားလေးမှာ နာကျင်သွားပြီး ပြန်ပြုတ်ကျရှာတယ်။

ရိုးသားတဲ့ ဖားလေး ဖန်ပေါင်းချောင်နဲ့ အအုပ်ခံခဲ့ရတာကို မသိရှာဘူး။ ငါ ဘာများ ဖြစ်လို့ အရင်လို မခုန်နိုင်တာပါလိမ့်လို့သာ သဘောရိုးနဲ့တွေးပြီး လိုရာခရီးရောက်ဖို့ နောက်ထပ်တစ်ကြိမ် ထပ်၍ခုန်ရှာလေတယ်။

ထိုတစ်ချိန်မှာလဲ ဖန်ပေါင်းချောင် နံရံနဲ့ တိုက်မိပြီး နာကျင်ခြင်းတွေနဲ့ ဖားလေးအောက်ပြုတ်ကျပြန်ပါပြီ။ ဖန်ပေါင်းချောင်ထဲ အအုပ်ခံရတာကို မသိလို့ပဲလား ၊ကိုယ်တိုင်က ဇွဲနပဲ ကြီးလို့လားတော့ မသိဘူး ဖားလေးက သူလိုရာ ခရီးရောက်ဖို့ အကြိမ်ကြိမ်ခုန်ပြီးကြိုးစားနေတယ်။

ခုန်တဲ့အကြိမ်တိုင်းမှာလဲ နံရံတွေနဲ့ တိုက်မိလို့ ပြန်ပြုတ်ကျလာခဲ့လေတော့ ဖားလေး အနည်းငယ် တွေးဆလာတယ်။ ငါ ဒီတိုင်းခုန်နေရင် မအောင်မြင်နိုင်ဘူး။ ငါ ဒီတိုင်း ဆက်ခုန်နေရင် ငါပဲ နာကျင်နေလိမ့်မယ်။ အကြိမ်ကြိမ် ခုန်နေမှုကြောင့် နာကျင်မှုဒဏ်ရာတွေက တစ်ကိုယ်လုံးပြည့်နှက်နေပြီလေ။ ဖားလေးလဲ သွေးကြောက်လာပြီပေါ့။ ဒီတော့ ဖားလေးက ပင်ပမ်းမှု၊ နာကျင်မှုဒဏ်တွေကို ခံနိုင်ရည်မရှိတဲ့ အဆုံး ဖန်ပေါင်းချောင် အကျယ်အဝန်းထဲမှာ ရှိတဲ့ စားသောက်စရာတွေကိုသာ ယူငင်စားသုံး၊ ဖန်ပေါင်းချောင်ထဲမှာသာ ငြိမ်သက်စွာ နေထိုင်ခဲ့လေတယ်။

ဖားလေးဟာအရင်လို မခုန်တော့ပဲ ငြိမ်သက်စွာ နေထိုင်နေတာ ကာလကြာလေတော့ ဖားလေးကို မနာလို ၊မရှုဆိတ်သူက ဒီဖားလေးတော့ အရင်လိုမခုန်နိုင်တော့ဘူး။ သူ့ကို လွတ်ထားဖို့ စိတ်ချရတဲ့ အနေအထားရောက်ပြီလို့ တွေးပြီး ဖားလေးကို အုပ်ထားတဲ့ ဖန်ပေါင်းချောင်လေးကို ဖယ်ရှာပေးလိုက်တယ်။

ဖယ်ရှာခံလိုက်ရတဲ့ ဖန်ပေါင်းချောင်လေးရဲ့ အရိပ်အောက်က လွတ်ထွက်သွားတာကို ဖားလေးမသိခဲ့ရှာဘူး။ နာကျင်မှုတွေကို ကြောက်ရွံလို့ ငြိမ်နေကျအတိုင်းလေးပဲ ဆက်ပြီး ငြိမ်နေရှာတယ်။ အရင်က ခုန်ဆွ ခုန်ဆွနဲ့ တက်ကြွခဲ့တဲ့ ဖားလေး အအုပ်ခံရတဲ့ ဖန်ပေါင်းချောင်ကြီးကြောင့် ၊ ဖန်ပေါင်းချောင်ကြီးရဲ့ အောက်မှာရရှိခဲ့တဲ့ နာကျင်မှုတွေကြောင့် သူ့အသက်ထက်ဆုံး သေဆုံးသည့်အတိုင်း ငြိမ်သက်စွာပဲ နေထိုင်သွားခဲ့ရှာလေတယ်။

