Followers

Thursday 15 March 2012

ဆုံးရှုံးမှုနောက်က ကြေကွဲခြင်း

မတ်လ ၁၄ ရက်နေ့က ကြားခဲ့ရသည့် သတင်းတစ်ပုဒ်ကြောင့် မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ ထိခိုက်ကြေကွဲသွားခဲ့ရတယ်။
ဒေါသထွက်သူ ၊တောက်ခေါက်သူ၊ မျက်ရည်ကျ ငိုကြွေးခဲ့ကြရတယ်။
ဘာတဲ့ မြန်မာ နဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမှုမှာ မြန်မာက ရှုံးနိမ့်ခဲ့ပါတယ်တဲ့။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တောင်းဆို ထားတဲ့ ရေပိုင်နက်အကျယ် ၁၀၇ ၀၀၀ စတုရန်းကီလိုမီတာ ဖြစ်ပေမယ့် ဒီကနေ့ ဆုံးဖြတ်ချက်အရ ၁၁၁ ၀၀၀ စတုရန်းကီလိုမီတာ ထိ ရရှိသွားခဲ့ပါတယ်။ အဓိက အငြင်းပွားနေတဲ့ စိန့်မာတင် ကျွန်းပတ်လည် ရေမိုင် ၂၀၀ ပတ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်အဖြစ် ဒီကနေ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းကိုကြားလိုက်ရတော့ ဆုံးရှုံးမှုတစ်ခုနဲ့ ရင်ထဲမှာ လစ်ဟာသွားပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ပါတယ်။
ဒါဟာ မေတို့ ပိုင်တဲ့ ရပ်ဝန်းလေးတစ်ခု တိုင်းတပါးလက်ထဲ ထိုးကျွေးလိုက်ရတာပါ။ လူသားတွေဟာ ကိုယ်ပိုင်ပစ္စည်းတွေဆို အပ်တိုတစ်ချောင်းဆုံးရှုံမှုကိုတောင် နှမျှောတတ်ကြတာ လူသားသဘာဝပါ။
ခုတော့ မေတို့ မြန်မာတစ်မျိုးသားလုံးက ပိုင်တဲ့ ဒီပိုက်နက်ကြီးတစ်ခု ဆုံးရှုံးသွားခဲ့ရတာလေ။
မေတို့ မြန်မာတွေ စည်းရုံးမှုပျောက်ခဲ့ကြလို့ အဖဲ့ခံရတာပါ။ ဒီလိုအခြေအနေသာဆို နောက်ထပ်နောက်ထပ်လဲ အဖဲ့ခံနေရမှာပါပဲ။
မေ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ ဒီကိစ္စကို နိုင်ငံရေးထဲ ဆွဲထည့်ပြီး မေ ပြောတာမဟုတ်သလို ဝေဖန်အကြံပြုတဲ့ သူတွေကလဲ နှစ်ဦးနှစ်ဖက် နိုင်ငံရေး အမြင်တွေနဲ့ ဝေဖန်မှုတွေ ဆင်ခြင်ပေးကြပါလို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ စည်းလုံးမှုလျော့နည်းခြင်းရဲ့ ပြယုဂ်တစ်ခုရဲ့ တန်ဖိုးကို ပြချင်တဲ့ မေ့ရဲ့ စိတ်ဆန္ဒတစ်ခုထဲပါ။
ဒီရေပိုင်နက်အငြင်းပွားမှုကို မေတို့ မြန်မာပြည်သူတွေ သိခွင့်မရှိခဲ့ရဘူး..။ အွန်လိုင်းထဲမှာတွေ့မိလို့ သိလိုက်ရတဲ့ အချိန်က စီရင်ချက်တောင် ချတော့မှာပါတဲ့။ ပြီးခဲ့တဲ့ လကမှ တွေ့တာလေ။
စစ်အာဏာပိုင်တွေ ချောင်းဟန့်ရင်တောင် အသံကြားပြီး ပြည်သူတွေကို အော်အောင်လုပ်တဲ့ သတင်းဌာနတွေကလဲ ဒီကိစ္စကို မသိတာလား လျစ်လျူရှု့ကြတာလား မသေချာ။
ဒေါ်စု လေလည်ရင်တောင် အသံဖမ်းပြီး ပြည်သူတွေထံချပြတဲ့ သတင်းဌာနတွေလဲ ဒီအမှုကိစ္စကိုတော့ အသံတိတ်လို့။
မြန်မာနိုင်ငံတွင်းက အိမ်တွင်း မီးဖိုချောင်မှာ ဇွန်းနှစ်ချောင်း ရိုက်မိရင်တောင် နိုင်ငံတကာ ဖော်ပြချင်တဲ့ ပြည်ပသတင်းဌာနက သူတွေကလဲ ဒီကိစ္စကိုတော့ ကန့်လန့်ကာချ မီးပိတ်ထားခဲ့လေတော့ မြန်မာပြည်သူ တစ်ရပ်လုံးက အမှောင်ထဲမှာ ဘာဆိုဘာမှ သိခွင့်မရှိခဲ့ကြ။
သူနိုင်ငါနိုင် အနိုင်ရရေး မဲလုနေကြတဲ့ သူတွေကို စည်းလုံးမှုတွေ ပြိုကွဲအောင်မြောက်ပင့်ပြီး ကိုယ့်နိုင်ငံကို တစ်ဖဲချင်း ဖဲ့ချင်ကြတာကိုရော သတိပြုမိကြရဲ့လား။
မေတို့မမှီခဲ့ကြတဲ့ ခေတ်တစ်ခေတ်ရဲ့ သမိုင်းမှာ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရပြီး ဆိုတဲ့ အကြောင်းကို ပြဌာန်းစာအုပ်တွေထဲထည့်လို့ ကိုယ်မသိခဲ့ရတဲ့ ခေတ်တစ်ခေတ်အကြောင်း သိခဲ့ရ၊ ရင်နာခဲ့ရ၊ ဝမ်းနည်းခဲ့ရဖူးတယ်။
ခု မေတို့ လက်ရှိ လှုပ်ရှားသွားလာခဲ့တဲ့ ယနေ့ခေတ်အချိန်မှာလဲ မြန်မာတွေ စည်းလုံးမှုပျက်လို့ပိုင်နက်တစ်စိပ် ထိုးကျွေးလိုက်ရပြီ။
ငယ်စဉ်က သင်ခဲ့ရတဲ့ ထင်းစည်ပမာပြု အဘိုးအိုရဲ့ ပုံပြင်ထဲကအတိုင်း ပြည်တွင်းမှာ စည်းလုံးမှုတွေပြိုကွဲလို့ တစ်စချင်းအဖဲ့ခံနေရပြီ။
ခုချိန်မှာ သူ့လူ ၊ငါ့လူ အော်ဟစ်ပြီး သံကောင်းဟစ်ရမဲ့ အချိန်တစ်ခု မဟုတ်ပါဘူး။ အချင်းချင်း စည်းရုံးပြီး တစ်ယောက်လက်တစ်ယောက်တွဲလို့ ပြည်ပရန်ကို တူတူတိုက်ရမဲ့ အချိန်ပါ။
မြန်မာပြည်သူပြည်သားတွေ သွေးရဲပါတယ်။ အရေးကြုံရင် တိုက်ရဲ ခိုက်ရဲပါတယ်။ ဒါပေမဲ့ ဒီသတ္တိတွေဟာ ပြည်တွင်းမှာ အချင်းချင်း ပြန်တိုက်ခိုက်နေဖို့ မဟုတ်ပါဘူး။ ပြည်ပရန်ကာကွယ်ဖို့ကို သုံးကြပါ။