မေတို့ လူငယ်လေးတွေဟာ ဖားလေးနဲ့ အသွင်သဏ္ဍန်တူတယ်။ ဖားလေးက ခုန်ဆွ ခုန်ဆွနဲ့ တက်ကြွနေသလို မေတို့လူငယ်တွေဟာလဲ အရာရာကို စူးစမ်းလိုစိတ်တွေနဲ့ တက်ကြွနေကြတယ်။ လေ့လာချင်တယ်။ တီထွင်ချင်တယ်။ တိုးတက်လိုစိတ်တွေ ရှိကြတယ်။

ဒါပေမဲ့ နှစ်ပေါင်းများစွာတိုင် ဖန်ပေါင်းချောင်ကြီးထဲ အုပ်ထားခံခဲ့ရတာကြီးက အသားသေနေလေတော့ ရုန်းထွက်ရမှာ ကြောက်ရွံ့နေကြတယ်။ နာကျင်မှာကို စိုးထိတ်နေကြတယ်။

ဒါဆို မျိုးဆက်သစ်လူငယ်လေးတွေဘဝ ဖားလေးလို မလှုပ်မရှားပဲ အသက်သေဆုံးသည်အထိ ကြောက်ရွံငြိမ်သက်စွာ နေထိုင်ကြတော့မည်လား။ တစ်ကြိမ်ထက် တစ်ကြိမ်ပို၍ ကြိုးစားလိုစိတ် မရှိကြတော့ဘူးလား။ လက်ဆင့်ကမ်းပြီး ထိုးဖောက်လိုစိတ် မရှိကြတော့ဘူးလား။

အုပ်မိုးထားခံရတဲ့ ဖန်ပေါင်းချောင်က အနာဂတ်မျိုးဆက်လေးတွေကိုတင်မဟုတ်ဘူး တစ်နိုင်ငံလုံးကို အုပ်မိုးထားတဲ့ “ဝမ်းပေါင်” ဆိုသည့် ဖန်ပေါင်းချောင်ဆိုလျှင်ရော.....

ဒီတိုင်း လက်လျှော့ အရှုံးပေးပြီး ငြိမ်သက်နေကြမှာပဲလား။

“ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည် ” ဆိုသည့် စကားပုံကို လူတိုင်း ကြားဖူးကြမှာပဲနော်။ ဖန်ပေါင်းချောင်လေးထဲမှာ တစ်ကောင်ထဲ ဖားလေးလို ခုန်မနေပဲ တစ်နိုင်ငံလုံး၊ တစ်ပြိုက်နက် ခုန်ကြမည်ဆိုလျှင်ဖြစ် ဖန်ပေါင်းချောင်ကြီးကွဲအက်ပြီး လက်ပံတောင်း ၊ ကျောက်ဖြူ၊ မြစ်ဆုံ စတဲ့ ဒေသတွေမှာ လေကောင်းလေသန့်လေးတွေ ရနိုင်လာပြီပေါ့ရှင်။


ပြိုင်တူခုန်ဖို့ ခွန်အားရှိဖို့ လိုတယ်။

ပြိုင်တူခုန်ဖို့ နည်းစနစ် သိရန် လိုအပ်တယ်။

ပြိုင်တူခုန်နိုင်ဖို့ စည်းလုံးမှု ရှိဖို့ လိုအပ်တယ်။


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




Friday, 27 September 2013

ကြက်သား ဗူးသီး ကာလသားချက်



ကာလသား ဟင်းချက်ဖြစ်ရသည့် အကြောင်းအရင်းတွေကတော့ မေတို့ ကရင်ရွာတွေမှာ ရွာက ကာလသားတွေက တစ်ရွာနှင့်တစ်ရွာအပျိုလှည့်သည့် အခါ ရွာခံ ကာလသားတွေက ဧည့်သည်ကာလသားတွေကို ချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မယ်။  ညဦးပိုင်းတွေမှာ ကာလသားတွေ စုပြီးကိုယ့်အိမ်ကကြက် ကိုယ်ပြန်ချက်စားဖြစ်ကြတဲ့ ဟင်းတစ်မယ်။ ငတက်ပြားနေ့လို့ နေ့မျိုးဆို အပျော်တမ်း ကစားကြရင် သူ့အိမ်က ကြက် ငါ့အိမ်က ဗူးသီး စသည်ဖြစ်အပြန်အလှန် အလဲအလှယ်နဲ့ လူကြီးတွေ မသိအောင် ကြိတ်ပြီး ချက်ကြတဲ့ ဟင်းတစ်မယ်အဖြစ် ချက်စားကြရင်း ကာလသားဟင်းအဖြစ် အမည်တွင်ကျန်ရစ်ခဲ့သည့် ဟင်းပါ။

ဒီကာလသားချက်ဟင်းက ရိုးရိုးလေးပေမဲ့ ကျေးလက်သဘာဝရဲ့ အငွေ့အသက် ၊ပျော်ရွှင်စည်းလုံးမှုတွေ အပြည့်ပါဝင်နေသည့် ရိုးရာဓလေ့ ဟင်းတစ်မယ်ဖြစ်တာကြောင့်ပဲ  ရိုးရိုးလေးနှင့် စွဲမက်သည့် ဟင်းတစ်မယ် နေရာရခဲ့သည့်ဟင်းပါ။

ကာလသားတွေ စုပေါင်းပြီးချက်သည့် ထုံးစံအတိုင်း မိန်းကလေးတွေလို ဖွယ်ဖွယ်ရာရာမှာ  စုံစီနဖာနှင့် အမျိုးအမယ်စုံလင်စွာဖြစ် မချက်နိုင်ဘဲ အချိန်ကုန်လဲသက်သာ အလျှင်အမြန်လဲ ကျက်သည့် ဟင်းတစ်မယ်အဖြစ် ဖန်တီးဖြစ်ခဲ့ကြတာပေါ့။

ကြက်သားကို လိုသလိုတုံး၊ ငရုတ်သီးကို ဖြစ်သလိုထောင်းရင်း ချက်ဖြစ်ခဲ့ကြသည့် ဟင်းပေမဲ့ လက်ရာကတော့ စွဲမက်ဖွယ် ဖြစ်ခဲ့တာပါပဲ။

ပြောနေရင် လေတွေ ရှည်ကုန်လို့ နောက်ထပ်ပို့စ်တစ်ပုဒ်ရလာမယ်။ ကာလသားဟင်းကို ခုပဲ စပြီး ချက်တော့မယ်နော်။ ရသာကို မိမိစိတ်ကြိုက်လိုသလောက်ထည့်ပါ။ မေ ပြထားသည့် ပုံမှာ ကြက်က (၄)ကောင်နှင့် ဗူးသီး ခပ်သေးသေး (၂) လုံးပါဝင်တာကြောင့် ဟင်းအိုးမှာ ကြီးနေရခြင်းဖြစ်ပါသည်။ ပုံကိုကြည့်၍ လန့်သွားမည်ဆိုသောကြောင့် ကြိုတင်အသိပေးရခြင်းဖြစ်ပါသည်။

ပါဝင်သော ပစ္စည်းများ



၁။ ကြက်သား
၂။ ဗူးသီး
၃။ငရုတ်သီး အတောင့် (သို့) ခွဲခြမ်းမှုန့်
၎။စပါးလင်
၅။နနွင်းမှုန့် အနည်းငယ်
၆။ ဆား သင့်တင့်ယုံ
၇။ကြက်သွန်နီ
၈။ ဆီအနည်းငယ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။ ကြက်သားကို ရေစင်စင်ဆေးပြီး မိမိစိတ်ကြိုက် အရွယ်အစား တုံးပေးပါ။

၂။  ကြက်သွန်နီနှင့် ငရုတ်သီး ထောင်းပေးပါ။ ကာလသားဟင်းဖြစ်သည့်အလျှောက် ငရုတ်သီးထောင်းက မညက်တညက်။ ထို့ကြောင့် ခွဲခြမ်းမှုန့်သုံးလျှင် ထိုအတိုင်းသာ ထည့်၍ ချက်နိုင်ပါသည်။

၃။ ထို့နောက် ကြက်သားကို ဆား၊ နံနွင်းမှုန့်(ဆနွင်း) ၊ငရုတ်သီး မညက်တစ်ညက်ထောင်းနှင့် ဆီအနည်းငယ်ထည့်ကာ အတူတူနယ်၍ လုံးပေးလိုက်ပါ။ ဟင်းရည်မှာ သောက်ဆမ်းလေးဖြစ်တာကြောင့် ဆီနှင့် ငရုတ်သီးကို လျှော့သုံးပါ။ စပါးလင်ချောင်းများကိုလဲ ဓားနောင့်ဖြစ် ထုပြားကာနယ်ထားပြီးသော ကြက်သားနှင့် အတူတူထည့်ချက်လိုက်ပါ။