ကိုလိုနီလက်အောက်ကျရောက်ခဲ့လို့ သမိုင်းမှာ တွင်ကျန်ခဲ့တဲ့ အဖြစ်အပျက်တွေ မေတို့သိခဲ့ကြရတယ်။  မေတို့လူမျိုးတွေ ခု ကိုယ်ရှင်သန်ရာ ခေတ်တစ်ခေတ်မှာ တိုင်းတစ်ပါးကို ဆုံးရှုံးမှုတစ်ခု နောင်လာနောင်သားတွေအတွက် ဖန်တီးပေးခဲ့ကြပြီ။
သမိုင်းစာမျက်နှာမှာ ပြဌာန်းလာမဲ့ ဆုံးရှုံးမှုတစ်ခုကို ဝေဖန်အပြစ်တင်မဲ့ နောင်လာနောက်သားတွေရဲ့ အပြစ်တင်သံတွေကို ကာကွယ်နိုင်စွမ်းမရှိခဲ့ဘူး။
နောင်လာနောက်သားတွေအတွက် ဒီပိုင်နက်က ထွက်တဲ့ သယံဇာတတွေကိုလဲ လက်လွတ်လိုက်ရပြီ။ ဒီရေပိုင်နက် ဆုံးရှုံးတာ ငါတို့ အိတ်ထဲက ပစ္စည်းတွေ ဆုံးရှုံးတာမှ မဟုတ်တာပဲ အနေသာကြီးပဲလို့ မတွေးလိုက်ပါနဲ့။ ငါ့အိတ်ထဲကိုပဲ ဝင်သလောက်ထည့်မယ်။ကျန်တာ ဘာဖြစ်ဖြစ် ဆိုတဲ့ အတွေးမျိုးထားပြီး နောင်အနာဂတ်မှာ မိမိသမိုင်း မိမိကိုယ်တိုင် အိုးမဲမသုတ်မိပါစေနဲ့။