၎။ အားလုံးအဆင်သင့်ဖြစ်ပြီးဆိုပါက ရေ သင့်တင့်ယုံထည့်ကာ အဖုံးအုပ်၍ တည်ထားလိုက်ပါ။





၅။ ကြက်သာဟင်းအိုး ပွက်ပွက်ဆူပြီး ကြက်သားများကျက်လာချိန်တွင် အဆင်သင့် တုံးထားသော ဗူးသီးကို ထည့်ပါလိုက်ပါ။ကာလသားဟင်းမှာ ဗူးသီးနုလျှင် အခွံမနွှာပါ။ မိမိစိတ်ကြိုက် ဗူးသီးအခွံနွှာလိုကလဲ နွှာနိုင်ပါသည်။



၆။ ဗူးသီးများ နူးလာလျှင် အဆင်သင့် စားသုံးနိုင်သည့် ကြက်သားဗူးသီး ကာလသားချက်လေးတစ်ခွက် ရရှိပါပြီရှင်။





.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Thursday, 26 September 2013

ကွတ်တီယို ချက်စားမယ်



ထိုင်းရိုးရာ အစားအစာ တစ်ခုဖြစ်တဲ့ ကွတ်တီယိုလေး ချက်စားဖြစ်တော့ မိတ်ဆွေ တစ်ယောက်က ချက်နည်းလေးသိပါရစေ ဆိုတာနဲ့ တင်ပေးလိုက်တာပါ။



ဆန်ပြားခေါက်ဆွဲကို ( Kway Teow၊ ကွေတယောင်) လို့ခေါ်ပြီး မြန်မာအခေါ်တော့ ကွတ်တီယို လို့ ခေါ်ဝေါ်သုံးစွဲ ထားပါတယ်။

ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သား ဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်သည့် ပစ္စည်းများ

၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်

၂။  ကြက်သွန်ဖြူ (၄) မွှာ

၃။ နံနံပင်အမြစ် အနည်းငယ်

၎။ ငရုတ်ကောင်းစေ့ အနည်းငယ်

၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း

၆။ ဆားအနည်းငယ်

၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)

၈။ မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)

၉။ ဆန်ပြားခေါက်ဆွဲ

၁၀။ ကန်စွန်းရွက် အနည်းငယ်

၁၀။ ပဲပင်ပေါက် အနည်းငယ်

၁၁။ CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)


ချက်ပြုတ်နည်း အဆင့်ဆင့်

၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။ ဝက်ရိုး(သို့) ကြက်ရိုးများ နူးအိလာပါက  အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။


၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။



၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး  ရေနွေးဖျောပေးလိုက်ပါ။



၎။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ ထည့်၍ ချက်ထားနိုင်ပါသည်။

၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။ ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။



၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။


အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



Monday, 23 September 2013

ကိုရီးယားပဲခေါက်ဆွဲ (Jajangmyeon)

ကိုရီးယားဇာတ်လမ်းတွဲတွေကြည့်ရင် ပဲခေါက်ဆွဲတွေ ပလုတ်ပလောင်း စားနေတာတွေ မြင်နေရတတ်တယ်။ သူတို့စားနေတာတွေကြည့်ပြီး ဇာတ်လမ်းတွဲကြည့်နေသူတွေကပါ ပါးစပ်တပြင်ပြင် ဖြစ်လာပါလေရော။ မေ့လို ခေါက်ဆွဲကြိုက်သူအဖို့တော့ ပြောစရာမရှိ.. သွားရည်လေးတောင် ကျချင်ချင်ပေါ့။ အဲ့တော့ သူတို့စားသလို မေလဲ စားချင်တဲ့ အချိန် စားရအောင် ပဲခေါက်ဆွဲလေးချက်ဖို့ ပြင်ဆင်ပါတော့တယ်။
မိတ်ဆွေများလဲ မေနဲ့ အတူတူချက်ရအောင်လို့ ပဲခေါင်ဆွဲချက်နည်းလေးကို ရှယ်ပေးလိုက်ပါတယ်ရှင်။


(၁) ခွက်ဟု သုံးထားသည့် နေရာတွင် ဟင်းချိုသောက် ပန်ကန်လုံး တစ်လုံး စသည်ဖြစ် တိုင်းတာ၍ ရပါသည်။ မိမိ၏ ပါဝင်ပစ္စည်းများ အချိုးအစားညီရန်သာ ဖြစ်သည်။ ပုံတွင်ပြထားသည့်အတိုင်း အတုံးလေးများ တုံးထားပြး ချိန်တွယ်ရပါမည်။

ပဲခေါက်ဆွဲချက်ရန် ပါဝင်သော ပစ္စည်းများ


၁။ ဝက်သား (သို့) ကြက်သား  (၁၅) ကျပ်သားခန့်
bacon (ဆားနယ်ထားသော ဝက်သား)ကို လဲ ထည့်သုံးနိုင်ပါသည်

၂။ အာလူး (၁) ခွက်

၃။ မုန်လာဥ (၁) ခွက်

၎။ ကြက်သွန်နီ (၁) ခွက်

၅။ ဗူးသီး (သို့) ဗူးသခွား (သို့)ကျောက် ဖယုံသီး (မိမိနှစ်သက်ရာတစ်မျိုး)  (၁)ခွက်

၆။ ပဲအမဲနှင့် ပြုလုပ်ထားသော ပဲပုတ် ( ကိုးရီးယားစာများရောင်းချသော ကောင်တာများတွင် ဝယ်ယူနိုင်ပါသည် ) ခွက်၏ (၃ ချိုး ၁ ချိုး)

၇။ အာလူးမှုန့် (သို့) ကော်မှုန့် (ခေါ်) ယိုးဒယားမယ် အကြော်မှုန့်  စားပွဲတင်ဇွန်း (၂) ဇွန်း

၈။ သကြား စားပွဲတင်ဇွန်း (၁)ဇွန်း

၉။ ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း

၁၀။ ခေါက်ဆွဲ

ချက်ပြုတ်ပုံ အဆင့်ဆင့်

၁။ အသားကို သေးငယ်သော အစိတ်အပိုင်းအဖြစ် လှီးထားပေးပါ။

၂။ အိုးထဲတွင် ဆီ (၂) ဇွန်း ထည့်ကာ အသားကို ကြော် ပေးရပါမည်။ ဝက်သားကိုသုံးလျှင် အဆီထွက်ကုန်သည်အထိ ကြော်ထားပေးရပါမည်။


၃။ ထို့နောက် ဝက်သားကို တစ်ခြမ်းထားကာ ကြက်သွန်ကို ထည့်၍ ကြော်ရပါမည်။


၎။ ကြက်သွန်ကို (၂) မိနစ်ခန့် ကြော်ပေးပြီး ပဲနှစ်ကို ထည့်ကာကြော်လိုက်ပါ။

၅။ ပဲနှစ်များ သင်းပျံ့သည့်ရနံ့ ရလာလျှင် အသင့်လှီးထားသော အာလူး၊ဗူးသီး၊မုန်လာဥတို့ကို ထည့်ကာ ကြော်ပေးလိုက်ပါ။


၆။ ထို့နောက် ရေ (၂) ခွက်မျှ လောင်းထည့်ကာ အဖုံအုပ်၍ ချက်ထားပေးလိုက်ပါ။

၇။ အာလူး၊ဗူးသီး၊မုန်လာဥတို့ နူးအိလာလျှင် အရည်များ ပစ်လာစေရန် အသင့်ပြင်ဆင်ထားသော ကော်မှုန့်နှင့်သကြားတစ်ဇွန်းတို့ကို ရေထည့်ဖျော်၍ ဟင်းအိုးထဲသို့ ဖြည်းဖြည်းခြင်း လောင်းထည့်ပေးလိုက်ပါ။
 ဟင်းအိုးဆူလာလျှင် စားသုံးရန် အသင့်ဖြစ်ပါပြီ။

၈။ အသင့်ပြင်ဆင်ထားသော ခေါက်ဆွဲပေါ်တွင် မိမိချက်ထားသော ဟင်းနှစ်များကို ရွှဲရွှဲလေးဆမ်းပေးယုံဖြစ် စားသုံးရန် အသင့်ဖြစ်ပါပြီရှင်။


ဩော်.. မေ့တော့မလို့..ပဲခေါက်ဆွဲကို သခွားသီးလေးတွေ ပါးပါးလှီးပြီး ထည့်စားလေ့ရှိပါတယ်။ နောက်ထပ် တစ်ခုက ထိုဟင်းနှစ်ကို ခေါက်ဆွဲဖတ်နှင့် မစားလိုပါက ထမင်းဖြူနှင့် တွဲ၍ စားသုံးနိုင်ပါတယ်ရှင်။

ဟောဒီက ပဲခေါက်ဆွဲ ပူပူလေး





.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်