ဒီနေရာလေးဟာ မြန်မာပြည်သူ/သားတိုင်းရဲ့ ပိုင်ဆိုင်မှုပါ။ အလှူအတန်းရက်ရောတဲ့ မေတို့ မြန်မာလူမျိုးတွေ တစ်ချို့က အလှူလို့ သဘောထားလိုက်ပါလို့ တွေးပြီး ဖြေသိမ့်ကြလိမ့်မယ်။ ဒါဟာ အလှူမဟုတ်ဘူး။။ တရားရင်ဆိုင်ပြီး ပေးလိုက်ရတဲ့ ပိုင်ဆိုင်မှုပါ။
မေတို့ပေးလိုက်ရတာ ပိုင်ဆိုင်မှုတစ်ခုထဲလဲ မဟုတ်ခဲ့ပါဘူး။မေတို့ လူမျိုးတွေရဲ့ မာနနဲ့ သိက္ခာ၊စည်းလုံးမှုအင်အားတွေပါ ပါဝင်ခဲ့ပါတယ်။
ဒီလိုသာ လုပ်လို့ရမှန်းသိသွားခဲ့ရင် တောကြောင်လို အလစ်ချောင်းနေတဲ့ တရုတ်၊အိန္ဒယ၊ထိုင်း သူတို့လဲ ရသလောက် ဖဲ့ယူချင်လာကြမှာပဲ။
ဘင်္ဂလားပြည်သူတွေ ပျော်ရွှင်လို့ အော်ဟစ်နေချိန်မှာ မြန်မာပြည်သူတွေ ဝမ်းနည်းမျက်ရည်ကျနေသူတွေက တစ်ချို့ ၊ခုချိန်ထိဒီပြဿနာမျိုးရှိနေတယ်ပါလားဆိုတာ မသိသေးတဲ့ အမှောင်ထဲက  ပြည်သူတွေ ဒုနဲ့ဒေး........။
ဖြစ်သွားခဲ့သမျှတွေ သင်္ခန်းစာယူပြီ စည်းလုံးကြပါစို့ ။ တစ်ဖက်က အင်အားနည်းဖိချိန်မှာ ကိုယ့်ဘက်က မလောက်မငှ လူလေးအနည်းငယ်လောက်သာ ရှေ့ထွက်ပြခဲ့ရတဲ့ အဖြစ်။
မေ စာရေးတာ အစီစဉ်တွေကျချင်မှ ကျလိမ့်မယ်။ရင်ထဲမှာ ပြောချင်တာတွေလဲ အများကြီး။မေ့ရင်ထဲမှာ ဆို့နစ်နေတယ်။
တွေးမိတိုင်း မျက်ရည်ကျနေတယ်ဆိုရင် စာဖတ်သူတွေ ယုံချင်မှ ယုံလိမ့်မယ်။
ဒီစာကို မေ မျက်ရည်တွေနဲ့ ရေးနေတာပါ။
တိုင်းပြည်ချစ်သူတိုင်း မေနဲ့ ထပ်တူ ခံစားနေကြရလိမ့်မယ်လို့ မေ ယုံကြည်ပါတယ်။ မေ ရေးချမယ်လို့ တွေးလိုက်တုန်းကတော့ စကားလုံးတွေက အများကြီးပါ။ ပေါက်ကွဲသံတွေနဲ့ ကြမ်းတမ်းနေခဲ့ပေမဲ့ စာမျက်နှာပြင်ပေါ်မှာတော့ မရေးချရက်ပြန်ဘူး။
မေ့ခံစားချက်တွေကို နားလည်ပေးကြလိမ့်မယ်လို့ ထင်ပါတယ်။
မေတို့တွေ အချင်းချင်း စည်းလုံးကြရအောင်နော်။




*~*~*~*~*~*~*မေသဇင်~*~*~*~*~*~*

1 comment:

  1. ရင်ထဲကစကားတွေနဲ့ ရေးပေးတဲ့အတွက် လေးလေးစားစားကျေးဇူးတင်မိပါတယ်အစ်မ.. ။

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်